Thursday, September 12, 2013

အမှတ်တရမွေးနေ့ပွဲလေး ပိုင်ဆိုင်ခဲ့ရသည့် ၄ နှစ်သား ကင်ဆာဝေဒနာရှင်လေး

Posted by drmyochit Thursday, September 12, 2013, under | No comments


ဟင်နရီ ဟာလမ်သည် ကလေးဘဝ ကတည်းက Neuroblastoma အမည်ရှိ အာရုံကြောစနစ်တွင် ဖြစ်ပွားသော ကင်ဆာဝေဒနာ တစ်ရပ်ကို ကြုံနေရရှာသည်။

ပြင်းထန်သော ကင်ဆာရောဂါကို ခံစားနေရရှာသည့် ကလေးငယ် တစ်ဦးအတွက် မိဘနှစ်ပါးက ဘဝတွင် အမှတ်ရစရာ မွေးနေ့လေး တစ်ခုကို စိတ်ကူး ဖန်တီးပေးခဲ့ကြောင်း သိရှိရသည်။ ဟင်နရီ ဟာလမ်သည် ကလေးဘဝ ကတည်းက Neuroblastoma အမည်ရှိ အာရုံကြောစနစ်တွင် ဖြစ်ပွားသော ကင်ဆာဝေဒနာ တစ်ရပ်ကို ကြုံနေရရှာသည်။ ဗြိတိန်နိုင်ငံ၊ ပလိုင်းမောက်သ်တွင် နေထိုင်သော ကလေးငယ်၏ မိဘနှစ်ပါးဖြစ်သည့် မိုက်ခ်နှင့် အဲလ်ဘတ်သ်တို့သည် ဟင်နရီလေး၏ (၄)နှစ်ပြည့် မွေးနေ့တွင် ပျော်စရာ အစီအစဉ်လေး တစ်ခုကို ပြုလုပ်ပေးနိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦးက ဟင်နရီအတွက် ကမ္ဘာ့စံချိန်တင် မွေးနေ့လက်ဆောင် ကတ်အရေအတွက် ရရှိစေလိုကြောင်း အင်တာနက်မှတစ်ဆင့် ပန်ကြားခဲ့ပြီးနောက် ချစ်စရာ ရုပ်ပုံလေးများ၊ ပန်းပွင့်လေးများနှင့် အလှဆင်ထားသည့် မွေးနေ့လက်ဆောင် ကတ်လေး (၇၀၀)ကျော်မျှ ဟင်နရီ့ထံ ရောက်ရှိလာခဲ့သည်။

အဆိုပါ ကတ်ကလေးများကို ဖင်လန်၊ ဒူဘိုင်း၊ ဟောင်ကောင်၊ နယူးဇီလန်၊ ဩစတြေးလျ အစရှိသည့် ကမ္ဘာ့နိုင်ငံ အများအပြားမှ ပေးပို့လာကာ ဟင်နရီအတွက် ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။ ဟင်နရီလေးသည် ပြီးခဲ့သည့် တစ်နှစ်လုံးကို ဘရစ္စတို တော်ဝင် ကလေးဆေးရုံကြီးတွင် တက်ရောက် နေထိုင်ခဲ့ရရှာသည်။ ယခုအချိန်တွင် မိုက်ခ်နှင့် အဲလ်ဘတ်သ်တို့၏ အဓိက မျှော်လင့်ချက်မှာ ဟင်နရီလေးကို အမေရိကန်သို့ ခေါ်ဆောင်သွားပြီး ဆေးဝါးကုသနိုင်ရန် ဖြစ်သည်။ ဟင်နရီလေးသည် ရောက်ရှိလာသည့် မွေးနေ့ကတ်ပြားလေးများပေါ် ရေးထားသည့် စာများကို လုံးစေ့ပတ်စေ့ နားမလည်သော်လည်း ပျော်ရွှင်နေခဲ့ကြောင်း သိရသည်။

Hugs for Henry အမည်ရှိ အင်တာနက် လှုပ်ရှား ဆော်ဩမှုကို မိဘနှစ်ပါးက စီစဉ်ခဲ့ပြီးနောက် ဟင်နရီ့အကြောင်း ဖတ်ရှုသိရှိလာသူများက ကလေးငယ်အတွက် မွေးနေ့ကတ်လေးများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဟင်နရီအတွက် ကမ္ဘာအရပ်ရပ်မှ သူစိမ်းများက မွေးနေ့ကတ်လေးပေါင်း (၇၃၇)ခုကို အမှတ်တရ လက်ဆောင်ပို့ပေးခဲ့ကြသည်။ ဟင်နရီသည် အထူးဂရုစိုက် ကြပ်မတ်၍ ကုသမှုမျိုးကို ခံယူနေရဆဲဖြစ်ရာ ဆေးရုံမှ ဆင်းနိုင်ခြင်း မရှိသေးပေ။ ၎င်း၏ မွေးနေ့ဖြစ်သည့် ဩဂုတ်လ (၃၀)ရက်နေ့ ကတည်းက လက်ဆောင်ကတ်လေးများကို ဖွင့်ဖတ်ရန် စိတ်ကူးယဉ်ခဲ့သော်လည်း ထိုစဉ်က အရေးပေါ် စောင့်ရှောက်ကုမှု ခံယူနေရခြင်းကြောင့် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ သို့သော်လည်း စက်တင်ဘာလ (၆)ရက်နေ့တွင် ဟင်နရီ အနေဖြင့် ကတ်ကလေးများကို ကိုယ်တိုင်စတင် ဖွင့်ကြည့်ခဲ့ပြီး မိသားစုကလည်း ကူညီပေးခဲ့သည်။ (၂)ရက်ကြာမြင့်ချိန်တွင် ဟင်နရီ၊ မိုက်ခ်၊ အဲလ်ဘတ်သ်တို့နှင့် (၉)လသမီးလေး ဂျော်ဂျီယာနာတို့ မိသားစုလေးသည် မွေးနေ့ကတ် အားလုံးကို ဖောက်ကြည့်ပြီး ဖြစ်လာသည်။

ထိုနေ့ နောက်ပိုင်းမှ ရောက်ရှိလာသော မွေးနေ့ကတ်များ ရှိနေသေးသော်လည်း ယင်းတို့ အားလုံးကို မရေတွက်ရသေးဟု ကလေး၏ မိခင်ဖြစ်သူ အဲလ်ဘတ်သ်က ဆိုသည်။ ယခုအခါ မိဘနှစ်ပါးသည် သားငယ်အတွက် အမှတ်တရအဖြစ် ကမ္ဘာပေါ်တွင် သူစိမ်းများထံမှ မွေးနေ့လက်ဆောင်ကတ် အများဆုံး ပေးပို့ခြင်း ခံရသူဆိုသော စံချိန်တစ်ရပ် ဖန်တီးပေးပါရန် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့ထံ စာရေးသား ပန်ကြားထားသည်။

"ကျွန်မတို့ သားလေးအတွက် ခုလို ထောက်ခံ အားပေးမှုတွေ ရှိလာတာကို ကျွန်မရော၊ မိုက်ခ်ပါ အရမ်း ထိခိုက် ခံစားခဲ့ရပါတယ်။ နိုင်ငံတွေ အများကြီးက မွေးနေ့ကတ်လေးတွေ ရောက်လာတယ်။ ဟောင်ကောင်၊ နယူးဇီလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ တက်စ်မေးနီးယား အများကြီးပဲ။ ရှင်တို့ နိုင်ငံနာမည် တစ်ခုခုပြောရင် အဲဒီကလည်း ပေးပို့လိုက်တဲ့ လက်ဆောင်ကတ်လေး ရှိနေမယ် ထင်တယ်"ဟု အရေးပေါ်လူနာများအတွက် တာဝန်ယူရသည့် သူနာပြု တစ်ဦးဖြစ်သူ အဲလ်ဘတ်သ်က ဖွင့်ဟခဲ့သည်။

သူမက "သားလေးရဲ့ မွေးနေ့က ဩဂုတ်လကုန်မှာ ပြီးသွားတာပါ။ ဒါပေမဲ့ နောက်ထပ် ကတ်လေးတွေ ရောက်နေတုန်းပဲ။ နောက်ထပ် လပိုင်းလောက်ထိ လက်ဆောင်ကတ်လေးတွေ ရောက်လာမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒီအခြေအနေကို ကမ္ဘာ့စံချိန် တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ရင် သိပ်ကောင်းမှာပါ။ တစ်နှစ်လုံး ကင်ဆာကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေရတဲ့ ကျွန်မတို့ သားလေးအတွက် အမှတ်တရ တစ်ခုခု ဖြစ်စေမှာပါ"ဟုလည်း ဆိုသည်။ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် မိုက်ခ်က "ဒီလောက် မွေးနေ့ကတ်တွေ အများကြီးကို မြင်ရတာ မယုံနိုင်စရာပဲ။ ဟင်နရီလေးကို မွေးနေ့ကတ်တွေ ဝန်းရံနေတာ မြင်ရတာ ပြောမပြနိုင်တဲ့ ခံစားချက်မျိုး ဖြစ်မိပါတယ်။ အသစ်ရောက်လာတဲ့ ကတ်လေးတွေကိုလည်း တစ်စောင်ချင်း အချိန်ယူပြီး သားလေးကို ဖတ်ပြနေမှာပါ"ဟု ပြောကြားသွားသည်။

Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်