Thursday, September 05, 2013

အမေရိကန်မှ မုဒိမ်းပြန်ပေးသမား မိမိကိုယ်ကိုယ် အဆုံးစီရင်သွား

Posted by drmyochit Thursday, September 05, 2013, under | No comments



အမျိုးသမီး ၃ ဦးကို နှစ်ပေါင်းများစွာ ချုပ်နှောင်ပြီး စော်ကား အနိုင်ကျင့်မှုဖြင့် ထောင်ကျခဲ့သည့် နာမည်ကျော် အိုဟိုင်အို ပြန်ပေးသမား အေရီရယ်လ် ကက်စ်ထရိုသည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားပြီ ဖြစ်သည်။ အသက်(၅၃)နှစ်ရှိ အေရီရယ်လ်သည် နေအိမ်အောက်ခြေ မြေတိုက်ခန်းထဲတွင် အမျိုးသမီး (၃)ဦးကို ဖမ်းဆီးကာ ဆယ်စုနှစ် တစ်ခုကြာမျှ ချုပ်နှောင်ထားခဲ့သူ ဖြစ်သည်။ အဆိုပါ ပြစ်မှုကို ကျူးလွန်ကြောင်း သက်သေအထောက်အထား ထင်ရှားခိုင်မာလာသည့်နောက် တရားရုံးက ၎င်းကို လျှော့ရက်မရှိ ထောင်ဒဏ်တစ်သက်နှင့် နောက်ထပ် နှစ်ပေါင်း(၁၀၀၀) ထောင်ဒဏ်ကျခံရန်ပါ အမိန့်ချမှတ်ခဲ့သည်။ မေလက အိုဟိုင်အိုရှိ ကလီဗာလန်း နေအိမ်အောက်မှ အမျိုးသမီး (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် အေရီရယ်လ်ကို စွဲချက်တင်နိုင်ခဲ့ပြီး ဩဂုတ်လဆန်းက ပြင်းထန်သော စီရင်ချက်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်က သားကောင် ဖြစ်ခဲ့ရှာသူ အမျိုးသမီး (၃)ဦးကို သံကြိုးများဖြင့် တုပ်နှောင်ထားပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည့် ရာဇဝတ်သားသည် အကျဉ်းခန်းထဲတွင် ဆွဲကြိုးချလျှက် သေကြောင်းကြံခဲ့ခြင်း ဖြစ်သည်။ အင်္ဂါနေ့ ညပိုင်းက ၎င်းကို တာဝန်ရှိသူများက တွေ့ရှိပြီးနောက် ဆေးရုံသို့ အလျင်အမြန် တင်ပို့သော်လည်း အသက်မမီခဲ့ချေ။ ကျောင်းကား ယာဉ်မောင်းအဖြစ် အလုပ်လုပ်ခဲ့ဖူးသူ အေရီရယ်လ်သည် (၂၀၀၂)ခုနှစ်မှ (၂၀၀၄)ခုနှစ်အတွင်း မစ်ချယ်လ်နိုက်၊ အမန်ဒါဘယ်ရီနှင့် ဂျီနာဒီဂျီးဆက်စ်တို့ကို ဖမ်းဆီးကာ ချုပ်နှောင်ထားခြင်း ဖြစ်သည်။ အမျိုးသမီး (၃)ဦးတွင် မစ်ချယ်လ်သည် အသက်(၃၂)နှစ်၊ အမန်ဒါသည် အသက်(၂၇)နှစ်နှင့် ဂျီနာသည် အသက်(၂၃)နှစ် အသီးသီး ရှိနေပြီဟု သိရသည်။ ယင်းတို့အနက် တစ်ဦးသည် အေရီရယ်လ်နှင့်ရသည့် သမီးလေး တစ်ဦးပင် ရှိနေပြီ ဖြစ်သည်။


အေရီရယ်လ်၏ အမှုပေါ်ပေါက်ခဲ့ပြီးနောက် ၎င်းနေထိုင်ခဲ့သည့် အိမ်ကိုလည်း ဖြိုချ ဖျက်ဆီးပစ်ခဲ့သည်။ အိုဟိုင်အို ပြန်လည်ထူထောင်ရေးနှင့် ဘဝလမ်းကြောင်း တည့်မတ်ရေး ဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျိုရဲလ်စမစ်သ်က "တရားခံကို လုံခြုံရေး အပြည့်ချထားတဲ့ အချုပ်ဆောင် တစ်ခုက သီးသန့်ခန်းမှာ ထားထားတာပါ။ နာရီဝက်တစ်ခါ အကျဉ်းထောင်ထဲမှာ လှည့်လည်စောင့်ကြည့်ပါတယ်။ အကျဉ်းသားကို ဆွဲကြိုးချလျှက်သား တွေ့ရတော့ အကျဉ်းထောင် ဆရာဝန်တွေက ရှေးဦး အသက်ကယ် နည်းလမ်းတွေနဲ့ အားထုတ်ခဲ့ကြပါတယ်။ သူ့ကို ထောင်ဆေးရုံဆီ ချက်ချင်း ပို့ခဲ့ပေမယ့် ညပိုင်းမှာတော့ သေဆုံးကြောင်း အတည်ပြုချက် ရခဲ့ပါတယ်"ဟု ပြောကြားသွားသည်။ လက်ရှိတွင် အကျဉ်းထောင်သည် ဖြစ်စဉ်ကို ပြန်လည် စုံစမ်းနေဆဲဟု သိရသည်။

အေရီရယ်လ်ကို စက်ဆုပ်ရွံမုန်းဖွယ်ရာ နာမည်ဆိုး ထွက်ခဲ့သည့် ၎င်း၏ ပြစ်မှုကြောင့် သီးခြား အကာအကွယ်နှင့် အချုပ်ခန်းတွင် ထားရှိရသည်။ ၎င်းဖမ်းဆီးခဲ့သူ အမျိုးသမီးများ ပျောက်ဆုံးခဲ့ချိန်တွင် ဂျီနာက အသက်(၁၄)နှစ်၊ အမန်ဒါက အသက်(၁၆)နှစ်နှင့် မစ်ချယ်လ်က အသက်(၂၁)နှစ်စီသာ အသီးသီး ရှိခဲ့သေးသည်။ အေရီရယ်လ်က တရားရုံး စစ်ဆေးမှုတွင် မိမိသည် လိင်မှုဆိုင်ရာ စွဲလန်းသူ တစ်ဦးသာဖြစ်ပြီး အကြမ်းဖက်သမား တစ်ဦးမဟုတ်ဟု ပြောကြားခဲ့ဖူးသည်။ ၎င်းက "ကျွန်တော်က ကြမ်းတမ်း ခက်ထန်တဲ့ ဖျက်ဆီးရေးသမား မဟုတ်ဘူး။ ကျွန်တော်က သတ္တဝါဆိုးကြီး မဟုတ်ဘူး။ ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ အမှားက စွဲလန်းမှု တစ်ခု ရှိခဲ့တာပါပဲ။ အရက်စွဲသလို စွဲလန်းမှုမျိုးပါ"ဟု တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်