Thursday, September 05, 2013

သာမန်အမျိုးသမီးများ HIV ပိုး ကူးစက်မှုနှုန်းမြင့်တက်

Posted by drmyochit Thursday, September 05, 2013, under | No comments


မြန်မာနိုင်ငံအတွင်းရှိ သာမန်အမျိုးသမီးများနှင့် အိမ်ထောင်ရှင်မများ ကြားထဲတွင် HIV ပိုးကူးစက်မှု နှုန်းသည့် မြင့်တက်လျက်ရှိ ကြောင်းကို သြဂုတ် ၃၀ ရက် Central Hotel ၌ ပြုလုပ်သော HIV  ပိုးဖြင့် ရှင်သန် ရပ်တည်နေကြသော အမျိုးသမီးများ၏ တွေ့ဆုံပွဲ အခမ်းအနားတွင် MPWN (Myanmar Positive Women Network) ၏ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

HIV/AIDS ရောဂါသည် လိင်လုပ်သား (sex worker) နှင့် မူးယစ်ဆေး သုံးစွဲသူ (drugs user) များတွင်သာ အဖြစ်များသည်ဟု လူအများက သိရှိသော်လည်း သာမန် အမျိုးသမီးများတွင် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိကြောင်း သာမန် အမျိုးသမီးများသည် များသောအားဖြင့် ၄င်းတို့၏ အိမ်ထောင်ဖက် ခင်ပွန်းထံမှ ကူးစက်ကြကြောင်း၊ အချို့ အမျိုးသမီးငယ်များသည် ၄င်းတို့၏ လက်တွဲဖော်မှ ကူးစက်ကြကြောင်း တို့ကို ၄င်းကပြောသည်။

““လူတွေက sexworker, drugs user တွေကပဲ ဖြစ်တာ သာမန် အမျိုးသမီးထုထဲမှာသိပ်ပြီး မကူးစက်ဘူးလို့ ထင်တယ်လေ။ သာမန် အမျိုးသမီးထဲမှာလည်း ကူးစက်မှုနှုန်းက တစ်စတစ်စ တိုးလာတယ်။ အဲဒါကလည်း sex ကြောင့်ပေါ့”” ဟု ၄င်းက ထပ်မံပြော ကြားသည်။

အိမ်ထောင်ရှင်မများသည် ခင်ပွန်းမှ HIV ပိုး ကူးစက်ခံရပြီး မိခင်မှတစ်ဆင့် သန္ဓေသားသို့ ကူးစက်နိုင်ကြောင်း၊ မသန့်ရှင်းသော သွေးအသုံးအဆောင် ပစ္စည်းများမှ ကူးစက်လွယ်ကြောင်း၊  HIV ပိုးရှိသော ကလေးငယ်သည် သာမန် ရောဂါပိုး မရှိသော ကလေးများနှင့် ခွဲခြား ဆက်ဆံခံရခြင်းများ ရှိသေးကြောင်း၊ ကလေးငယ်သာမက ရောဂါပိုးရှိသူတိုင်း ခွဲခြားမှုဆက်ဆံ ခံရမှု ရှိကြောင်း၊ HIV/AIDS နှင့် ပတ်သက်၍ လူထုထဲ၌ ကျယ်ပြန့်စွာ သိသော်လည်း ရောဂါကူးစက်မှု ပုံစံ သေချာစွာ မသိရှိ သောကြောင့် ခွဲခြားဆက်ဆံမှု ဖြစ်ပေါ်ကြောင်း၊ ရောဂါ ဖြစ်ပွားသူအနေနှင့် ရုပ်ပိုင်းဆိုင်ရာ အတွက် ART ဆေးကို ပုံမှန် သောက်၍ စိတ်ပိုင်းဆိုင်ရာ တိုးတက်ရန် တည်ကြည်မှုရှိရန် ကိုယ်တိုင် တည်ဆောက် သင့်ကြောင်းကို NLD အမျိုးသား ကျန်းမာရေး ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

“တကယ်တော့ အိမ်ထောင်ရှင်မမှာ ဘာအပြစ်မှ မရှိဘူး။ သူ့ရဲ့ ခင်ပွန်းက အလုပ်အကိုင်၊ အပျော်အပါးကြောင့် အမျိုးသမီးမှာ ရောဂါကူးတယ်။ အမျိုးသမီးကနေ သန္ဓေသားထိ ကူးတယ်။ လူတွေက ရောဂါရှိတဲ့ သူတွေကို ရှောင်လာတယ်။ ဘယ်လောက်ပဲ ပညာပေးပေး ဘာလို့လဲဆိုရင် သူတို့က ကူးစက်ပုံကို သေချာ နားမလည်တာပါ”ဟု ၄င်းက ထပ်မံ ပြောကြားသည်။

HIV/AIDS ရောဂါသည် ပုံမှန်အားဖြင့် အတူနေထိုင် စားသောက်ခြင်း၊ ရေအိမ်အတူသုံးခြင်း၊ သာမန် အ၀တ်အထည် အတူ ၀တ်ခြင်းဖြင့် ကူးစက်ခြင်း မရှိပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ယခုနှစ် မြန်မာနိုင်ငံ၏ ရောဂါ ကူးစက်မှု နှုန်းမှာ နှစ်သိန်းကျော်ခန့် ရှိသည်။

Myanmartandawsint Newspaper

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်