Saturday, September 21, 2013

အရက်တားမြစ်ထားသော နိုင်ငံမှ သူရာကျေးကျွန်များ – ကျော်မင်း

Posted by drmyochit Saturday, September 21, 2013, under | No comments



“ ကံဆိုးတာ တစ်ခုက . . . ပါကစ္စတန်မှာ အရက်သောက် တာဟာ အပန်းဖြေဖို့ အတွက် မဟုတ်ကြဘူး  . . .

တကယ့် လက်တွေ့ ဘ၀ထဲက ထွက်ပြေး လွတ်မြောက် ဖို့နဲ့ စိတ်ဖြေရာ ရှာဖို့ အတွက်ပဲ . . .

ဒီတော့ အရက်ကို ပုလင်းထဲမှာ တစ်စက်မှ မကျန်တဲ့ အထိ သောက်ကြတော့ တာပေါ့  ’’ . . .

ပါကစ္စတန် နိုင်ငံသည် မွတ်ဆလင် အများစု နေထိုင်ရာ နိုင်ငံ ဖြစ်သည့် အတွက် အရက် သောက်သုံး မှုမှာ တရား ဥပဒေနှင့် မညီပေ။ သို့သော် ယင်းကဲ့သို့သော နိုင်ငံမျိုး ၌ပင် အရက်စွဲမှု ပြဿနာမှာ တစ်စ ထက်တစ်စ ပိုမို ကြီးထွား နေသည်။ လူမှု ဘ၀များ ပျက်စီးပြီး ကျန်းမာရေး ဆိုင်ရာ အဖွဲ့အစည်း များကလည်း အဆိုပါ ယမကာ စွဲလမ်းမှု ပြဿနာကို ဖြေရှင်း နိုင်ရန် ကြိုးပမ်း အားထုတ် နေရသည်။

ပါကစ္စတန် မြို့ကြီး တစ်မြို့၏ အစွန်အဖျားရှိ လူနေ တိုက်ခန်းတွဲ တစ်ခု၏ အပေါ်ထပ်မှ သန်းခေါင် သန်းလွဲ အချိန်တွင် ကခုန် မြူးထူး ချင်စရာ အက တီးလုံးများ တဖြည်းဖြည်း ထွက်ပေါ် လာနေသည်။ တိုက်ခန်း၏ အတွင်း ဘက်တွင်မူ ဂီတသံမှာ ကခုန်ရာ ကြမ်းပြင် တစ်လျှောက် စိတ်တက်ကြွဖွယ် လှုပ်ခါ နေစေသည်။ အဆိုပါ နေရာ၌ ယမကာ အမျိုးမျိုး ရောင်းချ ပေးပြီး ကော့တေး အရက် ဖျော်စပ် ပေးသော အရက်ဘား တစ်ခု ရှိသည်။ တဖျပ်ဖျပ် လက်နေသော မီးရောင် အောက်တွင် ဒါဇင်နှင့် ချီသော လူများ ရယ်မောရင်း၊ ကခုန်ရင်း၊ သောက်စား ပျော်ပါးရင်း ရှိနေ ကြသည်။

အဆိုပါ ပါတီသည် ယခုအခါ၌ ပါကစ္စတန် နိုင်ငံ မြို့ကြီး များ၌ အမြဲ လိုလို တွေ့ရလေ့ ရှိသော ပါတီများ အနက် တစ်ခု ဖြစ်သော်လည်း သိုသို သိပ်သိပ်သာ လုပ်လေ့ ရှိသည်။ပါတီပွဲ အတွက် အဖျော် ယမကာ များကို အရက်ပုန်း ထုတ်လုပ် ရောင်းဝယ် သူများ ထဲမှ တရား မ၀င်သော နည်းလမ်း အားဖြင့် လည်းကောင်း၊ ပါကစ္စတန်မှ မွတ်ဆလင် မဟုတ်သော လူနည်းစု အတွက်သာ ရောင်းချ ပေးသော အရက်ဆိုင် များမှ လည်းကောင်း ရရှိခြင်း ဖြစ်သည်။ လူနည်းစု အတွက်သာ ရောင်းချခွင့် ပြုထားသော အရက်ဆိုင် များက  နိုင်ငံ၏ လူဦးရေ အများဆုံး ဖြစ်သော မွတ်ဆလင် များကို အရက် ရောင်းချ ပေးခြင်းသည် ဥပဒေနှင့် ဆန့်ကျင် သည်။ ပါကစ္စတန် နိုင်ငံ အနေနှင့် ကိုယ်တိုင် ကိုယ်ကျ တရားဝင် ထုတ်လုပ်သော အဖျော် ယမကာများ ရှိသော်လည်း ယင်းထုတ်ကုန် များမှာ မွတ်ဆလင် မဟုတ် သူများနှင့် ပြည်ပ တင်ပို့ရန် အတွက် တို့သာ ဖြစ်သည်။

ပါကစ္စတန်မှာ တရားဝင် အားဖြင့် အရက် ရောင်းဝယ် သောက်သုံးမှု ပိတ်ပင် ထားသော နိုင်ငံ ဖြစ်သည် ဟူသော ဂုဏ်ဒြပ်ကို သေရည် အရက် နှစ်သက် စွဲလမ်းသော လူအချို့က မလျော် ညီအောင် ပြုလုပ် နေကြ သည်။ တရားဝင် ထုတ်ပြန်သော စာရင်း ဇယားများ အရ ပါကစ္စတန် နိုင်ငံတွင် မွတ်ဆလင် ဦးရေမှာ လူဦးရေ စုစုပေါင်း၏  ၉၆ ရာခိုင်နှုန်း အထိ ရှိပြီး အဆိုပါ မွတ်ဆလင် အားလုံးကို အရက် သောက်သုံး ခွင့်ပြု မထားပေ။

အကယ်၍ သောက်သုံး ခဲ့ပါက ကြိမ်ဒဏ် အချက် ၈၀ ပြစ်ဒဏ် ပေးရန် ချမှတ် ထားသည်။ သို့သော်  တင်းတင်း ကျပ်ကျပ် ဖိအားပေး အရေး ယူမှုတော့ မရှိပေ။ အရက် သောက်သုံး မှုကို မိတ်ဆွေ အပေါင်း အသင်းများ စုဝေး ပျော်ပါးရာ ပွဲများ ၌သာ အများဆုံး တွေ့ရ သော်လည်း အရက်စွဲ မှုပြဿနာ ကတော့ တိုးလာ နေသည်။ ၎င်းတို့၏ ပြောစကား များကို မကိုးကား စေလိုသော အစိုးရ တာဝန်ရှိ သူများက လွန်ခဲ့သည့် ငါးနှစ် အတွင်း အရက်နှင့် ဆက်နွှယ် ပတ်သက်သော ရောဂါ ဖြစ်ပွား မှုသည် အနည်းဆုံး ၁၀ ရာခိုင်နှုန်း မြင့်တက် လာကြောင်း ပြောကြား သည်။

ယင်း အချက်ကို သက်သေ ထူနိုင်သည့် ပုဂ်္ဂိလ်က ယခင်က အရက် ကိုစွဲ၍ ယမကာ လုလင် တစ်ဦး ဖြစ်ခဲ့ ဖူးသူ တဟာရ် အာမက် ဖြစ်သည်။ သူသည် ယခုအခါ Therapy Works  အမည်ရှိ ပြန်လည် ထူထောင်ရေး အဖွဲ့အစည်း တစ်ခုကို တည်ထောင် လုပ်ကိုင်လျက် ရှိသည်။ သူက အရက် စွဲမှု ပြဿနာ သိသာစွာ တိုးပွား လာမှုကို သတိပြု မိသည်။ အဆိုပါ အလုပ်ကို သူ စတင် လုပ်ဆောင် ခဲ့သည့် လွန်ခဲ့သော ခြောက်နှစ် ကာလတွင် အရက် သောက်သုံးသူ အများစုမှာ အနည်းဆုံး အသက် နှစ်ဆယ်ကျော် အရွယ်များ ဖြစ်ကြပြီး ယခု အခါ ၌မူ အရက် သောက်သုံး သူများ ထဲတွင် အသက် ၁၄နှစ် အထိ ငယ်ရွယ် သူများပင် ပါဝင် လာကြောင်း သူက ဆိုသည်။

တစ်ခါ တစ်ရံ အရက် သောက်သုံး သူများသည် မူးယစ် ဆေးဝါးနှင့် တွဲဖက်၍ နှစ်ပင် လိမ်တာ မျိုးပင် ရှိသည် ဟု သူက ပြောပြသည်။ ပါကစ္စတန်ရှိ အိမ်များတွင် အရက်သည် လွန်စွာ သိုဝှက်သော အရာ ဖြစ်ပြီး အများ အားဖြင့် လူကုံထံ အသိုင်း အ၀ိုင်း ကြားတွင် လည်းကောင်း၊ လက်ထပ် ထိမ်းမြား ပွဲကဲ့ သို့သောလူမှုရေး ဆိုင်ရာ ပွဲလမ်း သဘင် များ၌ လည်းကောင်း သိုသို သိပ်သိပ် ရှိကြ သည်ဟု သူက ဆိုသည်။ ထို့ကြောင့်ပင် ပါကစ္စတန် နိုင်ငံ သားတို့ အရက် သောက်ဖြစ်ပြီ ဆိုလျှင် အမြောက် အမြား သောက်သုံး တတ်ကြကြောင်း၊ နိုင်ငံရေး မငြိမ်သက်မှု ဆိုင်ရာ ခြိမ်းခြောက်မှုနှင့် အလုပ် လက်မဲ့နှုန်း မြင့်မားမှုတို့ အပါအ၀င် ပါကစ္စတန်၌ ကြီးမား လှသော လူမှုရေး ဆိုင်ရာ ဖိအားများ ရှိနေခြင်း အတွက်လည်း အရက် သောက်သုံးမှု များသည်ဟု ယုံကြည် ကြောင်း တဟာရ် အာမက်က ပြောသည်။  “ ကံဆိုးတာ တစ်ခုက ပါကစ္စတန်မှာ အရက် သောက်တာဟာ အပန်း ဖြေဖို့ အတွက် မဟုတ် ကြဘူး။ တကယ် လက်တွေ့ ဘ၀ထဲက ထွက်ပြေး လွတ်မြောက် ဖို့နဲ့ စိတ် ဖြေရာ ရှာဖို့ အတွက်ပဲ။ ဒီတော့ အရက်ကို ပုလင်းထဲမှာ တစ်စက်မှ မကျန်တဲ့ အထိ သောက်ကြတော့ တာပေါ့  ’’ ဟု သူက သုံးသပ်သည်။

ယခုအခါ အသက် ၆၅နှစ် အရွယ် ရှိပြီ ဖြစ်သော တဟာရ် အာမက်သည် သူကိုယ်တိုင် ပင်လျှင် ယင်းကဲ့သို့ အရက်ကို စိတ်ထွက်ပေါက် အတွက် အလွန် အကျွံ သောက်သုံး ခဲ့ဖူးသည်။ သူ၏ သူငယ်ချင်း နှစ်ဦး အရက်ကြောင့် ဖြစ်သော အသည်း ရောဂါဖြင့် သေဆုံး သွားရ သည်ကို မျက်ဝါး ထင်ထင် တွေ့မြင် ခဲ့ရပြီး သူကိုယ်တိုင်လည်း သေလု နီးနီး အခြေအနေသို့ ရောက်ရှိ ခဲ့ရ ဖူးသည်။ ထို့ကြောင့် အရက် ဖြတ်ရန် သူ ဆုံးဖြတ် လိုက်ပြီး တစ်နှစ် ကြာအောင် စိတ်ဓာတ် ထိခိုက် ကျဆင်းမှုဒဏ်ကို ခံစားခဲ့ရသည်။ ယင်းနောက် မှသာ အရက် ဖြတ်သည့် ရောဂါ ကုထုံးဖြင့် ကုသမှု ခံယူ ခဲ့ပြီး နောက်ပိုင်းတွင် သူ၏ ကိုယ်ပိုင် ပြန်လည် ထူထောင်ရေး အဖွဲ့ အစည်းကို ထူထောင် ခဲ့ခြင်း ဖြစ်သည်။ သူ့အဖွဲ့ အစည်းကို ဗြိတိန် နိုင်ငံ၏ စိတ်ဝေဒနာ ဆွေးနွေး ညှိနှိုင်း ကုသမှု ဆိုင်ရာ ဗဟို ထောက်ပံ့ရေး အဖွဲ့ အစည်းတွင် မှတ်ပုံတင် ခဲ့သည်။

ပါကစ္စတန် နိုင်ငံရှိ လူချမ်းသာ အသိုင်း အ၀ိုင်း ကြားတွင် အထူးသဖြင့် အရက် သောက်သုံး မှုမှာသိသာ ထင်ရှားသည်။ အချို့သော ထိပ်တန်း နိုင်ငံရေး သမားများသည် အရက် သောက်သုံးသည် ဟူသော သတင်းများ ထွက်ပေါ်လျက် ရှိပြီး ရုပ်သံ မှတ်တမ်း ရိုက်ကူး မခံရ နိုင်သော အထက် တန်းလွှာ လူမှုရေး ဆိုင်ရာ ပွဲလမ်း သဘင် အချို့တွင် အရက်ဖြင့် ဧည့်ခံမှုမျိုး ရှိနေသည်။ သို့သော် အရက်၏ ဆိုးကျိုးက လူတိုင်း အပေါ် သက်ရောက်မှု ရှိနေသည်။ ပြီးခဲ့သည့် လကပင် ကရာချိ မြို့၌ အဆိပ် ဖြစ်သော အိမ်လုပ် ချက်အရက်ကို သောက်မိ ရာမှ အနည်းဆုံး လူ ၁၂ ဦး သေဆုံး သွားခဲ့ ရသည်။

ပါကစ္စတန်မှ အချို့သော အရက်စွဲ သူများ ဆိုလျှင် အမျိုးသမီးများ ဖြစ်ကြသည်။ အမျိုးသမီးများ အရက် စွဲသည့် ဖြစ်ရပ်က အခြား အရာ အားလုံးထက် ပိုမို ဆိုးဝါးသည့် အမည်း စက်ကြီး ဖြစ်သည်။ ပါကစ္စတန် နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ရှိသည့် လာဟိုးမှ ဆာရာ ဟူသော အမျိုးသမီးက သူမ၏ ဖြစ်ရပ်ကို ပြန်ပြောင်း ပြောပြသည်။ (ဆာရာ ဟူသည်မှာ အမည်လွှဲ ဖြစ်သည်) လွန်ခဲ့သော ငါးနှစ်က သူမ အသက် ၃၃နှစ် အရွယ်တွင် ဆယ်ကျော် သက်အရွယ် ကလေး နှစ်ဦးနှင့် အတူ လင်ယောက်ျား၏ ကွာရှင်း စွန့်ပစ်ခြင်း ခံခဲ့ ရသည်။ ထို့နောက်တွင် အရက် နွံနစ်ကာ သုရာ ကျေးကျွန် ဖြစ်ခဲ့ ရသည်။ သူမသည် တစ်ကြိမ် တည်းနှင့် ရက်ဆက် အောင်သောက် သုံးကာ မူးမေ့ လဲကျသည် အထိ ဖြစ်ခဲ့သည်။

“ ကျွန်မ နိုးလာပြီ ဆိုရင် ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်က ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာတွေ မမှတ်မိ တော့ဘူး။ ကျွန်မ တော်တော်လေး မူးမူး သွားတာ။ နောက်တော့ ကျွန်မ တကယ်ကို အထိတ် တလန့် ဖြစ်လာတယ် ’’ ဟု သူမက ဆိုသည်။ သူမ၏ သတင်း ပျံ့နှံ့ သွားပြီး ကလေး နှစ်ဦးနှင့် အကျပ် အတည်း ဖြစ်လာ ချိန်တွင် ဆာရာသည် ပြန်လည် ထူထောင်ရေး ဆေးခန်းသို့ သွားချင် ခဲ့သည်။ သို့သော် ပါကစ္စတန် နိုင်ငံတွင် အမျိုးသမီး တစ်ဦး အနေနှင့် ယင်းသို့ လုပ်ဆောင်ရန် လွန်စွာ ခက်ခဲ လှသည်။ နောက်ဆုံး တွင်မှု အထောက်အပံ့ တစ်ခုကို လွန်ခဲ့ သော ကိုးလက သူမ ရရှိ ခဲ့ပြီး လိုအပ်သည့် ဆေးဝါးများ ရယူကာ နေအိမ် ၌ပင် Therapy Works  အဖွဲ့ ထံမှ ရောဂါ ကုထုံး အခြေပြု အကူအညီကို ရရှိ ခဲ့သည်။ ယခုအခါ သူမ အနေနှင့် မူလ အခြေအနေ အတိုင်း ပြန် လည် ကောင်းမွန် နေပြီ ဖြစ်သည်။

ပါကစ္စတန် နိုင်ငံတွင် တရားမ၀င် ကျန်းမာရေး ဆိုင်ရာ ဈေးကွက် အတွင်း လွန်စွာ တင်းကျပ်သော ပြုစု ကုသမှု များဖြင့် ၀န်ဆောင် ပေးသည့် အခြားသော ဆေးခန်း များသည်လည်း ရှိသည်။ ကရာချိမြို့မှ Willing Ways အမည်ရှိ ဆေးခန်း တစ်ခုတွင် အဆိုပါ ဆေးခန်းကို ထူထောင်သော ဆရာဝန်နှင့် ဆွေးနွေး ပြောကြား နေသည့် လူနာ အသစ်၊ အဟောင်းများ ပါသော လူအုပ် တစ်အုပ်ကို တွေ့ခဲ့ ရသည်။

လူနာ များကို ၎င်းတို့၏ မိသားစု များ၏ သဘောတူ ခွင့်ပြု ချက်ဖြင့် လက်ခံခြင်း ဖြစ်သည်။ သို့သော် သူတို့ကို သုံးလ ကြာအောင် ပိတ်လှောင် ထားမည် ဆိုသည်ကို သူတို့ မသိရှိ ကြပေ။ အဆိုပါ နေရာ၌ နေထိုင် ကုသစဉ် ဆေးရွက်ကြီး အပါအ၀င် စွဲလမ်း စေသော အရာ အားလုံးကို သုံးစွဲခွင့် ပိတ်ပင် ထားပြီး ပြင်ပနှင့် အဆက် အသွယ် အားလုံးကို ဖြတ်တောက် ထားသည်။ ဆက်သွယ် မေးမြန်းခွင့် ရရှိ ခဲ့သော လူနာဟောင်း တစ်ဦးက သူ့အနေနှင့် အဆိုပါ ကုသမှုသည် လွန်စွာ ပြင်းထန် ကြမ်းတမ်း လွန်းသည်ဟု ခံစား မိကြောင်း ပြောကြား သည်။ သို့ သော် ယင်း ကုသမှုကို စိတ်ကျေနပ်မှု ရှိသော လူနာဟောင်း တစ်ဦး ဖြစ်သူ စီးပွားရေး လုပ်ငန်းရှင် ယူဆွပ် အူမာက တင်းကျပ်စွာ စည်းကမ်း ထိန်းချုပ် ကုသခြင်းမှာ သူ့အကျိုး စီးပွား အတွက် လုပ်ဆောင် ပေးခြင်းသာ ဖြစ်သည်ဟု ပြောကြားသည်။

“ ကျွန်တော့်ရဲ့ဘ၀ကို ဒါက ပြောင်းလဲ သွားစေ တာပဲ။ အခု ဆိုရင် ကျွန်တော်ဟာ အရမ်း အောင်မြင်တဲ့ သူတစ်ဦး ဖြစ်နေပြီ ” ဟု သူက ဆိုသည်။

ဆေးခန်း များနှင့် ရောဂါ ကုထုံး ကျင့်စဉ် ဆိုင်ရာ အဖွဲ့ အစည်းများက အရက်စွဲမှု ပြဿနာကို ကိုင်တွယ် ဖြေရှင်း နေသကဲ့သို့ ယခုအခါ မီဒီယာ မှလည်း ယင်းကိစ္စကို ပါဝင် ဆောင်ရွက် လာသည်။ ကရာချီမြို့ ၏ အက်ဖ်အမ် ရေဒီယို လှိုင်း ၉၁ မှ အစီအစဉ် တင်ဆက်သည့် စိတ်ရောဂါ အထူးကု ဆရာဝန် တစ်ဦး ဖြစ်သူ ဒေါက်တာ ပိုင်ဖယ်မမ်ဆာ က ကြာသပတေး နှင့် သောကြာနေ့  ညတိုင်းတွင် အရက် သောက်သုံးမှု အပါအ၀င် လူမှုရေး ဆိုင်ရာ ရှောင်ကြဉ် ရမည့် အရာများ အားလုံးနှင့် ပတ်သက်၍ အပြန် အလှန် ဟောပြော ဖြေကြား မှုများ ပြုလုပ်လျက် ရှိသည်။

ဆက်ပြောပါ ခင်ဗျာ။ ကျွန်တော် နားထောင် နေပါ တယ် ” ဟူ၍ ညင်သာ ပျော့ပျောင်းသော အသံဖြင့် သူက ဖုန်းခေါ် သူများကို ပြောတတ်သည်။ ရှုပ်ထွေး၍ ဘုတ်သိုက် ဖြစ်နေသော ဆံပင် မုတ်ဆိတ် များဖြင့် သဘော ကောင်းပုံရသော မျက်နှာ ထားနှင့် သူ့ကို စတူဒီယိုထဲ၌ ဘောင်းဘီတိုနှင့် တွေ့ရသည်။ သူနှင့် ဆွေးနွေး ပြောဆို မှုများမှာ အင်္ဂလိပ်နှင့် အူရဒူ ဘာသာ စကားများ ရောနှော လျက်ရှိသည်။ အရက်စွဲမှု ပြဿနာ အတွက် ရတက် မအေး ဖြစ်နေရသော မိသားစု ၀င်များ ထံမှ ဖုန်းခေါ်ဆိုမှု နှင့် စာရေးသား ပေးပို့မှု များကို အဆိုပါ အစီ အစဉ်က တိုက်တွန်း အားပေးသည်။ အမျိုးသမီး တစ်ဦးက ဆိုလျှင် သူမ၏ ခင်ပွန်း အရက်သောက် နေသည် မှာ ၁၃နှစ် ရှိနေပြီ ဖြစ်ပြီး သူမ အနေနှင့် ဖျောင်းဖျ ပြောဆို၍ မရကြောင်း ရင်ဖွင့် ထားသည်။ ရေဒီယိုမှ ဆရာဝန်က ယင်းကဲ့သို့သော လူများကို အမည်မသိ အရက်စွဲ သူများ အဖွဲ့ အစည်းသို့ ဆက်သွယ်ရန် အကြံ ပေးလေ့ ရှိသည်။ နောက်ထပ် ဖုန်းခေါ်သူ တစ်ဦးက သူ့ကိုယ်သူ ရက်စက် ကြမ်းကြုတ် သူဖြစ်ကြောင်း ၀န်ခံ ထားသည့် အရက် စွဲသူ တစ်ဦး ဖြစ်သည်။

အဆိုပါ အကြောင်း အရာများ အတွက် ရေဒီယိုမှ အမည် မဖော်ဘဲ ထားခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ဒေါက်တာ မမ်ဆာကဆို

သည်။  “ နာမည် တွေနဲ့ ပတ်သက်ပြီး ကျွန်တော် ပူပန် မနေပါဘူး။ ပြဿနာ တစ်ခုကို သူတို့ ပြောဆိုတဲ့ အခါ သူတို့ အတွက် လောက်ပဲ အကျိုးရှိ သွားတာပဲ။ ပြဿနာကို ဘယ်လို ဆွေေးနွး ဖြေရှင်းလဲ ဆိုတာက အဓိက ပဲလေ ” ဟု သူက ဆိုသည်။

ပါကစ္စတန် နိုင်ငံ မှာတော့ နောင်လာမည့် နီးကပ်သော အနာဂါတ် ကာလ အတွင်း အရက် သောက်သုံး ရောင်းဝယ် မှုနှင့် ပတ်သက်၍ ဥပဒေ အရ ပြောင်းလဲရန် အခွင့်အလမ်း ရှိဦးမည် မဟုတ်ပေ။ သို့ရာတွင် အစိုးရ တာဝန်ရှိ သူများနှင့် ဆရာဝန် များက တိုးပွား နေသည်ဟု ပြောဆို ထားသော အရက် စွဲမှု ပြဿနာ ကတော့ ရှိနေ ဦးမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ အနည်း ဆုံးတော့ အရက် စွဲသူများသည် ယခု အခါ ရောဂါ အပေါ် ဆွေးနွေး ပြောကြား လာကြပြီး အချို့မှာ အဆိုပါ ဆင်းရဲ ဒုက္ခမှ လွတ်မြောက် နိုင်မည့် နည်းလမ်းကို ရှာဖွေ လာ နေ ကြပြီ ဖြစ်သည်။

From: မြန်မာသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်