Saturday, September 21, 2013

အာဖဂန် လွှတ်တော်အမတ် တာလီဘန်ဘက် ခိုလှုံ

Posted by drmyochit Saturday, September 21, 2013, under | No comments


အာဖဂန် လွှတ်တော် အမတ်ဟောင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သူ အဒူဟိုင်းသည် နိုင်ငံမြောက်ပိုင်း ဆာအီပို ပြည်နယ်တွင်းရှိ တာလီဘန် တပ်ဖွဲ့ဝင်များထံသို့ ဘက်ပြောင်း ခိုလှုံသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဒူဟိုင်းသည် အာဖဂန် လွှတ်တော်အမတ်အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဆာအီပို ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

ယင်းခိုလှုံမှုသည် အာဖဂန်အရပ်သား အရာရှိများထဲမှ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦး တာလီဘန်ဘက်သို့ ဘက်ပြောင်းမှု ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံမှ နိုင်ငံခြားတပ်ဖွဲ့ဝင်များ ၂၀၁၄ ခုနှစ်တွင် ပြန်လည် ဆုတ်ခွာရန် ပြင်ဆင်နေချိန်နှင့် ၂၀၁၃ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေချိန်တွင် အဒူဟိုင်း၏ ဘက်ပြောင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မည်သည့် အတွက်ကြောင့် အဒူဟိုင်း ဘက်ပြောင်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း ၎င်း၏ ခိုလှုံမှုကို အာဖဂန် အရာရှိများက လျှော့ချ ပြောကြားသွားပြီး အဒူဟိုင်း၏ သြဇာအာဏာ လွှမ်းမိုးမှုမှာလည်း ပြောပလောက်အောင် မရှိကြောင်း မှတ်ချက်ပြုသည်။
“သူဘက်ပြောင်းသွား တဲ့အတွက် ပြည်နယ်တွင်းက လူတွေအပေါ် ဘယ်လိုမှ သက်ရောက်မှု မရှိပါဘူး။ သြဇာကြီးတဲ့ လူတစ်ယောက်လည်း မဟုတ်ပါဘူး” ဟု ဆာအီပိုပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဒတ်တေယာက ပြောကြားသည်။

အဒူဟိုင်း ဘက်ပြောင်း ခိုလှုံမှုကို တာလီဘန်များက ချီးကျူး ပြောကြားလိုက်ပြီး မိမိတို့အတွက် အောင်ပွဲတစ်ရပ် ဖြစ်ကြောင်း၊ ပြည်နယ်တွင်း မိမိတို့ လှုပ်ရှား ဆောင်ရွက်နေခြင်းကြောင့် ဘက်ပြောင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း တာလီဘန် အဖွဲ့က ထုတ်ပြန်သည်။

တာလီဘန် အွန်လိုင်း ဝက်ဘ်ဆိုက်တွင် အဒူဟိုင်း၏ ဗီဒီယို ပေါ်ထွက်လာပြီး မိမိသည် မူဂျာဟစ်ဒင် တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ကြောင်း၊ ကဘူးမြို့တော်တွင်း လေးနှစ်တာ တာဝန် ထမ်းဆောင်ရာတွင် အကျင့်ပျက် လာဘ်စားနေသည့် အစိုးရ အဖွဲ့ကိုသာ ကြုံတွေ့ခဲ့ရကြောင်း အဒူဟိုင်းက ပြောကြားသည်။

ယင်းကဲ့သို့သော ထုတ်ပြန်ချက်များကို အသုံးပြုပြီး တာလီဘန်အဖွဲ့၏ ဝါဒဖြန့်ချိရေး တိုးမြှင့်နိုင်ရန် ကြိုးပမ်းနိုင်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တာလီဘန်များ အာဏာရနေစဉ် အချိန်မှစ၍ အဒူဟိုင်းနှင့် အဆက်အသွယ် ရှိကြောင်း ဆာဆီပို ပြည်နယ်တွင်း အဒူဟိုင်း သြဇာလွှမ်းမိုးသော ကျေးရွာ ၂၀ မှ ၃၀ ခန့်ထိ ရှိကြောင်း အဒူဟိုင်းအကြောင်း အသေးစိတ်သိသူ လွှတ်တော်အမတ်ဟောင်း အဒူခါဘာက မှတ်ချက်ပြုသည်။

တာလီဘန်တို့က အဒူဟိုင်း သြဇာကို အသုံးချပြီး အဆိုပါဒေသများအတွင်း ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်မှုများကို နှောင့်ယှက်နိုင်ကြောင်း ၎င်းကသတိပေးသည်။

ဆာအီပိုပြည်နယ်သည် အာဖဂန်နိုင်ငံ မြောက်ပိုင်းရှိ တောင်တန်း ထူထပ်သော ပြည်နယ်တစ်ခုဖြစ်ပြီး တာလီဘန် တပ်ဖွဲ့ဝင် လှုပ်ရှားမှု အနည်းငယ်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း ဆာအီပိုဒေသ၌ တာလီဘန်အဖွဲ့၏ အကြမ်းဖက်မှုများ တိုးပွားလာခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်း တာလီဘန်ဘက်သို့ ဘက်ပြောင်းခိုလှုံမှု အမြောက်အမြား ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့တပ်မှူးနှင့် အရာရှိငယ် ၁၃ ဦးနှင့် ရဲတပ်သား ၁၁ ဦး ဘက်ပြောင်းခိုလှုံမှု စသည့်ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်