Saturday, September 21, 2013

ရွာသားများနှင့် ရဲများ ပဋိပက္ခဖြစ်ခဲ့မှု ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံဝတ် ဝင်ဖမ်းခြင်း မရှိဟုဆို

Posted by drmyochit Saturday, September 21, 2013, under | No comments

နေပြည်တော်၊ စက်တင်ဘာ ၂၀

နေပြည်တော် ပုဗ္ဗသီရိ အပူပိုင်း စိမ်းလန်းစိုပြည်ရေး စီမံကိန်းဝင်းအတွင်း စိုက်ပျိုးထားသည့် ယူကလစ်ပင်များ ဝင်ခုတ်မှုဖြင့် ဝဲကြီးရွာသားလေးဦးကို ဖမ်းဆီးရာမှ ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ခဲ့မှုတွင် ကျေးရွာကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံဝတ်ဆင်ကာ ဖမ်းဆီးမှုတွင် ပါဝင်သည်ဆိုသည့် ကောလာဟလမှာ မမှန်ကန်ကြောင်း ပုဗ္ဗသီရိမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သို့သော် ရဲတပ်ဖွဲ့၏ ဝင်ရောက် ဖမ်းဆီးမှုခံရသူ ဦးဇော်လတ်ကမူ ကျေးရွာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံ ဝတ်ဆင်ကာ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် ပူးပေါင်းပြီး ၎င်းတို့ကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ပြောကြားသည်။
“ကျွန်တော့်ကို ရဲတစ်ယောက်က ဖမ်းထားပြီး လည်ပင်းကို တက်နင်းထားတယ်” ဟု ၎င်းက ဆိုသည်။

ယူကလစ်ပင်များ ခုတ်မှုဖြင့် သက်ဆိုင်ရာက ဖမ်းဝရမ်း ထုတ်ထားသည့် ဝဲကြီးရွာသားများဖြစ်သော ဦးဇော်လတ်၊ ဦးထွန်းထွန်း၊ ဦးဝင်းနိုင်နှင့် ဦးဝင်းကြည်တို့ကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင် ၃၀ တို့က ဝင်ရောက် ဖမ်းဆီးစဉ် ဝဲကြီး ကျေးရွာအုပ်စုတွင် ပါဝင်သည့် အင်းတိမ်ကျေးရွာ ကြံ့ခိုင်ရေး စည်းရုံးရေးမှူးသည် ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်၍ ဝင်ရောက် ဖမ်းဆီးရာတွင် ပါဝင်သည်ကို သက်သေနှင့် တကွ ပြောနိုင်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ခြင်ထောင်များ လှန်ပြီး ဖမ်းကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ညအချိန်မတော် လာရောက် ဖမ်းဆီးမှုကြောင့် ယင်းကျေးရွာသားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးသည့်နောက် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ကြံ့ခိုင်ရေး စည်းရုံးရေးမှူးလည်း ပြန်လည် လိုက်ပါသွားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဝဲကြီးကျေးရွာနေ ဒေါ်စန္ဒာလှိုင်ကလည်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်ဝတ်စုံ ဝတ်ဆင်ပြီး လိုက်ပါလာသည့် ကျေးရွာကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူးကို မိမိပိုင်ခြံဝင်း အတွင်းမှ တွေ့မြင်ခဲ့ရသည်ဟု ပြောကြားသည်။

ယင်းသို့ ဝင်ရောက် ဖမ်းဆီးမှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အချို့ကို ရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ ကြိုးဖြင့် တုပ်နှောင်မှုများ ပြုလုပ်ခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရဲဝန်ထမ်း ၃၀ ခန့်ကို ရွာသားများက ပြန်လည် ရန်ပြုခဲ့သည်အတွက် ပျဉ်းမနား ရဲစခန်း၊ လယ်ဝေးရဲစခန်း ကြည်တောင်ကန်ကျေးရွာ ရဲစခန်းမှ ရဲတပ်ဖွဲ့အင်အား ရယူကာ သွားရောက် ကယ်ဆယ်ခဲ့ရကြောင်း အဆိုပါ ရဲစခန်းမှ ဒုရဲအုပ်စိုးငြိမ်း၏ အဆိုအရ သိရသည်။

ဝဲကြီးကျေးရွာသားများကို အင်အားသုံး ဖမ်းဆီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို The Voice က ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့သည် သစ်ပင်ခုတ်မှု၊ မြေကျူးကျော်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က အမှုဖွင့်ထားကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည်ဟု ဦးရဲထွဋ်က ဆိုသည်။

ဝဲကြီးကျေးရွာသား လေးဦးကို မြေယာကိစ္စနှင့် ပတ်သက်၍ ဇေယျာသီရိ မြို့နယ်တွင် ရဲစခန်းမှ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်းနှင့် ၎င်းရဲစခန်းမှ အမှုဖွင့်ထားသော တရားခံများသည် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာတွင် ရှိသဖြင့် မိမိတို့ ရဲစခန်းများမှ အင်အားအနေဖြင့်သာ ကူညီခဲ့ပြီး အရပ်သားများကို ရဲဝတ်စုံဝတ်ပြီး ဖမ်းဆီးခိုင်းခြင်း မရှိဟု ကြည်တောင်ကန်ကျေးရွာ ရဲစခန်းမှ ဒုရဲအုပ်စိုးငြိမ်းက ပြောကြားသည်။

၎င်းဝဲကြီးကျေးရွာ ဖြစ်စဉ်တွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများ ပါဝင်ပတ်သက်သည် ဆိုသည်မှာ သတင်းအမှားသာ ဖြစ်ကြောင်း ၎င်းကျေးရွာများမှ စည်းရုံးရေးမှူးများကလည်း ၎င်းတို့ မပါဝင်ကြောင်း သတင်းပို့လာသည့်အပြင် အခင်းဖြစ်ပွားသည့် နောက်တစ်ရက်တွင် မိမိတို့ပါတီ ကျေးရွာ စည်းရုံးရေးမှူးများကို ယင်းကိစ္စတွင် မပါဝင်ရန် ထပ်မံညွှန်ကြားထားသည်ဟု ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်ကြိုင်က ပြောကြားသည်။

တရားဝင် ဖမ်းဝရမ်းထုတ်ထားသည် ဆိုသော်လည်း ညအချိန်မတော်တွင် သူပုန်စခန်း အလစ်ဝင်စီးသကဲ့သို့ ဝင်ရောက် ဖမ်းဆီးသည့်အပြင် မဆိုင်သည့် မိသားစုဝင်များကိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်ပြီး ပြည်သူလူထု၏ ယုံကြည်လေးစားမှု ပျက်ယွင်းစေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

The Voice Weekly

နေပြည်တော် ပုဗ္ဗသီရိမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား။ ဓါတ်ပုံ - RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်