Tuesday, September 24, 2013

လူ့လောကရဲ့ အိမ်ထောင်သားမွေးကိစ္စတွေမှာ ရဟန်းတော်တွေနဲ့ သက်ဆိုင် / မဆိုင်

Posted by drmyochit Tuesday, September 24, 2013, under | No comments




Question: သံဃာတော်တွေ ဦးဆောင်လှုပ်ရှားနေတဲ့ မျိုးစောင့်ဥပဒေပေါ့နော်။ အဲ့ဒီမှာ မေးချင်တာက သံဃာတော်တွေနဲ့ အိမ်ထောင်သားမွေးကိစ္စ သာသနာရေးနဲ့ယှဉ်ကြည့်ရင် လုံးဝမသက်ဆိုင်ဘူးလို့ ထင်တယ်

Answer: ဒါဆိုရင်မိတ်ဆွေရဲ့ ယူဆချက်ဟာ အမှားကြီးမှားတယ်လို့ ဖြေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ မြတ်ဗုဒ္ဓဟာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကရယ်လို့ လောက သုံးပါးကောင်း ကျိုး လို လားတဲ့အတွက် ပွင့်ထွန်းပေါ်ပေါက်လာတာ။ ဘုရားဖြစ်ပြီဆိုတာနဲ့ ကိုယ်တိုင် ကလည်း လောကီလောကုတ်နှစ်မျိုးရဲ့ အကျိုးတရားကြီးပွားတိုးတက်ဖို့ ကျင့်ကြံဟောပြောခဲ့သလို သူ့ရဲ့ တပည့်သားတွေကို လည်း အဲ့ဒီလိုပဲ ဟောပြောခဲ့တယ်။ အများစုက မကွဲမပြားဖြစ်နေကြတာက လူတွေက လောကီ အလုပ် ကို လုပ်ရမယ်။ ရဟန်းတွေက လောကုတ္တရာအလုပ်ကို လုပ်ရမယ် ဒီလိုပဲ သတ်မှတ် ထားကြတာ။ တကယ်က အဲဒီလို မဟုတ်ဘူး။ လူ၊ လူရဟန်း၊ ရဟန်း လောကီလောကုတ် နှစ်လီသော အကျိုး တရားကောင်းဖို့ လောကီအလုပ်လုပ်ရမယ်။ ဟောပြောညွှန်ပြတာဟာ ရဟန်းတွေအလုပ်ပဲလေ။ သံသရာကောင်း ဖို့အတွက် လောကုတ္တရာလုပ်ရမယ် ဒီလိုပဲ အကြမ်းမှတ်ထားရမယ်။ လောကီကောင်းကျိုးတွေ မပြောမလုပ်ပဲ လောကုတ္တရာ တစ်ခုတည်းလုပ်နေရင် ဆီမဖြည့်ပဲ ရထားမောင်းသလိုဖြစ်နေလိမ့်မယ်။

Q : ဒါဆိုလူနဲ့ရဟန်းဘာကွာလို့လဲ အတူတူဖြစ်ကုန်မှာပေါ့။ လောကီကိစ္စတွေနဲ့ ရဟန်းတော်တွေနဲ့ ဆိုင်တယ် ဆိုရင် အချို့ကျမ်းဂန်တွေမှာ ရဟန်းတွေနဲ့ လောကီရေးရာ မဆိုင်ဘူးလို့ တွင်တွင် ဆုံးမထားတာတွေကို ဘယ်လိုဖြေရှင်းမလဲ။

A : လူနဲ့ရဟန်း အကွာကြီးကွာတာပေါ့။ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်သာအောင် ကွာခြားပါတယ်။ ဒီလိုမေး တာဟာ ဗုဒ္ဓဘာသာကို အတွင်းကျကျမလေ့လာဘဲ မိရိုးဖလာတွေ များနေကြလို့ပါ။ တကယ်တမ်း ဗုဒ္ဓကျမ်းစာတွေ အတွင်းကျကျ လေ့လာဖူးတဲ့သူတွေက သူ့နေရာနဲ့သူ ခွဲခြမ်းစိတ်ဖြာတတ် သိတတ်ကြ တယ်။ ကျွန်တော်စောစောကပြောခဲ့တယ်။ ဗုဒ္ဓဘာသာတာရားတော်ဟာ လောကီလောကုတ်နှစ်လီသော ကောင်းကျိုးတွေကိုဖြစ်အောင် ညွှန်ပြတယ်ဆိုတာ လူတွေခွဲခြားသိဖို့လိုတယ်။ ကောင်းကျိုးဖြစ်မယ်ဆိုရင် ဘယ်လိုကိစ္စ ပဲဖြစ်ဖြစ် လမ်းညွှန်ပေးရမယ်။ မြတ်ဗုဒ္ဓဟောခဲ့တဲ့ထဲမှာ ပဋိသန္ဓေကိစ္စ၊ မိန်းကလေးဓမ္မတာ ကိစ္စ၊ ဆေးနည်း စတာတွေ အကုန်လမ်းညွှန်ချက်တွေ ဖြစ်ပျက်ပုံတွေအထိဟောခဲ့တယ်။ ကောင်းကျိုးဖြစ်စေမဲ့အရာတွေမို့ပါ။ မကောင်းကျိုးဖြစ်စေမဲ့အရာဆို ဘယ်လိုသြဇာရှိသူက အမိန့်ပေးထားပေးထား တားမြစ်ရမယ်။ ရဟန်းနဲ့လောကီရေးရာ ဘာမှမဆိုင်ဆိုတာက မကောင်းကျိုးကိုဖြစ်စေတဲ့ လောကီရေးရာမျိုးတွေပါ။ ဗေဒင်၊အင်းအိုင်၊ ဂိုဏ်းဆရာ၊ နတ်ဆရာ၊ ဂမ္ဘီရကိစ္စမျိုးတွေ မလုပ်ရဘူး။ မဟောရဘူး။ အိမ်ထောင်မပြုရဘူး။ မူးယစ်သေစာမမှီဝဲရဘူး။ မွန်းလွဲစွာ မစားရဘူး။ ကတာ၊ဆိုတာ၊တီးမှုတ်တာ၊နံ့သာလိမ်းတာတွေ မလုပ်ရဘူးစတာပေါ့။ မဆိုင်တဲ့ လောကီအလုပ်တွေမှအများကြီးပဲ။ အဲ့ဒါမျိုးတွေထဲလုပ်လို့ တွေ့ရင် သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲလို့ရတယ်။ အဲ့ဒီအချက်တွေက လူတွေနဲ့မတူတဲ့အချက်တွေပါ။ သူတို့နဲ့မဆိုင်တဲ့လောကီရေးရာတွေပါ။ သူတို့မှာထိန်းသိမ်းရတဲ့ သိက္ခာပုဒ်ပေါင်း ကုဋေကိုးထောင်ကျော်ရှိတယ်ဆိုရင် လူတွေနဲ့မတူအချက်တွေလည်း ကုဋေကိုးထောင်မကရှိလိမ့်မယ်။ အဲ့ဒီထဲမှာသူတို့နဲ့ မသက်ဆိုင်တဲ့ လောကီရေးရာတွေပါတယ်။ ခုသံဃာတော်တွေ လုပ်နေတာက လောကီကောင်းကျိုးတွေလုပ်နေတာ။ ဆိုင်လို့ဘုရားဟောကြားခဲ့တဲ့ တရားတွေကိုမှီပြီး လုပ်နေတာမို့လုပ်သင့်ပါတယ်။

Q : ဒါဆိုဘုရားဟောခဲ့တဲ့ လောကီကိစ္စတွေကိုပြောပြပေးပါလား။

A : အကုန်ပြောပါဆိုရင်တော့ မိုးသာလင်းသွားလိမ့်မယ် ပြောပြလို့ကုန်မယ်မထင်ဘူး။ ပိဋိကတ်သုံးပုံကို တစ်ခုချင်းဆီ မြန်မာလို့ ဘာသာပြန်ရင် စည်းကမ်း၊နည်းလမ်း၊ သဘောတရားလို့ အဓိပ္ပါယ်ရတယ်။ အဲဒီမှာ လောကီရော လောကုတ်အတွက်ပါ ကျင့်ကြံလုပ်ကိုင်နေထိုင်ရမယ့် စည်းကမ်းနည်းလမ်းနဲ့ လုပ်ငန်းရဲ့ သဘောတရားတွေကိုပြထားတယ်။ မပါတဲ့အရာမရှိသလောက်ပဲ။ ဒါကြောင့် ကမ္ဘာသိပ္ပံပညာရှင်တွေ တစ်ခုခုတွေ့တယ်၊ စမ်းသပ်ခန့်မှန်းချက်ထုတ်တယ်ဆိုရင် များသောအားဖြင့် ဗုဒ္ဓရဲ့အဘိဓမ္မာသဘောတရားတွေနဲ့ အံဝင်ခွင်ကျဖြစ်နေတာကို အံ့သြစွာတွေ့နေရတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေတောင် စီးပွားရေးလုပ်ရမဲ့ နည်းလမ်းတွေကို မြတ်ဗုဒ္ဓပိဋကတ်တွေထဲမှာရှာပြီး လုပ်ကြည့်ရင်တိုးတက်လာနိုင်တယ်။ အကုန်သိချင်ရင်တော့ ပိဋကတ်တွေကို သေချာလေ့လာမှရမယ်။

Q : ဘာဖြစ်ဖြစ် အိမ်ထောင်သားမွေးကိစ္စနဲ့တော့ လုံးဝမဆိုင်ဘူးလို့ ကျွန်တော်ထင်တယ်။

A : ဒါဆိုရင်တော့ ဗုဒ္ဓဓမ္မတွေထဲက ဒီကိစ္စနဲ့ပါတ်သက်ပြီး ထင်သာမြင်သာအောင် နည်းနည်းပြောပြပေးမယ်။ ပရိတ်ကြီး ၁၁သုတ်ထဲက အင်္ဂုလိမာလသုတ်ဟာ ကလေးမွေးမရလို့ ဟောခဲ့တဲ့သုတ်ပါ။ နောက်မီးဘေးကင်းဖို့၊ အချုပ်အနှောင်ကလွတ်မြောက်ဖို့၊ ရောဂါတွေကင်းရှင်းဖို့ ဟောခဲ့တဲ့သုတ်တွေချည်းပဲ။ အဲ့ဒါလောကီအတွက်လုပ်ပေးတာ မဟုတ်ဘူးလား။ အာဝါဟ ၀ိဝါဟမင်္ဂလာဆိုတာတွေ လင်ကျင့်ဝတ်၊မယားကျင့်ဝတ်တွေ အိမ်ထောင်ရေးနဲ့ပါတ်သက်တာတွေ အများကြီးဟောခဲ့သလို အခြားအကြောင်းအရာတွေအတွက်လည်း အများကြီးဟောခဲ့တယ်။ စပ်မိလို့ တစ်ဆက်တည်းပြောပြဦးမယ်။ အကြီးအကဲတွေလိုက်နာရမဲ့ နာယကဂုဏ်ခြောက်ပါးဆိုတာ ပညာရှင်တွေရေးခဲ့တဲ့ စည်းကမ်းမဟုတ်ဘူး။ သိင်္ဂါလောဝါဒသုတ်လာ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေပါ။ အဲ့ဒီသုတ်မှာဆိုရင် မိဘ၀တ်၊သားသမီးဝတ်၊ဆရာဝတ်၊တပည့်ဝတ်၊မိတ်ဆွေဝတ်တွေအပြင် လောင်းကစားခြင်းအပြစ်၊ မူးယစ်သေစာမှီဝဲခြင်းအပြစ်၊ ပျင်းရိခြင်းအပြစ်တွေပါ အစုံပါအောင် ဟောထားတယ်။ ဒီကျင့်ဝတ်တွေ ကျောင်းနေသူတိုင်းသင်ဖူးတယ်။ တကယ်လို့သာ အိမ်ထောင်မွေးကိစ္စသံဃာတော်တွေဘက်က လမ်းညွှန်ဖို့မဆိုင်ဘူး။ လောကီအလုပ်တွေပါဆိုရင် အကြီးအကဲတွေ လိုက်နာဖို့ လင်နဲ့မယား၊ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ အရက်သမားလောင်းကစားသမား ပျင်းရိနေကြတဲ့ တေလေသမားတွေအတွက် ကောင်းစေနိုင်တဲ့ တရားတွေကို ညွှန်ပြဟောကြားပေးခဲ့မှာမဟုတ်ဘူး။ သံဃာတွေ လုပ်နေတာဟာ ဗုဒ္ဓတရားတော်တွေနဲ့မသွေဖီ တိုက်ရိုက်ဆက်နွယ်တယ်။ အဲဒီထဲမှာအထိရောက်ဆုံးက သားသမီးကျင့်ဝတ်ထဲမှာ စောင့်လေမျိုးနွယ်ဆိုတဲ့အချက်ပါပဲ။

Q : ဒါဆိုလောကီကိစ္စနဲ့ ပါတ်သက်ပြီး ဟောခဲ့တာတွေ အများသားပါလား။

A : ဒါကြောင့်ပြောရင်မကုန်နိုင်ပြီ ပြောတာပေါ့။ ၃၈ ဖြာမင်္ဂလာတရားကိုပဲကြည့် လောကီကောင်းရေး ဦးစားပေးဟောခဲ့တယ်လို့တောင် ပြောရတယ်။ ဘုရားသာသနာမှာ လောကီကောင်းအောင် အရင်လုပ်ပြီး လောကုတ်ပေါ်ရောက်အောင် ပြင်ဆင်ပေးတာမျိုးတွေရှိတယ်။ ကားကောင်းမှ ခရီးကြောင်းဖြောင့်မယ်ဆိုတဲ့ အသေ၀နာစဗာလာနံ လူမိုက်ကိုမပေါင်းသင်းခြင်းသည် မင်္ဂလာမည်တယ်လို့ မပေါင်းရမဲ့သူတွေကို တားမြစ်ပေးထားတယ်။ ပဏ္ဍိတာနဉ္စသေ၀နံ - ပညာရှိကိုပဲပေါင်းရမယ်လို့ ညွှန်ကြားပေးထားတယ်။ ပူဇာစ ပူဇနေယျာနံ - ပူဇောထိုက်သူကို ပူဇော်ရမယ်လို့ သွန်သင်ပေးထားတယ်လို့ လူမိုက်လို့ သံသယရှိရင် ညွှန်ပေးရမှာပဲ၊ မင်္ဂလာတရားတွေကြည့်ရင် ပေါင်းသင်းဆက်ဆံရေးမှာ ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့ပေါင်းလို့တောင် တိုက်ရိုက်ပြထားသေားတာ ကိုယ့်ဒါယကာ၊ဒါယိကာမတွေ ကောင်းကျိုးအတွက် လမ်းညွှန်ပိုင်ခွင့် ရဟန်းတွေမှာ တာဝန်ရှိတယ်။ လိုက်နာတာ မလိုက်နာတာတွေ သူတို့နဲ့မဆိုင်တော့ဘူး။ ၀တ္တရားကျေအောင် လမ်းညွှန်တာတော့ ဖြစ်သင့်ပါတယ်။

Q : ဒီလိုဆို အချို့ခေါင်းကြီးပိုင်းတွေနဲ့ သာမန်လူအချို့က ကောင်းမွန်အောင်လုပ်ပေးတာကို ဘာလို့ကန့်ကွက်နေကြတယ်ထင်လဲ။

A : အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကိုယ့်ဘာသာတရား လေ့လာလိုက်စားမှုနည်းလို့ပါ။ အပြစ်လွတ်အောင် ပြောရရင် မသိလို့လုပ်မိတာပေါ့နော်။ ဘာသာသနာအလေးမထား နားမလည်လို့ မျိုးချစ်စိတ်နည်းလို့ အချို့က ဗုဒ္ဓဘာသာ မဟုတ်လို့၊ အချို့ကျတော့ စီးပွားပညာ၊ နိုင်ငံရေးတွေဘက်မှာသာ ပေါက်မြောက်အောင်လိုက်စားပြီး ဘာသာရေးကိုဥပေက္ခာပြုထားပြီး နားမလည်ပါးမလည်ဖြစ်နေလို့ သူတို့သိတဲ့နိုင်ငံရေးအမြင်ကို ရှေ့တန်းတင်ပြ ကန့်ကွက်နေကြတာပါ။ သိထားတဲ့ တစ်ထွာတစ်မိုက်နဲ့တော့ ဘာသာရေးမှာ နွားခြေရာကွက်ထဲက ဖားသူငယ်အော်နေသလိုမျိုးပါ။ သူတို့အတွေးမှာ ဘယ်လိုရှိလဲတော့ မပြောတတ်ဘူး။ အချို့က ဒါကိုနိုင်ငံရေးလှည့်ကွက်လို့ထင်နေကြတာ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် လှည့်ကွက်လုပ်တယ်ပဲ ထင်နေကြတာ။

Q : ဒါဆိုရင် ဒီဥပဒေကို အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ထားလား။

A : တစ်ဖက် ၅၀ ရာခိုင်နှုန်းဆီပါပဲ။ ဒါကလွှတ်တော်ဆုံးဖြတ်ချက်အတိုင်းပါ။ သံဃာတော်တွေမှာ ထောက်ပြခွင့် ညွှန်ကြားခွင့်ပဲရှိတယ်။ အတည်ပြုခွင့်မရှိဘူး။ အတည်ပြုချင်တဲ့သူတွေကလည်း ဆိုင်ရာအချက်အလက်တွေထောက်ပြမှာပဲ။ မပြုစေချင်တဲ့သူတွေကလည်း ဆိုင်ရာဆိုင်ရာတွေ ဆွဲပြထောက်ပြကြမှာပဲ။ နောက်ဆုံးတော့စိတ်ဓါတ်ပိုင်းဆိုင်ရာလေးတွေ အဖြေထွက်လာတာပေါ့။ ထားပါ။ ကျွန်တော်တို့က သံဃာတော်တွေ ဒီလောကကိစ္စနဲ့ ဆိုင်မဆိုင်ကို ဘာသာရေးဘက်က ဆွေးနွေးတာ၊ နိုင်ငံရေးဆွေးနွေးတာ မဟုတ်လို့ ကျန်တာပြောဖို့ မသင့်ဘူး။

Q : ဒါကို အချို့က လူ့အခွင့်အရေးချိုးဖောက်တယ်လို့ မြင်ကြတယ်။

A : ကြားရပါတယ်။ အဲဒီလူတွေကို မေးချင်တယ်။ ဒါဆို လမ်းဘေးအမှိုက်မပစ်ရ၊ သေးမပေါက်ရ၊ ကွမ်းတံထွေးရဆိုတာတွေက လူ့အခွင့်အရေး ချိုးဖောက်တာလား။ သူ့သားသမီးလွန်ကျူးလို့၊ ခိုးလို့၊ သတ်လို့ဖမ်းတာ လူ့အခွင့်အရေးချိုးဖောက်တာလား။ အချို့က လူ့အခွင့်အရေးသာ အော်နေကြတာ ကိုယ်လုပ်နေတာက လူဆန်လား၊ မဆန်လား မသိဘူး။ ဒီဥပဒေဟာ ဗုဒ္ဓဘာသာအတွက် မထိခိုက်စေသလို အခြားဘာသာဝင်တွေကိုလည်း မထိခိုက်စေပါဘူး။ အခြားဘာသာတွေမှာ ဒီလိုဥပဒေရှိတယ်။ ဗုဒ္ဓဘာသာမှာ မရှိဘူး။ ရှိတဲ့ဥပဒေကလည်း ထိရောက်မှုမရှိ အားနည်းတယ်။ ဒီတော့ အမျိုးသမီးတွေ နစ်နာတယ်။ ဒီဥပဒေရှိသင့်တယ်။ ဒီဥပဒေမရှိခဲ့လို့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေက တကယ်ကို လူ့အခွင့်အရေးချိုးဖောက်ခံနေရတာပါ။ စည်းမရှိတဲ့ခြံဟာ အန္တရာယ်မျိုးစုံ အလွယ်တကူကျရောက်ဖို့ လွယ်ကူတယ်။ ဒီတော့လုံးဝရှင်းမသွားတောင် အန္တရာယ်ပြုခံရခြင်းနည်းသွားအောင် နစ်နာဆုံးရှုံးမှုနည်းအောင် ကိုယ့်ခြံကို စည်းကာပိုင်ခွင့်ရှိတယ်။ မယုံလို့စမ်းကြည့်ချင်ရင် တံတိုင်းအကာအရံမရှိတဲ့အိမ်မှာ တံခါးပေါက်တွေဖွင့်ထားပြီးနေကြည့်ပါ။ ရွှေ၊ငွေ၊ပရိဘောဂတွေ ပြောင်စင်သွားလိမ့်မယ်။ ဒါကြောင့်ရွှေ၊ငွေ၊ပရိဘောဂထက် အဖိုးများစွာ ထိုက်တန်လှတဲ့ သမီးကောင်းရတနာလေးတွေ အန္တရာယ်ကင်းဖို့ ကျွန်တော်ကတော့
ဒီမျိုးစောင့်ဥပဒေကို လုံးဝထောက်ခံတယ်လို့ပြောကြားရင်း ဆွေးနွေးမှုကိုနားကြရအောင်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်