Tuesday, September 24, 2013

အိမ်ထောင်ရေးကို အဖတ်ဆည်ရန် မျှော်လင့်ဆဲဟု မိုက်ကယ်ဒေါက်ဂလက်စ်ဆို

Posted by drmyochit Tuesday, September 24, 2013, under | No comments

အသက်(၆၈)နှစ်ရှိ မိုက်ကယ်က မိမိသည် ဇနီးသည်နှင့် ပြတ်ရှင်းမှုမျိုးကို မလိုလားကြောင်း ဝန်ခံခဲ့သည်။



မိမိ၏ အိမ်ထောင်ရေးကို အဖတ်ဆည်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း မိုက်ကယ် ဒေါက်ဂလက်စ်က ဖွင့်ဟ ပြောကြားလိုက်သည်။ ဟောလီးဝုဒ်၏ ဝါရင့် မင်းသားကြီးသည် ဇနီးဖြစ်သူ ကက်သရင်း ဇီတာဂျုံးစ်နှင့် ခွဲခွာ နေထိုင်နေသူ ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် အခက်ခဲဆုံး ကာလများကို အတူတကွ ဖြတ်သန်း ခဲ့သော် လည်း ပြီးခဲ့ သည့် လပိုင်းက ခွဲခွာနေထိုင်ရန် စဉ်းစားနေပြီဟု အတည်ပြု ကြေညာခဲ့သည်။ တနင်္ဂနွေနေ့ ညက အမ်မီဆုပေးပွဲ အခမ်းအနားတွင် မိုက်ကယ်က မိမိသည် ကက်သရင်းနှင့် ညှိနှိုင်းကာ သဘောထား ကွဲလွဲမှု များကို ဖြေရှင်းသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။ အသက်(၆၈)နှစ်ရှိ မိုက်ကယ်က မိမိ သည် ဇနီးသည်နှင့် ပြတ်ရှင်းမှုမျိုးကို မလိုလားကြောင်း ဝန်ခံခဲ့သည်။

အမေရိကန် သတင်းထောက် ဘီလီဘုရှ်နှင့် တွေ့ဆုံမှုတွင် ၎င်းက "ကက်သရင်းဟာ တကယ့်ကို အံ့ဩစရာ အမျိုးသမီးပါ။ သူဟာ ခမ်းနားပြည့်စုံတဲ့ ဇနီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူနဲ့ စကားပြောဖြစ် ပါတယ်။ သူ့ဆီက ချစ်စရာ မှတ်ချက် တချို့လည်း ရရှိခဲ့တယ်။ ကျွန်တော်ကတော့ ကွဲလွဲမှုတွေအတွက် ကျွန်တော် တို့နှစ်ယောက် အတူတူ အဖြေရှာနိုင်ဖို့ တကယ်ပဲ အလေးအနက် မျှော်လင့်မိပါတယ်။ ကျွန်တော် တို့ချင်း ခဏတာ ခွဲခွာထားတယ် ဆိုတာက အမှန်ပါပဲ။ ဒီအတွက် အကြောင်းပြစရာ တချို့ရှိ ပါတယ်။ တစ်ခါတစ်လေတော့လည်း ဒီလို ဆုံးဖြတ်ချက်မျိုးက လိုအပ်တတ်တယ်လေ"ဟု ပြောကြားခဲ့သည်။

မိုက်ကယ်နှင့် ကက်သရင်းတို့တွင် အသက်(၁၃)နှစ်ရှိ ဒိုင်လန်နှင့် အသက်(၁၀)နှစ်အရွယ် ကာရီစ်ဆိုသည့် ကလေးနှစ်ဦးရှိသည်။ မိုက်ကယ်သည် အမ်မီဆုပေးပွဲတွင် မီနီစီးရီးသို့မဟုတ် ရုပ်ရှင်အတွက် Behind the Candelabra ဇာတ်ကားဖြင့် အကောင်းဆုံး မင်းသားဆုကို ရရှိခဲ့သည်။ ဆုလက်ခံယူပြီးနောက် မိုက်ကယ် က ပရိသတ်များကို အမှတ်တရ စကားဆိုခဲ့ရာ၌ "ကျွန်တော့်ကို ထောက်ပံ့ အားပေးခဲ့တဲ့ ကျွန်တော့်ဇနီး ကက် သရင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော့် ကလေးနှစ်ယောက်ဖြစ်တဲ့ ဒိုင်လန်နဲ့ ကာရီစ်တို့ ကိုရောပေါ့။ မကြာခင် ကျွန်တော်နဲ့ သူတို့ အတူဆုံဖြစ်မယ်လို့ ယုံကြည်ပါတယ်"ဟု ထည့်သွင်း ပြောကြားသွားသည်။ မိုက်ကယ်နှင့် ကက်သရင်းတို့သည် အိမ်ထောင်သက်တမ်း (၁၃)နှစ် အကြာတွင်မှ သီးခြားခွဲခွာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်