Sunday, September 29, 2013

SSA(ဝမ်ဟိုင်း)အဖွဲ့ နှင့် ဒေါ်နန်းခမ်းအေးတို့  ကိုယ့်နေရာကိုယ် သိဖို့ လိုပါသည်

Posted by drmyochit Sunday, September 29, 2013, under | No comments


နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစား နေချိန်နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ ကျင်း ပနေချိန်တွေ မှာ ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSA (၀မ်ဟိုင်း) တပ်ဖွဲ့များ နဲ့ တပ်မတော်တို့ ရှမ်းပြည်နယ် နမ္မတူမြို့နယ်ရှိ မိုင်းရင်ကျေးရွာမှာ တိုက်ပွဲများ ဖြစ်ပွား ခဲ့ပါတယ်။တိုက်ပွဲများမှာ စက်တင်ဘာလ ၁၇ ရက်က စတင်ဖြစ်ပွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး အ တွက် ယုံကြည်မှု တည်ဆောက်ပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းမှာလည်း ထပ်မံဖြစ်ပွားခဲ့ပါတယ်။

SSA(၀မ်ဟိုင်း)အဖွဲ့ဟာ အစိုးရနဲ့ အပစ်ရပ်သဘောတူညီထားသော်လည်း သဘောတူညီချက်ပါ သတ်မှတ် နယ်မြေများမှာ မနေဘဲ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုခြင်းများကို ကျူးလွန်လျှက် ရှိတဲ့ အပြင် နယ်မြေ စိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းများကိုလည်း ချောင်းမြောင်းပစ်ခတ် တာတွေကို အမြဲ လုပ်ဆောင်လျှက်ရှိပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုဟာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ဖို့ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအနီး ရောက်ရှိခဲ့ပါတယ်။ ဒီအချိန်မှာ ရှမ်းတိုင်းရင်သားများ ဒီမိုကရက် တစ်ပါတီ SNDP (ကျားဖြူပါတီ)က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးဟာ တပ်မတော် စစ်ကြောင်းများ မိုင်းရင်ရွာသို့ ၀င်ရောက်မှု မရှိစေရေး တားမြစ်ပေးရန်နဲ့ တိုက်ပွဲများဖြစ်ပွား လာခဲ့ ရင် ဒေသခံ/ ရွာသူရွာသားများ ထိခိုက်မှုများ မဖြစ်အောင် ဆောင်ရွက်ဖို့ လားရှိုးရှိ စစ်ဘက် တာဝန်ရှိသူ များထံ ဖုန်းနဲ့ဆက်သွယ် တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

နောက်တစ်ရက် စက်တင်ဘာ ၁၇ ရက်နေ့မှာ SSA(၀မ်ဟိုင်း)အဖွဲ့က တပ်ဖွဲ့ဝင်များဟာ မိုင်းရင်ရွာကို ဆက်ကြေးကောက်၊ လူသစ်စုဖို့ ရောက်လာပြီး အဲဒီနေ့ညနေပိုင်းမှာ တပ်မတော်ကို စတင်ပစ်ခတ် တိုက် ခိုက်ခဲ့ပါတယ်။ SSA(၀မ်ဟိုင်း)အဖွဲ့ဘက်က တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ SSA(၀မ်ဟိုင်း) အဖွဲ့က အဲ့ဒီ စစ်ကြောင်းကို ထပ်မံတိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးဟာ မိုင်းရင်ရွာကို စက်တင်ဘာလ ၁၆ ရက်နေ့ ကတည်း က ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကျေးရွာစိုက်ပျိုးရေးကိစ္စများ စစ်ဆေးရန် အကြောင်း ပြချက်နဲ့ ယခုအထိ ရှိနေဆဲ ဖြစ်ပါတယ်။ ဒေါ်နန်းခမ်းအေးရဲ့ ပြုမူပြောဆို လုပ်ဆောင်ချက်များကို ကြည့်ရင် ကိုယ်နဲ့မဆိုင် တဲ့ကိစ္စတွေမှာ ၀င်ရောက်စွက်ဖက်နေတာ ထင်ရှားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ အရှိန်အ၀ါ ကို အသုံးချပြီး ကိုယ်နဲ့လည်းမဆိုင် ကျွမ်းကျင်မှုလည်းမရှိတဲ့ စစ်ရေး စစ်ရာ ကိစ္စတွေမှာ ပါဝင်ပတ်သက် စွက်ဖက်လာတာကို တွေ့ရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဆိုသော်လည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပုလင်းတူဗူးဆို့ပူးပေါင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှောင့်နှေးေ အာင် လုပ်ဆောင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့ဟာ လွှတ်တော် ကိုယ်စား လှယ်တွေကတစ်ဆင့် တပ်မတော်စစ်ကြောင်းတွေကို နယ်မြေရှင်းလင်းရေးတွေ မလုပ်ဖို့ ဒီနယ်မြေတွေထဲ မလာဘို့ပြောနေတဲ့ သဘောဖြစ်ပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့ဟာ ငြိမ်းချမ်းရေးကို ခုတုံးလုပ်၊ လွှတ်တော် ကိုယ်စားလှယ်ကို အသုံးချပြီး နယ်မြေတိုးချဲ့လာတာဖြစ်ပါတယ်။

ဒေါ်နန်းခမ်းအေးဟာ ၄င်းတို့ပါတီ အာဏာခိုင်မြဲရေးအတွက် ပြည်သူလူထုကို တစ်ပတ်ရိုက်ပြီး အပေါ စားခေါင်းဆောင်မှု ရယူလာတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ SSA (၀မ်ဟိုင်း) နှစ်ဖွဲ့ပေါင်း ပြီး အပေးအယူလုပ်ကာ လွှတ်တော် အတွင်းအပြင်ကနေ နိုင်ငံရေး စစ်ရေး အမြတ်ထုတ် လာတာ ဖြစ် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရှိန်အ၀ါကိုသုံးပြီး စစ်ရေးစစ်ရာကိစ္စတွေ တစ်နည်းပြောရရင် အစိုးရရဲ့ စီမံခန့်ခွဲမှုတွေကို ၀င်ရောက်စွက်ဖက်လာတာ ဖြစ်ပါတယ်။ SNDP (ကျားဖြူ)ပါတီ က ဒေါ်နန်း ခမ်းအေး အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့ဟာ နိုင်ငံရေးမှာ သာမက စစ်ရေးလှုပ်ရှားမှုများမှာပါ ၀င်ရောက်စွက်ဖက်ရန် ကြိုးစားလျှက်ရှိနေပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ နယ်မြေအလိုက် SSA (၀မ်ဟိုင်း) အဖွဲ့များနဲ့ ထိတွေ့ဆက်ဆံပြီး ဒေသခံရွာသူရွာသား များအပေါ် ၄င်းတို့ရဲ့ သြဇာညောင်းစေ ရန် နဲ့ ၄င်းတို့ပါတီ အာဏာလွှမ်းမိုးစေရန် လုပ်ဆောင်လျှက် ရှိပါတယ်။

ဒေါ်နန်းခမ်းအေးဟာ ကျေးရွာဖွံ့ဖြိုးရေးကို အကြောင်းပြပြီး မိုင်းရင်ရွာမှာ ဆက်လက်နေထိုင် နေတာဟာ ရိုးဖြောင့်မှုမရှိလှကြောင်း ပေါ်လွင်နေပါတယ်။ အစိုးရတပ်များရဲ့ အားနည်းချက်များကို အပြစ်ရှာ အထောက်အထားရယူဖို့ လွှတ်တော်ကို တိုင်ကြားဖို့ အားထုတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ Internet media များနဲ့ ၀ါဒဖြန့်တာတွေကိုလည်း ဆောင်ရွက်လာပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်များနဲ့ SNDP (ကျားဖြူ)ပါတီတို့ဟာ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေကြပါတယ်။ ဒီလို နှစ်ဖက် တပ်ဖွဲ့များ အပစ်အခတ်ဖြစ်နေတဲ့ ဒေသမှာ အနေအထိုင်မတတ်တဲ့ ကိုယ်စားလှယ် တစ်ယောက်မတော်တဆ ထိ ခိုက်သေဆုံးခဲ့ရင်လည်း တပ်မတော်အပေါ်ကိုသာ အပြစ်ပုံချကြဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း SSA (၀မ်ဟိုင်း) အဖွဲ့ကို သတ် မှတ် နေရာတွေမှာသာ နေထိုင်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူထားပြီးဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များအနေနဲ့ သတ်မှတ်ပေးထားတဲ့ နေရာမှာနေရင် တိုက်ပွဲတွေ ဖြစ်လာ စရာ အကြောင်းမရှိပါဘူး။ သတ်မှတ်နေရာမှာမနေဘဲ နယ်မြေတွေကျော်ပြီး ရွာတွေမှာ ဆက်ကြေး လိုက်ကောက် လူသစ်စု စတဲ့ ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေ လို့သာ ဒီလိုတိုက်ပွဲတွေဖြစ်နေရတာပါ။

အောက်တိုဘာလမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ကြိုးစားနေချိန်မှာ ယခုလို တိုက်ခိုက် လာတာဟာ SSA (၀မ်ဟိုင်း) အဖွဲ့ဖက်က ကတိမတည်တဲ့သဘော ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးယုံကြည်မှု တည်ဆောက်နေတဲ့ပွဲ ကျင်းပနေချိန်အတွင်း ယခုကဲ့ သို့ ဖြစ်ပွားနေသည့်အပေါ် အခမ်းအနားသို့ တက်ရောက်လာသူ အချို့ကရှုတ်ချခဲ့ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားပါသလား။
“ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမယ်”၊ “ရိုးသားပြီး ကတိတည်မယ်”၊ “ငြိမ်းချမ်းရေး အကြောင်းပြပြီးအမြတ်မထုတ်ဘူး”၊ “တိုင်းရင်းသားပြည်သူလူထုအပေါ် ဒုက္ခမပေးဘူး ” ဆိုရင် တိုက် ပွဲတွေဖြစ်စရာ အကြောင်းမရှိပါဘူး။ ဒီလိုမှမဟုတ်ဘဲ စေတနာမမှန်မကန်နဲ့ တိုင်းရင်းသား ပြည်သူလူထု အပေါ်ဒုက္ခပေးနေရင်တော့ တပ်မတော်က နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးတွေ လုပ်ပြီး ပြည်သူ လူထုကို ဆက် လက်အကာအကွယ်ပေးနေရမှာဘဲ ဖြစ်ပါတယ်။

SSA (၀မ်ဟိုင်း) အဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့မှာ အစိုးရနဲ့အပစ်အခတ် ရပ် စဲရေးပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ပါ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာလည်း လူသစ်စု၊ ဆက်ကြေးကောက်ခံမှုများ ရှိနေဆဲဖြစ်ပြီး တပ်မတော်နဲ့ လက်ရှိအချိန် အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်အထိ ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ကိုယ့်နေရာကိုယ်သိဖို့၊ ကိုယ်နေရာကိုယ်နေဖို့ လိုအပ် ပါတယ်။


အလားတူ ဒေါ်နန်းခမ်းအေး ကဲ့သို့သော ကိုယ်စားလှယ်များသည်လည်း ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့၊ ကိုယ့်နေရာ ကိုယ်နေတတ်ကြဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုကို ဗန်းပြပြီး မိမိနဲ့မသက် ဆိုင်တဲ့နေရာများမှာ မိမိနဲ့မသက်ဆိုင်သောကိစ္စများကို ၀င်ရောက်စွက်ဖက်ရန် မသင့်ပါဘူး။ “ ဥပဒေ အထက်တွင် မည်သူမျှမရှိစေရ” ဟူသောပြည်သူ့လွှတ်တော်ဥက္ကဌကြီးရဲ့ တစ်ချိန်ကစကား ကိုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုယ်တိုင်က မျက်ကွယ်ပြုပြီး ဥပဒေအထက်တက်ကာ မလည်ရှုပ် လုပ်နေလျှင် ကြီးစွာဘေးဒုက္ခရောက်နိုင်ကြောင်း သတိပေးလိုက်ရပါတယ်။

ပြည်ချစ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်