Sunday, October 06, 2013

ပန်းသေပန်းညှိုးခြင်းအတွက် အစွမ်းထက် ကုထုံးသစ်တစ်ခုကို စမ်းသပ်နေ

Posted by drmyochit Sunday, October 06, 2013, under | No comments



ဓာတ်ငွေ့ ဖြည့်တင်းထားသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများသည် အမျိုးသားများ၏ လိင်မှုဘဝကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ဖိနှိပ်သည့် အခြေအနေကို တွန်းလှန်ရန် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။

ပန်းသေပန်းညှိုး ဝေဒနာသည် အမျိုးသားများအတွက် ကုသရေး နည်းလမ်းသစ် တစ်ခုကို သုတေသီများက အတည်ပြု စမ်းသပ်နေကြောင်း သိရှိရသည်။ ဓာတ်ငွေ့ ဖြည့်တင်းထားသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများသည် အမျိုးသားများ၏ လိင်မှုဘဝကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ဖိနှိပ်သည့် အခြေအနေကို တွန်းလှန်ရန် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။ ဆေးဘက်ဆိုင်ရာ သုတေသီများက ယင်းနည်းလမ်းသည် ဗီယာဂရာ ဆေးဝါးများထက် ပိုမို၍ အကျိုးသက်ရောက်မှု ထူးကဲမည်ဟု မျှော်လင့်လျှက် ရှိသည်။ စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးသည့် ယခုကုထုံးတွင် အလွန်သေးငယ်သော ပုတီးစေ့လေးများကို ဝေဒနာသည် အမျိုးသား၏ သုက်လွှတ်တံအတွင်း ထည့်သွင်းပေးရမည် ဖြစ်သည်။

အစောပိုင်း သုတေသန ရလဒ်များအရ ယခုနည်းလမ်းသည် ဆေးဝါးများ သုံးစွဲခြင်းထက် သက်ရောက်မှု အားကြီးကြောင်း သုတေသီများက ထောက်ခံထားသည်။ အကျယ် (၁)မီလီမီတာပင် မရှိသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများကို ဝေဒနာရှင် အမျိုးသား၏သုက်လွှတ်တံ အနီးတဝိုက်တွင် ထည့်သွင်းပေးပြီး ယင်းတို့က နိုက်ထရစ်အောက်ဆိုက် ဓာတ်ငွေ့ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနေမည် ဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့သည် သွေးကြောများကို ကျယ်ပြန့်စေသည့် အာနိသင်မျိုး ရှိနေပြီး ဝေဒနာသည်၏ မျိုးပွားအင်္ဂါ တစ်ဝိုက်တွင် သွေးရောက်ရှိမှုကို အထောက်အပံ့ ဖြစ်စေသည်။ ပန်းသေပန်းညှိုးခြင်းသည် သုက်လွှတ်တံတစ်လျှောက်ရှိ သီးခြား အခန်းငယ်လေး အတွင်းသို့ သွေးဝင်ရောက်နိုင်မှု မရှိတော့၍ဖြစ်ရာ ယခုကုထုံးက ယင်းဖြစ်စဉ်ကို တွန်းလှန်နိုင်မည်ဟု သိရသည်။

အဆိုပါ အခန်းငယ်လေးများသည် သဘာဝအလျောက် ရှုပ်ထွေးလွန်းသော သွေးကြောငယ်များဖြင့် ယှက်ဖြာနေပြီး ယင်းတို့၏ အတွင်းပိုင်း သွေးစီးဆင်းမှု အကြောင်းတစ်ခုခုဖြင့် အဟန့်အတား ဖြစ်လာခြင်းက ပန်းသေပန်းညှိုး ပြဿနာကို ပေါ်ပေါက်လာစေသည်။ ယခုပုတီးစေ့လေးများကမူ အဆိုပါ ဧရိယာတွင် သွေးလှည့်ပတ် ဝင်ရောက်မှုကို အားပေးနိုင်မည် ဖြစ်သည်။ အမျိုးသားများ ပန်းသေပန်းညှိုး ဝေဒနာ ကြုံရသည့် အကြောင်းရင်းများ၌ သွေးတိုးခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ကိုလက်စထရော များလွန်းခြင်းတို့လည်း အပါအဝင်ဖြစ်သည်။ ယခုနည်းလမ်းသည် ဆီးချိုကြောင့် လိင်သာယာမှု ပျောက်ဆုံးသွားသူများအနက် (၅၀)ရာခိုင်နှုန်းမှ (၇၅)ရာခိုင်နှုန်းထိကို အကူအညီ ပေးနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

ယခင်က နိုက်ထရစ် အောက်ဆိုက် ဓာတ်ငွေ့သည် နှလုံးသွေးကြောများကို ကျယ်စေသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါသည်များအတွက် အသုံးပြုရန် နည်းလမ်းတစ်ခုအဖြစ် တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၊ ရိုက်စ်တက္ကသိုလ်မှ သုတေသီများကမူ ယင်းအခြေခံ အာနိသင်ကို အခြားနည်းလမ်း တစ်ရပ်တွင် ပြောင်းလဲ အသုံးချခဲ့ခြင်း ဖြစ်သည်။ တိရစ္ဆာန်များဖြင့် စမ်းသပ်မှု ရလဒ်များအရ (၃)ပတ်မျှ အတောအတွင်း စွမ်းဆောင်ရည်ပိုင်း နိုးကြားမြင့်မားလာသည်ကို အတည်ပြု တွေ့ရှိထားပြီး ဖြစ်သည်။ ယခုစမ်းသပ်ချက်များသည် Type 2 ဆီးချိုနှင့် စပ်လျဉ်းသည့် ပန်းသေပန်းညှိုး ပြဿနာတွင်သာ အကျုံးဝင်သော်လည်း အခြားအကြောင်းရင်းများနှင့် ဆက်စပ်သည့် ဝေဒနာရှင်များအတွက်ပါ ကုထုံးကောင်းတစ်ခု ဖြစ်လာမည်ဟု ပညာရှင်များက ယုံကြည်လျှက် ရှိသည်။ ယခုအခါ ရိုက်စ်တက္ကသိုလ်မှ သုတေသီများသည် လူသားများနှင့် စမ်းသပ်ရန် စီစဉ်နေပြီ ဖြစ်သည်။

အခြားသော သတင်းများအရ သိပ္ပံပညာရှင် အချို့သည် ပန်းသေပန်းညှိုးမှု ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးမည့် စက်ဘီးထိုင်ခံ တစ်မျိုးကိုလည်း ဖန်တီးထားကြောင်း သိရှိရသည်။ ယခင် သုတေသန ရလဒ်များက စက်ဘီးစီးရာတွင် ပုံမှန်အားဖြင့် ကပ်ပယ်အိတ်ကို ထောက်ပံ့သည့် ပေါင်ခြံသွေးကြောများကို ပြင်းထန်စွာ ဖိနှိပ်ထားမှု ဖြစ်ပေါ်နေစေကြောင်း အတည်ပြု ဖော်ထုတ်ထားနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် အမျိုးသား စက်ဘီးသမား တစ်ဦးသည် စက်ဘီးစီးနေချိန်တွင် သုက်လွှတ်တံသို့ သွေးပို့လွှတ်မှု (၇၀)ရာခိုင်နှုန်းမျှ လျော့ကျနေမည် ဖြစ်သည်။ ယင်းအခြေအနေ ကာလရှည်ကြာ သက်ရောက်နေပါက ပန်းသေပန်းညှိုး ပြဿနာ ကြုံနိုင်ခြေ မြင့်တက်လာမည်ဟု ဆိုသည်။ ပညာရှင်များက (၃)နာရီအထက် စက်ဘီးစီးမှုများသည် ရေရှည်တွင် အမျိုးသားများ၏ လိင်မှုဘဝကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။

စပိန်နိုင်ငံ အလီဆန်တီ တက္ကသိုလ်မှ ပညာရှင်များကမူ ယင်းပြဿနာကို ဖြေရှင်းပေးမည့် စက်ဘီးထိုင်ခုံ တစ်ခုကို တီထွင်ဖန်တီးနေကြောင်း ပြောဆိုခဲ့ကြသည်။ အောက်ခြေတွင် ပတ္တာကဲ့သို့ နေ ရာရွှေ့ပြောင်းနိုင် သည့် ဒီဇိုင်းသစ် ထိုင်ခုံသည် ခန္ဓာကိုယ် တည်ရှိပုံ ထောင့်ချိုး အပြောင်းအလဲမျိုး ဖြစ်လာစေပြီး စက်ဘီးစီးနေ စဉ် ပေါင်ခြံသွေးကြောများကို ဖိနှိပ်ထားခြင်းအား ရှောင်လွှဲနိုင်မည် ဖြစ်သည်။ ယင်းပစ္စည်း သည်လည်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေပြီး ပန်းသေပန်းညှိုး ဝေဒနာကို ဆန့်ကျင်တိုက်ဖျက်ရာတွင် မည်သည့် ပမာဏထိ ထိရောက်အောင်မြင်မည်ကို သုတေသန ပြုနေဆဲဟု သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်