Sunday, October 06, 2013

ဝတပ်အနေနဲ့ တပြည်လုံး အပစ်ရပ်ပွဲမှာ ချက်ချင်း လက်မှတ်မထိုးနိုင်

Posted by drmyochit Sunday, October 06, 2013, under | No comments

UWSA ၀တပ်ဖွဲ့ဝင် တစ်ဦး
မြန်မာနိုင်ငံက အကြီးဆုံး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ဖြစ်တဲ့ UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ အနေနဲ့ အစိုးရရဲ့ တပြည်လုံး အပစ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို တက်ရောက်နိုင်ပေမယ့် လက်မှတ်ထိုးဖို့တော့ မဖြစ်နိုင်သေး ဘူးလို့ ပြောပါတယ်။

ဝတပ်ဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ သောကြာနေ့တုန်းက ရှမ်းပြည်နယ် ပန်ဆန်းမှာ တွေဆုံ ဆွေးနွေး ကြပြီးနောက် ဝတပ်ဖွဲ့က အဲဒီလို ပြောတာ ဖြစ်ပါတယ်။

တပြည်လုံး အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အစီအစဉ်ကို ခုချိန်ထိ အသေးစိတ် မသိရသေး တဲ့အတွက် လက်မှတ်မထိုးနိုင်တာ ဖြစ်တယ်လို့ UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

အစိုးရအနေနဲ့ သူ့ရဲ့အစီအစဉ်ကို တိုင်းရင်းသား အားလုံးကို ချပြပြီး အားလုံး သဘောတူ လက်ခံတဲ့ အချိန်ကျမှ ဝတပ်ဘက်က လက်မှတ်ထိုးနိုင်မယ်လို့ သူက ပြောပါတယ်။

အစိုးရကတော့ ဒီလကုန် ၊ နောက်လဆန်း လောက်ကျရင် တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ တပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲ လုပ်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ ဝတပ်ဖွဲ့တို့အကြားမှာ မကြခင်လပိုင်းတွေက တပ်စခန်း ကိစ္စ၊ ၀ပြည်နယ် ထပ်မံ တောင်းဆိုတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး မပြေလည်မှုတွေ ရှိခဲ့ပါတယ်။

အခု ဆွေးနွေးပွဲမှာတော့ ဦးသိန်းဇော်အပြင် ပြည်ထောင်စု ဝန်ကြီးတွေလည်းပါဝင်လာကြပြီး ဝနယ်အတွင်း သန်းခေါင်းစာရင်း ကောက်ဖို့ကိစ္စ၊ မှတ်ပုံတင် ထုတ်ပေးဖို့ ကိစ္စနဲ့ ဘိန်းအစားထိုး ရာဘာစိုက်ခင်းတွေမှာ တခြားဒေသတွေကလူတွေကို ဝနယ်ထဲ ခေါ်ယူပြီး အလုပ်ပေးဖို့ ကိစ္စတွေလည်း ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

ဝနယ်မှာ လူဦးရေ ၃ သိန်းကျော် ၄ သိန်းလောက် ရှိပြီး အများစုက မြန်မာနိုင်ငံသား မှတ်ပုံတင်မရှိလို့ တရုတ်ပြည်လည်း သွားမရ၊ မြန်မာပြည်တွင်းလည်း ဝင်လို့ မရ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်