Thursday, December 12, 2013

Digicel နှင့် Ooredoo ကဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်မှု စီမံကိန်းတွင် ပူးပေါင်းပါဝင်မည်

Posted by drmyochit Thursday, December 12, 2013, under | No comments


နိုင်ငံတကာ မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Digicel က မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် လိုင် စင် ရထား သည့် Ooredoo ကုမ္ပဏီနှင့်ပူးပေါင်းကာ အစိုးရ၏ တာဝါတိုင်တည်ဆောက်မည့် စီမံကိန်း များတွင် ပါဝင်လာတော့မည်ဖြစ်ကြောင်း ၎င်းကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

ယခုကဲ့သို့ ပြည်တွင်းမိုဘိုင်း ဆက်သွယ်ရေးကွန်ရက်အတွက် တာဝါတိုင်များစိုက်ထူမှုတွင် ကာတာနိုင်ငံ အခြေ စိုက် Ooredoo ကုမ္ပဏီနှင့်အတူ ပါဝင်လာသည့် Digicel သည် ၎င်းတို့သီးသန့် ပါဝင်လာခြင်းမျိုး မ ဟုတ်ပေ။

မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်တွင် ထင်ရှားသည့် Yoma Strategic Holdings Ltd, First Myanmar Investment (FMI) ကုမ္ပဏီတို့ပါဝင်သည့် YSH Finance Ltd နှင့် Digicel လုပ်ငန်းစုတို့သည် Digicel Asian Holdings ဟူသောအမည်ဖြင့် စီးပွားရေးလုပ်ငန်းစု တစ်ခုကိုမကြာသေးမီကမှ ဖွဲ့စည်းထားခဲ့သည်။

ထို Digicel Asian Holdings လုပ်ငန်းစုသည် ကာတာနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းကာမြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းကွန်ရက်အတွက် တာဝါတိုင်တည်ဆောက်ခြင်း လုပ်ငန်းများကို  လာမည့်နှစ်အတွင်း လုပ်ဆောင်သွားတော့မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများဘက်က ပြောကြားသည်။

ယင်းကဲ့သို့ ဆက်သွယ်ရေးကွန်ရက်အတွက် တာဝါတိုင်များတည်ဆောက်မည့် စီမံကိန်းကို Digicel Asian Holdings သည် Myanmar Tower ဟူသောအမည်ဖြင့် လုပ် ကိုင်ဆောင်ရွက် သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံအတွက် အရည်အသွေးမြင့်တဲ့ ဆက်သွယ်ရေးကွန်ရက် တစ်ခုကို ကျွန်တော်တို့ပူးပေါင်း တည်ဆောက်ပေးမှာပါ။ ဒီတည်ဆောက်မှု စီမံကိန်းကမြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုး လာဖို့အတွက် ရည်ရွယ်ပါတယ်” ဟု Digicel ၏ဥက္ကဋ္ဌဖြစ်သူ Mr.Denis O'Brien ကပြောသည်။

Digicel နှင့် Ooredoo ပူးပေါင်းမှုသည် တာဝါတိုင်များတည်ဆောက်မှုတွင် ပါဝင်ရုံမဟုတ်ဘဲ တစ်နိုင်ငံလုံး၏ ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှု၏ အစိတ်အပိုင်းများတွင်လည်း ဆောင်ရွက်ရန်ရှိနေကြောင်း ယင်းကုမ္ပဏီများဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ ဒေသခံကုမ္ပဏီ တစ်ခုအနေနဲ့ တခြားဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းခွင့်ရတာကို ကျေနပ်မိပါတယ်။ အခုလိုပူးပေါင်းမှုကနေတစ်ဆင့် ဒီနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုနဲ့ ဆက်သွယ်ရေး စနစ်တွေကောင်းမွန်လာမှုကို ဦးတည်လုပ်ဆောင်သွားမှာပါ” ဟု FMI စီးပွားရေးလုပ်ငန်းစု၏ ဥက္ကဋ္ဌ Mr. Serge Pun ကဆိုသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ နိုင်ငံအတွင်း ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မှုစီမံကိန်းသည် လက်ရှိအနေအထားတွင် ကျေနပ်အားရဖွယ်ရာ အနေအထားသို့ မရောက်ရှိသေးကြောင်း ကွန်ပျူတာပညာရှင် နယ်ပယ်မှ လေ့လာသုံးသပ်သူတို့က ဆိုကြသည်။

အစိုးရ၏ဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်မည့် စီမံကိန်းတွင် ယခုကဲ့သို့ ဂျမေကာနိုင်ငံအခြေစိုက် Digicel ကုမ္ပဏီနှင့်ကာတာနိုင်ငံ၏ Ooredoo တို့ပါဝင်လာသည့်အပြင် တရုတ်နိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းစုသည်လည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။


-ယုဇနကိုကို
အတွဲ (၁၄)၊ အမှတ် (၄၈)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်