Thursday, February 20, 2014

တမူးတွင် ဈေးလာရောင်းသည့် ပန်ချာပီနှစ်ဦး ပျောက်ဆုံးပြီးနောက် နှစ်နိုင်ငံနယ်စပ်ဂိတ်ကို အိန္ဒိဘက်မှပိတ်

Posted by drmyochit Thursday, February 20, 2014, under | No comments

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ပျောက်ဆုံးခဲ့သော ပန်ချာပီနှစ်ဦးကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံက ဖေဖော်ဝါရီ ၁၉ ရက် နံနက်မှစ၍ ပိတ်လိုက်ကြောင်း တမူးမြို့ခံများ နှင့် တမူးမြို့ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

““မြန်မာဘက်ကတော့ မပိတ်ပါဘူး။ သူတို့ဘက်က ပိတ်လိုက်တာပါ။ ပန်ချာပီနှစ်ဦးပျောက်သွားတာနဲ့ ဆိုင်မယ်ထင်တယ်”” ဟု တမူးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက် နံနက်တွင် အိန္ဒိယနိုင်ငံဘက်မှ ပန်ချာပီခြောက်ဦး မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာပြီး နှစ်ဦးချင်းစီ လူခွဲကာ တမူးမြို့ပေါ်တွင် ဈေးရောင်းခဲ့သည်။ ထို့နောက် ပန်ချာပီလေးဦးမှာ အိန္ဒိယနိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာသော်လည်း နှစ်ဦးမှာ ပြန်ရောက်မလာသဖြင့် တမူးမြို့ သက်ဆိုင်ရာအာဏာပိုင်များကို အိန္ဒိယအာဏာပိုင်များမှတစ်ဆင့် အကြောင်းကြားခဲ့သည်ဟု သတင်းရရှိသည်။

““ရှာမတွေ့တာတော့ ကိုးရက်လောက်ရှိပြီ။ လူက ရှာမတွေ့တော့ အိန္ဒိယဘက်က လူငယ်ကွန်ရက်က မြန်မာပြည်က လူငယ်ကွန်ရက်ကို လှမ်းချိတ်တယ်။ ကျွန်တော်တို့လည်း ရှာပေးနေတယ်”” ဟု တမူးမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ကိုယဉ်ကိုဦးက ပြောသည်။

နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ၀င်ရောက်လာသူ မည်သူမဆို တရားဝင် ညအိပ်၊ ညနေ နေခွင့်မရသော်လည်း နားလည်မှုဖြင့် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးများမှတစ်ဆင့် မနက်ခြောက်နာရီမှ ညနေခြောက်နာရီအထိ နေထိုင်ခွင့်ပေးထားသည်။

တမူးမြို့နယ်စပ် လ.၀.က ဂိတ်မှတစ်ဆင့် တစ်ရက်တာလည်ပတ်ခွင့်ဖြင့် ရောက်ရှိလာသူ ခြောက်ဦးအနက် ပျောက်ဆုံးနေသူ အိန္ဒိယနိုင်ငံသား ပန်ချာပီနှစ်ဦးကို စုံစမ်းစစ်ဆေးနေပြီး ယနေ့ အချိန်ထိ မတွေ့ရှိရသေးကြောင်း နယ်စပ်ဂိတ် လ.၀.ကဂိတ်တွင် တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံက အဆိုပါကိစ္စကြောင့် နယ်စပ်ဂိတ်ကိုပိတ်လိုက်ပြီး မြန်မာနိုင်ငံသားတစ်ဦးတစ်ယောက်မျှ အိန္ဒိယနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ပေးမည်မဟုတ်ဟု နယ်စပ်ကုန်သည်အချို့ကို ပြောကြားခဲ့သည်ဟု နယ်ခံကုန်သည်အချို့က ပြောသည်။

Author: အိဖြူမွန်
7day Daily

အိန္ဒိယနယ်စပ် တမူးမြို့တစ်နေရာကိုတွေ့ရစဉ် ဓာတ်ပုံ - ကိုစိုင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်