Thursday, February 06, 2014

မလေးရှားတွင် ဖမ်းဆီးခံရသူများ မြန်မာ မှန်ကန်မှသာ အထောက်အထားပေးမည်

Posted by drmyochit Thursday, February 06, 2014, under | No comments


ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မလေးရှားနိုင်ငံတွင် တရားမဝင် ဝင်ရောက် လုပ်ကိုင် မှုကြောင့် ဖမ်းဆီးခံရသည့် လုပ်သား များကို နေရပ်ပြန်ပို့ရေး အစီအစဉ်တွင် မြန်မာနိုင်ငံ သား ဖြစ်သူများကိုသာ အထောက်အထား ထုတ်ပေး သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအရာရှိက ပြောကြားသည်။

မြန်မာနိုင်ငံ သား မှန်ကန်ကြောင်း သန်းခေါင်စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် တင်ပြနိုင်လျှင် နေရပ်ပြန်ခွင့် ရရန် မြန်မာသံရုံးက တရားဝင် အထောက်အထား (CI) ထုတ်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံသား မှန်ပါက အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် အစီအစဉ်ကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာများကို နေရပ်ပို့ရန် စီစဉ်ရာတွင် တရားဝင် အထောက်အထား မရှိဟုဆိုကာ မြန်မာသံရုံးက အဆိုပါ မြန်မာများကို လက်မခံဟု မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Datuk Alias Ahmad က ပြောဆိုကြောင်း မလေးရှားနိုင်ငံပိုင် သတင်းစာဖြစ်သည့် BERNAMA သတင်းစာတွင် ဖော်ပြသည်။

မြန်မာသံရုံးက နိုင်ငံသား မဟုတ်ကြောင်း ငြင်းဆို ခံထားရသူများမှာ မြန်မာစကား ပြောတတ်သော်လည်း ၎င်းတို့တွင် အထောက်အထား မရှိသဖြင့် နေရပ်ပြန်လာရန် အစိုးရက လက်မခံခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

မလေးရှားနိုင်ငံတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က စတင်သည့် တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး အစီအစဉ်တွင် နိုင်ငံခြားသား ၁၅၀၀၀ ကို စစ်ဆေးခဲ့ပြီး ယင်းအနက် နိုင်ငံခြားသား ၃၀၀၀ ခန့်ကို ဖမ်းဆီးထား ကြောင်း BERNAMA သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသားအနက် အင်ဒိုနီးရှားနိုင်ငံသား ၁၀၆၄ ဦး၊ မြန်မာ ၃၄၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ၃၃၁ ဦး အခြားနိုင်ငံသားများ ပါဝင်ကြောင်း ဇန်နဝါရီလ ၃၀ တွင် ဖော်ပြသည့် BERNAMA သတင်းတစ်ရပ်တွင် ပါရှိသည်။

ဖမ်းဆီးခံခဲ့ရသူများအနက် အင်ဒိုနီးရှား ၅၆၃ ဦး၊ မြန်မာ ၁၁၇ ဦးနှင့် ဘင်္ဂလားဒေ့ရှ် ၁၁၃ ဦးတို့ကို မူရင်းနိုင်ငံ ပြန်ပို့ပြီး ဖြစ်သည်ဟု Datuk Alias Ahmad က ပြောဆိုကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာနများတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် ဖမ်းဆီးခံရသူများကို ခုနစ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့မည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်များကို လုပ်သားများ သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံသံရုံးက ကျခံရမည်ဖြစ်ပြီး ပြန်ပို့ခံရသည့် လုပ်သားများသည် နောက်တစ်ကြိမ် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့် မပြုကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားသည်။

မလေးရှားရောက် တရားမဝင် မြန်မာများ အဖမ်းအဆီးမခံရမီ နေရပ်ပြန်လိုသည့် တရားမဝင် မြန်မာများကို တရားဝင် အထောက်အထား (Certificate of Idenity) ထုတ်ပေးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


Oppositeyes

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်