Friday, February 14, 2014

ကျွန်တော်တို့သည် ဟာသလုပ် ပျက်ရယ်ပြုခြင်း ခံရမည့်သူများ မဟုတ်ပါ

Posted by drmyochit Friday, February 14, 2014, under | No comments

အင်ကြင်းဖြူ

အွန်လိုင်းပေါ်ရှိ ဟာသစာမျက်နှာ တစ်ခုမှ ဟာသတစ်ပုဒ်ကို ဖတ်လိုက်ရ ချိန်တွင် သူ့စိတ်တွေ ဆူဝေလာ ခဲ့ရသည်။ ပြီးတော့ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ ဒေါသတွေ ပေါက်ကွဲ ပွင့်ထွက် သွားရသည်။ သည် တော့လည်း အဲ့ဒီဟာသကို တုံ့ပြန်သည့် အနေနှင့် သူ့ရဲ့ဖေ့ဘွတ် ကိုယ်ပိုင်စာမျက်နှာပေါ် မှာပဲ သူ့ခံစား ချက်တချို့ကို ရေးတင်လိုက်မိသည်။

လက်တစ်ဖက်က သိမ်နေလို့ ...

နားမကြားရလို့ ....

မသန်စွမ်းသူတစ်ယောက် ဖြစ်နေလို့ ...

သနားစရာလူတစ်ယောက် မဟုတ်ပါဘူး ...

ကျေးဇူးပြု၍ ဟာသမလုပ်ပါနဲ့ ...


ဇင်မင်းက သူ့ချစ်သူကို အိမ်သို့ အလည်ခေါ်လာခဲ့သည်။ ဇင်မင်း၏ဖခင်က ဇင်မင်း၏ချစ်သူကို မြင်လိုက် သည့်အခါ အလွန် တုန်လှုပ်သွား၏၊ စိတ်ရှုပ်သွား၏။ ထို့ ကြောင့် သူ့သားကို အခန်းထဲခေါ်သွားပြီး တီးတိုး ပြော၏။


“ဒီလောက်အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေ တစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာ အမွေးတွေနဲ့။ မျက်စိက စွေနေသေးတယ်။ သွားကခေါခေါ၊ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့” လို့ ခပ်တိုးတိုး ပြောလိုက် သည်။ သည်တော့ ဇင်မင်းက “ဖေဖေ တိုးတိုးပြောစရာ မလိုပါဘူး။ သူက နားလည်း ကန်းနေသေးတယ် ဖေဖေရဲ့။ သနားစရာလေးပါဗျာ”


အထက်ပါဖြစ်ရပ်ကို ကြုံခဲ့ ကြားခဲ့ရဖူးသူ ကျွန်မအဖို့ ဒီလိုအဖြစ်အပျက်မျိုးက အရမ်း စိတ်တိုဖို့ကောင်း သည်ဟု ခံစားရပါသည်။ သည်လို ဟာသမျိုး၊ သည်လိုစာမျိုး ဖတ်ရရင် စိတ်ထဲတွင် ဘယ်လိုမှ မကောင်း နိုင်တော့ပါ။ သန်စွမ်းတဲ့သူတွေက မသန်စွမ်းတဲ့သူတွေကို ဘာပြုလို့ သည်လိုဟာသမျိုးလုပ်ဖို့ စိတ်ကူး ခဲ့ကြတာများလဲ။ သူတို့ ဘာပြုလို့ သည်လိုအလွယ်တကူ ဟာသ လုပ်နိုင်ကြတာလဲ။ ကျွန်မ တကယ့်ကို စိတ်မချမ်းမြေ့ရတာ အမှန်ပင် ဖြစ်သည်။

မသန်စွမ်းသူများနှင့် ပတ်သတ်၍ ပြုလုပ်ထားသည့် ဟာသများသည် လူထုကွန်ရက်ဖြစ်သည့် အင်တာ နက်၊ ဖေ့ဘွတ်၊ ၀က်ဘ်ဆိုဒ်များရှိ ဟာသစာမျက်နှာ၊ ဟာသစကားစုများတွင် ပြန့်နှံလျက်ရှိသည်။ လူ အများစုမှာ အဆိုပါဟာသများအား သဘောကျရယ်မောကာ တချို့ဆိုလျှင် ယင်း ဟာသများကို မိမိ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာများတွင် နှစ်ခြိုက်စွာ ပြန်လည်ကူးယူ ဖော်ပြနေကြသည်။

ဟာသ လူရွင်တော်များသည်လည်း ပြက်လုံးများတွင် မျက်မမြင်သူ၊ နားမကြားသူ အစရှိသည့် မသန် စွမ်းသူများ၏ ဖြစ်ရပ်များကို ဟာသအဖြစ် စကားလုံးများ၊ အပြုအမူများကို အသုံးပြုကာ ပရိသတ်ကို ရယ် မောစေသည်။


အဆိုပါဖြစ်ရပ်များသည် မသန်စွမ်းသူများ၏စိတ်ကို များစွာနာကျင်ခံစားစေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များကို ဖြစ်ပေါ်စေသည်ကို သူတို့ မသိကြလေရော့ သလား။

ကျွန်မခံစားရသည့် ခံစားချက်မျိုး ကိုထွန်းလည်း ခံစားရပါသည်။ ကိုထွန်းက နယ်မြို့လေးတစ်ခုက ဖြစ် သည်။ သူက ချိုင်းထောက်ဖြင့် သွားလာရသူ ဖြစ်သည်။ ကိုထွန်းကတော့ သူ၏ဘ၀တွင် အငြိမ့်ကြည့် ခြင်းကို မည့်သည့်အခါမျှ မပြုလုပ်တော့ဟူသော ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချထားပြီး ဖြစ်သည်။


အဆိုပါဆုံးဖြတ်ချက်သည် သူနေထိုင်ရာ ရပ်ကွက်အတွင်း ပြုလုပ်ခဲ့သည့် အလှူတစ်ခုမှ အစပြုခဲ့သည်ဟု ကိုထွန်းက ပြောသည်။ နယ်မြို့များတွင် ငွေကြေးရှိသူများ ပြုလုပ်သည့် အလှူများတွင် လူရွင်တော်များ ဌား၍ ညလုံးပေါက်နီးပါးပဲ ဖျော်ဖြေလေ့ ရှိသည်။


“ရပ်ကွက်ထဲကအလှူမှာ အငြိမ့်ပါမယ်ဆိုတော့ ကြည့်ချင်ခဲ့တာပေါ့။ ဘုရားပွဲရှိရင် ဇာတ်ပွဲတွေ လာပေ မယ့် ငွေကြေးအခြေအနေကြောင့် မကြည့်နိုင်ခဲ့ပါဘူး” ဟု ကိုထွန်းက ဆိုသည်။

ကိုထွန်းတို့ရပ်ကွက်ထဲက ယင်းအလှူတွင် ကပြသည့်ဇာတ်ပွဲတွင် လူရွှင်တော် တစ်ဦးက ချိုင်းထောက် နှင့် ထွက်လာသည်။ ယင်းလူရွှင်တော်၏ ပြောင်မြောက်သော စကားလုံးနှင့် အမူအရာများသည် ပရိသတ် ကို တ၀ါးဝါးနှင့် ပွဲကျစေသည်။ သို့သော် ကိုထွန်းအဖို့ရာမူ ယင်းပျက်လုံးများက ရှက်ရွံ့ခြင်းနှင့် အားငယ်မှု တို့အား ခံစားခဲ့ရသည်။ ထို့အတူ ယင်းပြက်လုံးအား သဘောကျသဖြင့် ထွက်လာသော ရယ်သံများနှင့် လက်ခုပ်သံများသည် သူ့ကို လှောင်ပြောင်နှိမ့်ချနေသည်ဟု ခံစားခဲ့ရသည်။ သည်အကြောင်းကို ပြောပြ နေစဉ် ကိုထွန်း၏ မျက်နှာပေါ်တွင် အားငယ်ရှက်ရွှံ့သည့် အရိပ်အယောင်များကို ကျွန်မ အ ထင်အရှား မြင်လိုက်ရသည်။

နောက်ဆုံးတွင်မတော့ တက်ကြွစွာဖြင့် အငြိမ့်ကပြမည့် ဘုန်းကြီးကျောင်းသို့ အစောဆုံး သွားရောက်နေ ရာယူခဲ့သည့် ကိုထွန်းသည် အစောဆုံးပြန်ခဲ့သူလည်း ဖြစ်ခဲ့ရသည်။

ဉဏ်ရည် အားနည်းကြသူများကို အ ရူး၊ ဂေါက်ဟူ၍လည်းကောင်း၊ အမြင်အာရုံ အားနည်းသူကို အကန်း၊ ခန္ဓာကိုယ် မသန်စွမ်းသူများအား အကျိုး၊ မသန်မစွမ်း၊ အပျက်၊ အအ အစရှိသည့် စကားလုံးများ သုံးစွဲ ခေါ်ဝေါ်ခြင်းဖြင့် ကျွန်မတို့သည် သူတို့အပေါ် ရေနစ်ရာဝါးကူ၍ ထိုးနှစ်သလို ဖြစ်ခဲ့သည်ဆိုပါက လောက သည် အကျည်းတန် စေပါလိမ့်မည်။


AAR ဂျပန်မသန်စွမ်းသူများ သက်မွေးလုပ်ငန်း ပညာသင်ကျောင်း ဆံသသင်တန်း သင်တန်းနည်းပြချုပ် ဦးမြတ်မိုးက “ကျွန်တော်တို့တွေကို ရယ်စရာအဖြစ် သုံးလို့ရပါတယ်။ ဒါပေမဲ့ သုံးပြီးရင် ပြန်ဖာထေးတဲ့ စကားလုံးကို အပိတ်အနေနဲ့ ပြောသင့်ပါတယ်။ ဥပမာ-ကျွန်တော်တို့တွေရဲ့ စွမ်းဆောင်ရည်ကိုဖော်ပြတဲ့ အပြုအမူ တစ်ခုခုပေါ့။ မသန်စွမ်းတွေ အကြောင်းကို နားမလည်တဲ့သူတွေအတွက်ကတော့ အဲဒီ ဟာသ တွေက ရယ်မောစရာဖြစ်နေမှာပါ” ဟု ဆိုသည်။

မသန်စွမ်းသူများသည်လည်း လူသားတစ်ဦးပင်ဖြစ်ပြီး ယင်းတို့အား လူအများကဟာသအဖြစ် ရှုမြင်သည် ကို ကြုံတွေ့ရချိန်များတွင် လူသားတစ်ယောက်ဖြစ်ပါလျက် တခြားလူများနှင့်တန်းတူ အခွင့်အရေး မရှိပါ လားဆိုသည့် ခံစာချက်များက မသန်စွမ်းသူတိုင်း ခံစားရစေသည့် ခံစားချက်များ ဖြစ်နေသည်။

မသန်စွမ်းဆီးဂိမ်းတွင် ငါးယောက် တစ်ဖက်ကစားရသည့် ဘောလုံးကစားနည်း၌ ပါဝင်ခဲ့သူ ကိုမျိုးအောင် က “မသန်စွမ်း သူတွေအပေါ်မှာ ဟာသလုပ်တာ လုံးဝ သဘောမကျပါဘူး။ လူတိုင်း မသန်စွမ်း ဖြစ်နိုင် တယ်။ စိတ်ဓာတ်ကသာ အဓိကပါ။ လူတိုင်းမပြည့်စုံပါဘူး။ ကျွန်တော်တို့ကို သနားတာ မလိုအပ်ပါဘူး။ လူတွေက ကျွန်တော်တို့အပေါ်ကို စာနာနားလည်တာကိုပဲ လိုချင်တယ်” ဟု ဆိုသည်။

ယူနီဆက်၏ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၂ ဒသမ ၃၂ ရာခိုင်နှုန်းသည် မသန် စွမ်းသူများ ဖြစ်နေကြသည်။ ယင်းတို့အနက် ၂၄ ရာခိုင်နှုန်းသည် အသက် ၁၆ နှစ်အောက် ဖြစ်ကြသည်။ မိသားစု ၁၀ စုတွင် တစ်ဦး မသန်စွမ်းသူ ရှိနေသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ အသက် ၆ နှစ်မှ ၁၅ နှစ်ကြား မသန်စွမ်းကလေးသူငယ် ငါးဦးအနက်သုံးဦးသည် ကျောင်းမနေဘူးပေ။ မသန်စွမ်းသူ တစ်ဦးသည်လည်း လူသားတစ်ယောက်ပင် ဖြစ်သည့်အတွက် ယင်း တို့တွင် လူတစ်ဦး၏ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသည်။ လူထုအကြား မသန်စွမ်းများနှင့် ပတ်သက်သည့် အသိပညာပေးမှု အားနည်းနေသေးသည့်အတွက် ယင်းကဲ့သို့ဖြစ်ရပ်များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။


မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ ဧဒင် မသန်စွမ်းရိပ်မြုံ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထာအုပ် ကလည်း ယင်းကဲ့သို့ မသန်စွမ်းများအား ဟာသအဖြစ် ပြုမူပြောဆိုနေမှုများ ပြုလုပ်နေသူများသည် မသိ နားမလည်ခြင်း သို့မဟုတ် ခေါက်ရိုးကျိုးနေသည့်အတွေးနှင့် အသုံးအနှုန်းများကြောင့် ဖြစ်နိုင်သည်ဟု သုံး သပ်သည်။

မသန်စွမ်းသူအများစုနှင့် မသန်စွမ်းဆိုင်ရာ တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများကတော့ ယင်းဖြစ်ရပ် များသည် လူထုအား မသန်စွမ်းသူများနှင့် စပ်လျဉ်းသည့် ဗဟုသုတများ ပိုမိုသိရှိစေရန် အသိပညာဖြန့်ဝေ မှုပိုင်းတွင် လိုအပ်သေးကြောင်း ထင်ရှားသည့် ဖြစ်ရပ်သာဓကတစ်ခုဟု ပြောဆိုကြသည်။

မသန်စွမ်းသူအများစု အကြောက်ဆုံးသောအရာမှာ သူတို့ကို လူအများမှ၊ အထင်အမြင်သေး နှိမ့်ချခြင်း များနှင့် သူတို့၏ စွမ်းဆောင်ရည်ကို ထိခိုက်စော်ကားခံရမည့် ကိစ္စရပ်များပင် ဖြစ်သည်။ ယင်းတို့၏ မျှော် လင့်ချက်ပန်းတိုင်မှာ သူတစ်ပါးအား မှီခို အားထားနေရသော အနေအထားတစ်ခုမှ လွှတ်မြောက်ကာ မိမိဘ၀အတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်ဖြစ်ပြီး အဆိုပါ ပန်းတိုင်သို့ရောက်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။

ဘ၀တူ မသန်စွမ်းများ တောင်းစားနေသည်ကို တွေ့ရှိပါက ယင်းတို့အား လွန်စွာ ဒေါသထွက်ပြီး အဆိုပါ အနေအထားသို့ တွန်းပို့သည်မှာ တောင်းစားနေသည့် မသန်စွမ်းများ၏ စိတ်ထားကြောင့်ပင်ဖြစ်ပြီး မသန် စွမ်းရသည့် အခြေအနေနှင့်လုံးဝမှ မသက်ဆိုင်ဟု ခံယူထားကြသည်။

မည်သို့ပင်ဖြစ်စေကာမူ လူမှုဝန်းကျင်တွင် မသန်စွမ်းသူများအား ဟာသအဖြစ် ပြုမူပြောဆိုမှုများ ရှိနေသည်ပင် ဖြစ်သည်။ ယင်းကဲ့သို့သော ဖြစ်ရပ်၊ဖြစ်စဉ် ဟာသ ပြုလုပ်မှုများကြောင့် မသန်စွမ်းသူ ဘယ်နှစ် ဦး၏စိတ်တွင် နာကျင်ခဲ့စားခဲ့ရပြီးပြီနည်း ဆိုသည်ကို ကျွန်မတို့ထိုင်ပြီး တွေးခဲ့ကြဖူးပါ သလား။

ကျွန်မတို့သည် မသန်စွမ်းသူများနှင့် ပတ်သက်၍ ပြုလုပ်ထားသည့် ဟာသများအပေါ် နှစ်ခြိုက်စွာ ရယ်မောနေကြသည့် ပြည်သူလူထုကို မည်ကဲ့သို့ အသိပညာ ဗဟုသုတ ပေးကြမည်နည်း။

From: OPP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်