Friday, February 14, 2014

ရဟန်းသံဃာများကို တပ်မတော်က စစ်သင်တန်းပေးခြင်းမရှိဟု ဦးရဲထွဋ်ငြင်းဆို

Posted by drmyochit Friday, February 14, 2014, under | 1 comment



ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့ တပ်မတော် က ရဟန်းသံဃာများကို စစ်သင်တန်းပေးခြင်း လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။

သံဃာတော် သုံးပါးကို မြန်မာ့ တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် မှတ်တမ်း ဓာတ်ပုံတစ်ခု လူမှု ကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်၍ The Voice ၏ ဆက်သွယ် မေးမြန်းမှုကို သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သည့် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“သံဃာတော်တွေကို သင်တန်းပေးတာ မဟုတ်ပါဘူး။ ပြည်သူ့စစ်တွေကို သင်တန်းပေးနေချိန်မှာ ရွာက ဦးပဉ္စင်းတွေ ကိုရင်တွေ လာကြည့်ပြီး သေနတ်ကိုင်ကြည့် ချင်တယ်ဆိုလို့ လုပ်ပြတာ” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ်မှစတင်ကာ လူမှုကွန်ရက် စာမျက်နှာတွင် သံဃာတော် သုံးပါးနှင့် အတူ ပြည်သူ့စစ် အဖွဲ့ဝင်များကို တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် ဓာတ်ပုံတစ်ပုံ ပျံ့နှံ့ ခဲ့ပြီး အဆိုပါ ဓာတ်ပုံမှာ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုကို ရင်ဆိုင် တိုက်ခိုက်ရန်အတွက် စစ်သင် တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ သင်္ကန်းဝတ်ဖြင့် တွေ့မြင်ရသည်မှာ မသင့်တော်ကြောင်း၊ လူဝတ် လဲပြီးမှ သာ လုပ်ဆောင်သင့်ကြောင်း ယင်းဓာတ်ပုံတွင် ပုံစာအဖြစ် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တောင်ဘက် တပ်မတော် ရဟတ်ယာဉ် ပျက်ကျဖူးသည့် တာလော ကြီးဒေ သရှိ ရှမ်းရွာများတွင် ရွာသူရွာသားများကို ပြည်သူ့စစ်က သင်တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ ဓာတ်ပုံပါ သံဃာတော် များမှာ အနီးရှိ ကျေးရွာများမှ သံဃာအချို့ အပျော်သဘော ဝင်ရောက် ပစ်ခတ်သည်ကို မှတ်တမ်း တင်ထားခြင်း ဖြစ်နိုင်ကြောင်း၊ တပ်မတော်အနေနှင့် သံဃာများကို စစ်သင်တန်းပေးခြင်း မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ရှမ်းရွာတွေဆိုတော့ ကေအိုင်အေက တပ်သား စုဆောင်းတာတွေ ရှိလို့ ပြည်သူ့စစ် သင်တန်းပေးတာပါ။ နောင်မှာ ဒီလို ဝင်ရောက်ကြည့်ရှု ကိုင်တွယ်တာတွေ ခွင့်မပြုဖို့လည်း စိစစ်ကြပ်မတ်သွားမှာပါ” ဟု ဦးရဲထွဋ် က ပြောဆိုသည်။

တာလောကြီးဒေသ ဌာနေပြည်သူ့ စစ်အဖွဲ့ကို ဖွဲ့စည်းထားသည်မှာ အချိန် ၂ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး ရှမ်းနီ လူမျိုးများ အများစုနေထိုင်သည့် ကချင်ပြည်နယ် အတွင်းရှိ ဒေသတစ်ခုဖြစ်ပြီး ပြည်သူ့စစ်အင်အား ၉၀၀ ဝန်းကျင် ရှိကြောင်း တပ်မတော်နှင့် နီးစပ်သူများထံမှ သိရသည်။

Ref: The Voice Weekly

1 comments:

သတင်းမိဒီယာ = လက်တွေ့ = စာတွေ့ = သက်သေ = လွပ်လပ်ခွင့်
( သစ္စာ ) အမှန်တရား

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်