Friday, February 14, 2014

ဘုန်းတော်ကြီးကျောင်းဆောင်ပေါ်သို့ သေနတ်လွယ်ပြီး ဖိနပ်ဖြင့်တက်သော KIA တပ်ဖွဲ့ဝင်များအပေါ် ဒေသခံ ရွာသားများ မကျေနပ်

Posted by drmyochit Friday, February 14, 2014, under | No comments


ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကောင်းဆာကျေးရွာ ဘုန်းတော်ကြီးကျောင်းဆောင်ပေါ်သို့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၉ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ သေနတ်လွယ်ပြီး ဖိနပ်ဖြင့် တက်ခဲ့မှုအပေါ် ဒေသခံရွာသားများက မကျေနပ်ကြကြောင်း သိရှိရသည်။

``ဘုန်းကြီးကျောင်းဝန်းထဲကို သေနတ်တွေကိုင်ပြီး ၀င်လာတယ်။ ဘုန်းကြီးကျောင်းမှာရှိနေတဲ့ ကျောင်းထိုင် ဆရာတော်နဲ့ သံဃာတွေလည်း အရမ်းအံ့သြသွားတာပေါ့၊ ဘုန်းကြီးကျောင်းဝန်းထဲကို သေနတ်တွေနဲ့ ၀င်လာ တဲ့အပြင် ဖိနပ်တွေလည်း မချွတ်ဘူးလေ´´ ဟု ယင်းကျောင်းမှ ကပ္ပိယတစ်ဦးက ပြောသည်။

KIA တပ်ဖွဲ့ဝင်များသည် ကျောင်းဆောင်ပေါ်သို့ ဖိနပ်စီးပြီး တက်လာမှုအပေါ် ကျောင်းထိုင်ဆရာတော် ဦးတေဇနိယမှ ထိုကဲ့သို့ အပြုအမူမျိုးမပြုလုပ်ရန် ပြောကြားမှုအပေါ် KIA အဖွဲ့ဝင်များက မချေမငံပြောဆို ဆက်ဆံသွားခဲ့ကြောင်း သိရသည်။

``ဖိနပ်တွေနဲ့တက်လာတော့ ကျောင်းထိုင်ဆရာတော်က အဲဒီလိုမလုပ်ဖို့ ပြောပါတယ်။ ဆရာတော့်စကားကို နားမထောင်ဘဲ ကျောင်းဆောင်ပေါ်ထိတက်လာတယ်။ ပြီးတော့ ဟိုဟာရှာ ဒီဟာရှာ လုပ်ကြတယ်။ ဆရာတော့် ကို မချေမငံ မျက်နှာမျိုးတွေနဲ့ လှောင်ပြောင်သွားကြသေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့် အဲဒီလိုတော့ မစော်ကားသင့်ဘူးပေါ့။ သူဘာသာကိုယ့်ဘာသာ စည်းတော့ထားသင့်တယ်လို့ ဆရာတော် မြင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်တို့က ခွင့်လွှတ်သည်းခံနိုင်ပေမယ်လို့ ရွာသားတွေ ကတော့ တော်တော် မကျေနပ်ဖြစ်နေကြတယ်´´ ဟု အဆိုပါကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသွား ခဲ့သည်။

ကောင်းဆာရွာတွင် ဒေသခံရှမ်း၊ ဗမာ၊ ကချင်နှင့် အခြားမျိုးနွယ်စုများ ရောနှောနေထိုင်ပြီး ဗုဒ္ဓဘာသာကိုးကွယ် သော ရွာသူ၊ရွာသားများအနေဖြင့် KIA ၏ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော်များအပေါ် မချေမငံ ပြုမူဆက်ဆံခဲ့မှုအပေါ် စိတ်ဆိုးဒေါသထွက်နေကြကြောင်း ယင်းရွာခံ ကိုအောင်ဆန်းမြင့်က ပြောသည်။

``ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဝန်းထဲကို သေနတ်တွေနဲ့ လာတယ်ဆိုကတည်းက တရားလွန်နေပါပြီ။ ဒါကို KIA က ဖိနပ်တွေစီးပြီး ကျောင်းပေါ်တက်တော့ ပိုပြီးအောက်တန်းကျလွန်းတာပေါ့။ ဆရာတော်က ပြောတာကို နားမထောင်ပဲ မချေမငံ ပြောဆိုဆက်ဆံသွားတယ်။ သူတို့ ကိုးကွယ်တဲ့ဘာသာမဟုတ်တာနဲ့ပဲ မရိုမသေ မလေးမစား လုပ်လို့ရမလား။ KIA အနေနဲ့ ဒေသခံတွေအပေါ် လူသစ်စု၊ ဆက်ကြေးကောက်တာ တွေကို နည်းအမျိုးမျိုးလုပ်လို့ အားမရသေးဘဲ ဘာသာရေးကိုပါ စော်ကားလာတဲ့ သဘောပါပဲ။ သူတို့ ကိုးကွယ်တဲ့ ဘာသာကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ စော်ကားရင် သူတို့ ခံနိုင်မလား။ ဒီနယ်မြေမှာ KIA က သူတို့ဘာလုပ်လုပ် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးလုပ်သွားတာ။ ဒီကိစ္စကို လုံးဝ မကျေနပ်ပါဘူး။ တာဝန်ရှိသူတွေဖြေရှင်းပေးဖို့ ဆက်ပြီးတင်ပြသွားမှာပါ´´ ဟု ကောင်းဆာရွာသား ကိုစိုင်းထွန်း က ပြောကြားသွားခဲ့သည်။

နော်ဆိုင်း
Kachin Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်