Thursday, March 06, 2014

RCSS/SSA အဖွဲ့မှ ထွက်ပြေးတိမ်းရှောင်သွားသော တပ်ဖွဲ့ဝင်အစား မိသားစုဝင်များအား ဖမ်းဆီး ခေါ်ဆောင်

Posted by drmyochit Thursday, March 06, 2014, under | No comments


ရှမ်းပြည်နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူလင်းကျေးရွာအတွင်းသို့ ယမန်နေ့မနက်ပိုင်းက ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး တပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေးသွားသည့်အတွက် အစားထိုးဝင်ရောက်ရမည်ဟု ပြောဆိုကာ မိသားစုဝင်များအားဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

“ ရွာထဲကို ၀င်လာပြီး ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်အစား ပြန်ဝင်ရမယ်လို့ပြောပြီး ခေါ်သွားတာပဲ၊ အဖမ်းခံရတဲ့သူက ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်ရဲ့ အစ်ကိုလို့ ပြောသွားတာပဲ ” ဟု ကျူလင်းရွာသားတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့သည် နောက်တစ်နေ့တွင် အဆိုပါရွာသို့ ထပ်မံရောက်ရှိလာပြီး အသက်(၅၇)နှစ်အရွယ် ဒေါ်နန်းရှိုးအား လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
“ ဒေါ်နန်းရှိုးမှာ သား(၂)ယောက် ရှိတယ်၊ အငယ်ကောင် ခွန်မောင်လွမ်းကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရှမ်းပြည် တောင်ပိုင်းတပ်က လူသစ်လုပ်ရမယ်ဆိုပြီး ခေါ်သွားတယ်၊ အခု အကြီးကောင် ခွန်မောင်မြကို ထပ်မံဖမ်းသွားရာမှာ ထွက်ပြေးသွားလို့ မအေလုပ်သူကို လာဖမ်းတာလို့ သိရတယ် ” ဟု ကျူလင်းရွာနေ ဦးခွန်တိဆောင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဟဲနန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူး တစ်ဦးက RCSS/SSA အဖွဲ့သည် ကျူလင်း ကျေးရွာအနီး အခြေပြုနေစဉ် အဆိုပါ ရွာသား ခွန်မောင်လွမ်း (၁၉)နှစ်မှာ လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြောင်း၊ ခွန်မောင်လွမ်းအစား RCSS/SSA အဖွဲ့သို့ ၀င်ရောက်ရန် အစ်ကိုဖြစ်သူ ခွန်မောင်မြအား ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ လမ်းခရီးတွင် ခွန်မောင်မြကလည်း ထွက်ပြေးသွားသဖြင့် မိခင်ဖြစ်သူ ဒေါ်နန်းရှိုးအား လာရောက်ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ တစ်ရွာဝင်တစ်ရွာထွက် ခွန်မောင်မြတို့ ညီအစ်ကို ကို ရှမ်းစစ်တပ်က လိုက်ရှာနေတယ်လို့ ကြားတယ်၊ ဒီရွာတွေ မှာက ပအိုဝ့်တွေလည်း နေကြတယ်၊ အခု အဖမ်းခံရတဲ့ မိသားစုဟာ ပအိုဝ့်တွေပါ၊ ပအိုဝ့်တွေအပေါ် ရှမ်းစစ်တပ် က အမြဲတမ်း အနိုင်ကျင့်နေတာပါ၊ အခုလည်း ကြည့်လေ.. ဘာမှမဆိုင်တဲ့ မအေလုပ်သူကို ဖမ်းသွားတယ် ဆိုတော့ တရားလွန်တာပေါ့၊ ဒေါ်နန်းရှိုးကို ပြန်မလွတ်ပေးရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြသွားဖို့ စီစဉ် နေပါတယ် ” ဟု ပင်လုံမြို့နေ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNO) အဖွဲ့ဝင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခွန်နော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်