Friday, May 23, 2014

စစ်တပ်အာဏာသိမ်းမှုအပေါ် ထိုင်း၏ မဟာမိတ် နိုင်ငံများ စိုးရိမ်နေ

Posted by drmyochit Friday, May 23, 2014, under | No comments

ထိုင်းနိုင်ငံရေး အားပြိုင်မှုများ ပြင်းထန်ကြန့်ကြာနေချိန်တွင် နိုင်ငံ၏ အချုပ်အခြာအာဏာကို စောင့်ရှောက်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။


ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက် အမေရိကန် အပါအဝင် ထိုင်း၏ မဟာမိတ်နှင့် ကုန်သွယ်ဖက် နိုင်ငံများက ပြည်သူတို့ထံ အမြန်ဆုံး အာဏာလွှဲအပ်ပေးရန် တောင်းဆိုလာခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၏ အုပ်ချုပ်မှု အာဏာကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ထိုင်းစစ်တပ် အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ကြီး ပရာရွတ်သ် ချန်အိုချာက ကြေညာခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်ကြီး ပရာရွတ်သ်သည် အာဏာသိမ်း ကာလအတွင်း နိုင်ငံ၏ ယာယီဝန်ကြီးချုပ် အနေဖြင့်ပါ တာဝန်ယူသွားမည်ဟု အတည်ပြုခဲ့သည်။ ထိုင်းနိုင်ငံရေး အားပြိုင်မှုများ ပြင်းထန်ကြန့်ကြာနေချိန်တွင် နိုင်ငံ၏ အချုပ်အခြာအာဏာကို စောင့်ရှောက်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။ ဘန်ကောက်ပို့စ် သတင်းစာက ဗိုလ်ချုပ်ကြီး ပရာရွတ်သ် အနေဖြင့် နိုင်ငံ၏ ကြားဖြတ်ဝန်ကြီးချုပ် တာဝန်ကို ရယူထားကြောင်း သတင်းကို သောကြာနေ့တွင် ရေးသား ဖော်ပြခဲ့သည်။


ပရာရွတ်သ်သည် ပြိုင်ဘက် နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင် (၁၁၄)ဦးကို ဆင့်ခေါ်မိန့် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထင်ရှားသော နိုင်ငံရေးသမား (၁၅၅)ဦးကိုလည်း နိုင်ငံအတွင်းမှ ထွက်ခွာခွင့် ပိတ်ပင် တားဆီးထားလိုက်ကြောင်း သိရသည်။ ထိုင်းတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မဟာမိတ်နိုင်ငံများ၊ ကုန်သွယ်ဖက် နိုင်ငံများ အားလုံးက ယင်းအခြေအနေနှင့် ပတ်သက်၍ လိုလားမှု မရှိသော တုံ့ပြန်မှုများကို ပြသလာခဲ့သည်။ ထိုင်းနိုင်ငံတွင် အလုံးအရင်း မြှုပ်နှံရင်းနှီးထားသည့် ဂျပန်မော်တော်ယာဉ် လုပ်ငန်းစုကြီးများက ကြာသပတေးနေ့မှ စတင်ကာ စက်ရုံများ ညပိုင်းလည်ပတ်မှုကို မဖြစ်မနေ ရပ်ဆိုင်းခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်အစိုးရက ဘန်ကောက်နှင့် ထိုင်းနိုင်ငံ တဝှမ်းတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထား၍ ဖြစ်သည်။


ထိုင်းနိုင်ငံတွင် အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ချုပ်ကိုင်ထားသည့် ဂျပန်နိုင်ငံက အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး နောင်တရစရာ ဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။ “ဂျပန်နိုင်ငံ အနေနဲ့ ထိုင်းစစ်တပ်ဟာ ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ကို ပြန်ပြီး သက်ဝင်လာအောင် ဆောင်ရွက်ပေးဖို့ လေးလေးနက်နက် ထောက်ခံတိုက်တွန်းပါတယ်”ဟု ဂျပန်အစိုးရအဖွဲ့၏ အတွင်းရေးမှူးချုပ် ယိုရှီဟိုင်ဒီ ဆူဂါက ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ် လုပ်ငန်းစုကြီးဖြစ်သည့် Toyotaသည် ထိုင်းနိုင်ငံတွင် နှစ်စဉ် ကားစင်းရေ (၆၇၀၀၀၀)မျှထိ ထုတ်လုပ်လျှက် ရှိသည်။ ဂျပန်ကုမ္ပဏီကြီးက ထိုင်းအစိုးရ၏ ညမထွက်ရ တားမြစ်မိန့်ကြောင့် မိမိတို့၏ စက်ရုံများ လည်ပတ်မှု ရပ်တန့်နေပြီဟု ကြေညာခဲ့သည်။ Hondaသည်လည်း အလားတူ အခြေအနေမျိုး ကြုံခဲ့ကြောင်း အတည်ပြုထားသည်။

အမေရိကန် ပြည်ထောင်စုကလည်း ၎င်းတို့၏ သက်တမ်းအရှည်ဆုံး အာရှမဟာမိတ် နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အလှည့်အပြောင်းနှင့် ပတ်သက်၍ ရတက်မအေးနိုင်ဘဲ ရှိနေသည်။ ပင်တဂွန် စစ်ဌာနချုပ်က မိမိတို့သည် ထိုင်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် စိစစ်သုံးသပ်နေကြောင်း ပြောကြားထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း “ထိုင်းပြည်သူတွေအပေါ် ကျွန်တော်တို့ရဲ့ နှစ်ရှည်လများ ထားရှိခဲ့တဲ့ ခင်မင်ရင်းနှီးမှု တန်ဖိုးအရ ခုဖြစ်ရပ်ဟာ ထိုင်း-အမေရိကန် ဆက်ဆံရေးမှာ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် ထိုင်းစစ်တပ်နဲ့ အမေရိကန်စစ်တပ်ရဲ့ ဆက်ဆံရေး ကဏ္ဍမှာပေါ့”ဟု သတိပေးခဲ့သည်။



တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဟွမ်လိုင်ကလည်း “တရုတ်နဲ့ ထိုင်းဆိုတာ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ ထိုင်းနိုင်ငံမှာ ပြည်သူ့ အချုပ်အခြာ အာဏာကို မြန်နိုင်သမျှမြန်မြန် ပြန်ရလာပါစေလို့ ဆန္ဒပြုပါတယ်”ဟု ပြောကြားခဲ့သည်။ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ကမူ “ဒါဟာ အထိပါး မခံနိုင်တဲ့ အခြေအနေ တစ်ခုပါပဲ။ ထိုင်းနိုင်ငံရဲ့ အနေအထားကို ကျွန်မတို့ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဩစတြေးလျ နိုင်ငံသားတွေ အနေနဲ့ တစ်ကိုယ်ရေ လုံခြုံရေး ကဏ္ဍနဲ့ ကိုယ့်ရဲ့ ခရီးစဉ်တွေအပေါ် အလေးအနက် သတိထားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၏ ကုန်သွယ်ဖက်များဖြစ်သည့် မလေးရှားနှင့် ဟောင်ကောင်တို့ကလည်း အရေးတကြီး မလိုအပ်လျှင် ထိုင်းသို့ ခရီးမသွားရန် မိမိတို့၏ နိုင်ငံသားများကို အကြံပြုထားလိုက်သည်။ မလေးရှားနိုင်ငံသည် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက် ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်သည်။ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း “ထိုင်းနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာတွေရှိရင် စင်္ကာပူ နိုင်ငံသားတွေ အနေနဲ့ အလေးအနက် ပြန်ပြီးတော့ စဉ်းစားသုံးသပ်သင့်ပါတယ်”ဟု တိုက်တွန်းထားသည်။ အင်ဒိုနီးရှား နိုင်ငံကမူ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ချုပ် (အာဆီယံ)တွင် ဦးဆောင်နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၌ ယခုလို အပြောင်းအလဲမျိုး ပေါ်ပေါက်လာခြင်းကို စိုးရိမ်ကြောင်း ဝန်ခံထားသည်။

အခြားသော သတင်းများအရ မကြာသေးမီက ရာထူးမှ ဖယ်ရှားခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ခ် ရှီနာဝါထရာသည် သူမထံသို့ ထိုင်းစစ်တပ်မှ ဆင့်ခေါ်စာ ရောက်ရှိလာသည့်နောက် သောကြာနေ့က နီးစပ်ရာ စစ်စခန်း တစ်ခုသို့ သွားရောက်ခဲ့ကြောင်း သိရှိရသည်။ သို့သော်လည်း သူမကို လတ်တလောတွင် စစ်တပ်က ထိန်းသိမ်းထားခြင်း ရှိမရှိ ကွဲကွဲပြားပြား မသိရသေးချေ။ ထိုင်းစစ်တပ် အာဏာသိမ်းချိန်တွင် အစိုးရနှင့် အတိုက်အခံ ပါတီများမှ ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။ နောက်ဆုံးသတင်းများအရ ထိုင်းစစ်တပ်သည် ဝန်ကြီးချုပ်ဟောင်း ယင်လတ်ခ်၊ သူမနှင့် ညီအစ်မတော်စပ်သည့် အမျိုးသမီးတို့ လင်မယားကို ထိန်းသိမ်းထားပြီး ထိုသို့ ထိန်းသိမ်းထားခြင်းမှာ သီတင်တစ်ပတ်ထက် ပိုမိုကြာမြင့်မည် မဟုတ်ဟု စစ်တပ် ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်