Wednesday, June 04, 2014

တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း နယ်စပ်ရေးရာ ဒုဝန်ကြီးဆို

Posted by drmyochit Wednesday, June 04, 2014, under | No comments


တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်ရန် နှင့် တိုးတက်ရန်အတွက် အစိုးရအား အတတ်နိုင်ဆုံး လုံခြုံရေးကို ဆောင်ရွက် ပေးနေခြင်းသာ ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်မူ မရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီးဗိုလ်ချုပ် မောင်မောင်အုန်းက ပြောသည်။

ယခုပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး စတုတ္တမြောက်နေ့ အစည်း အဝေး အပြီးတွင် မီဒီယာများအား ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

''လုံခြုံရေးကို ထိခိုက်ရင်တော့ တပ်မတော်က လက်မခံဘူး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း သမာသမတ်ကျ ကျနဲ့ တပ်မတော်ကြီးကို တိုးတက်အောင်လုပ်မယ်၊ ပြီးရင် နိုင်ငံတကာက အလေးအနက်ထား ရတဲ့ တပ်မတော်ဖြစ်အောင် သွားမယ် '' ဟု ၎င်းက ပြောသည်။

အဆိုပါပြောကြားချက်နှင့် ပတ်သက်၍ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက အစိုးရအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားသော ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ် များပါဝင်နေခြင်းကို ကြည့်မည်ဆိုပါက တပ်မတော်က ပြည်တွင်းနိုင်ငံရေးတွင် ပါဝင်မှုမရှိဆိုသည်မှာ မှန်ကန်မှု မရှိသည်ကိုတွေ့ရမည်ဟု မှတ်ချက်ပြုသည်။

''လုံခြုံရေးတာဝန်ယူတာ သဘောတူပါတယ်။ ဒါပေမဲ့ အရပ်သား အစိုးရအောက်မှာ လုံခြုံရေး တာဝန်ယူတာမျိုးကိုပဲ သဘောကျပါတယ်'' ဟု ကိုဂျင်မီက ပြောသည်။ တပ်မတော်သည် နိုင်ငံတော်တည်တံ့ရေးအတွက် အစိုးရအား အထောက်အကူပြုသည့်အဖွဲ့တစ်ဖွဲ့ အနေနှင့်သွားနေခြင်း သာဖြစ်ကြောင်း ဗိုလ်ချုပ်မောင် မောင်အုန်းက ထပ်လောင်းပြောကြားခဲ့သည်။

စိုင်းလမင်း
Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်