Tuesday, June 17, 2014

အင်တာနက် အသုံးပြုခြင်းက မထင်မှတ်သော ဆုံးရှုံးမှုများရှိနေ

Posted by drmyochit Tuesday, June 17, 2014, under | No comments


အတွဲ (၁၅)၊ အမှတ် (၂၃)

အင်တာနက် အသုံးပြုရာတွင် လိုအပ်သော အချက်အလက်များ ရယူနိုင်သကဲ့သို့ မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများလည်း ရှိကြောင်း MIDO (Myanmar ICT For Development Organization) မှ တာဝန် ရှိသူများက နည်းပညာ တက္ကသိုလ်ဘားကမ့် (မိတ္ထီလာ) တွင်ပြောသည်။

“ကျွန်မတို့ အနေနဲ့ အင်တာနက် သုံးတဲ့အခါ ဘာမှ ဆုံးရှုံးမှုမရှိဘူးလို့ ထင်ရပေမယ့် တကယ်တော့ ဆုံးရှုံးတယ်။ ဖုန်းနဲ့ သုံးမယ်ဆိုရင်လည်း ကျွန်မတို့ရဲ့တည်နေရာ ဘယ်နေရာက သုံးတာလဲ ဆိုတာတွေကို လိုက်ကြည့်လို့ရတယ်” ဟု MIDO မှ မရတနာကပြောသည်။ ဒီဂျစ်တယ် လုံခြုံရေးတွင် ရာနှုန်းပြည့် စိတ်ချရခြင်း မရှိကြောင်း ယင်းကပြောသည်။ “အင်တာနက်သုံးတဲ့အခါ ကိုယ့်ဘက်ကပေးလိုက်ရတာတွေက အချိန်၊ ငွေအပြင် တခြားအရာတွေလည်း ရှိပါတယ်။ သတိမထားမိတာတွေ ရှိပါတယ်။ အင်တာနက်ပေါ်မှာ ကိုယ်အသုံးပြုလိုက်လို့ ကျန်ခဲ့တဲ့အရာတွေ၊ ကိုယ့်ရဲ့ခြေရာတွေ ဘယ်လောက်ကျန်ခဲ့တာလဲ၊ ကိုယ့်ရဲ့ အချက်အလက်က သူများကို ဘယ်လောက် ပေးလိုက်ပြီး ကိုယ်လိုချင်တဲ့ အချက်အလက်က ကိုယ့်ဆီကို ဘယ်လောက် ပြန်ရောက်လာသလဲ ဆိုတာကို သိရှိနိုင်ပါတယ်” ဟု မရတနာကပြောသည်။

ထိုကဲ့သို့ မိမိဘက်မှ ပေးလိုက်ရသော အချက်များကို ဝက်ဘ်ဆိုက် တစ်ခုတွင် အလွယ်တကူ စစ်ဆေး ကြည့်ရှုနိုင်မည်ဟု ဆိုသည်။ www.myshadow.org တွင် မိမိအသုံးပြုသော အချက်အလက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ကြောင်း ပြောကြားသည်။ “myshadow.org မှာ သွားစစ်လိုက်လို့ ရတယ်။ myshadow.org ကို ဝင်လိုက်တယ်ဆိုရင် ဒီနောက်ပိုင်းမှာ ကျွန်မတို့သုံးတဲ့အခါမှာ သုံးလိုက်တဲ့ စက်ပစ္စည်း အမျိုးအစားတွေ၊ နောက်ထပ် ဘယ်လိုအွန်လိုင်း ဝန်ဆောင်မှု အမျိုးအစားတွေကို သုံးထားသလဲဆိုတာတွေ ဥပမာ ဂျီမေးလ်ကို ကွန်ပျူတာမှာ သုံးတာလား၊ အင်တာနက်ဆိုင်မှာ သုံးတာလား၊ ဖုန်းနဲ့ သုံးတာလား ဆိုတာ အဲဒါတွေကိုရွေးပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်” ဟုဆိုသည်။

အင်တာနက် အသုံးပြုရာတွင် အဓိကအချက်တစ်ခု အနေဖြင့် Update ဖြစ်နေသော AntiVirus များကို သုံးရန်လည်း အရေးကြီးသည်ဟု MIDO မှ မနှင်းနုနုနိုင်က ပြောသည်။ “AntiVirus က ဘာပဲဖြစ်ဖြစ်၊ ဘာပဲ သုံးသုံး Update ဖြစ်နေဖို့ လိုတယ်။ ပိုက်ဆံပေးပြီး ဝယ်သုံးတာ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကနေ ဒေါင်းလုပ် ဆွဲတာပဲဖြစ်ဖြစ် Update ဖြစ်ဖို့က အဓိကပါ” ဟုပြောသည်။ မိမိအသုံးပြုသော ဂျီမေးလ်၊ ဖေ့စ်ဘုတ် စသည် တို့တွင် link ဝင်ရောက်လာတတ်ကာ ယင်းအလွယ်တကူ မဝင်ရောက်ဘဲ Virus ဟုတ်၊ မဟုတ် စစ်ဆေးရန်လည်း လိုအပ်ကြောင်း မနှင်းနုနုနိုင်က ပြောသည်။

“ကိုယ့်ဆီရောက်လာတဲ့ Link တွေဟာ ဗိုင်းရပ်စ်ဟုတ်၊ မဟုတ်မသေချာရင် www.virustotal.com မှာ သွားစစ်လိုရပါတယ်။ နောက်တစ်ခုက Password တွေကို သတိထားဖို့နဲ့ အများအလွယ်တကူ သိစေနိုင်တဲ့ Password တွေကို မသုံးမိစေဖို့ လိုအပ်တယ်” ဟု မနှင်းနုနုနိုင်ကပြောသည်။ “ကိုယ့်ဘက်ကပေးလိုက်ရတဲ့ ဟာတွေက အချက်အလက်တွေ၊ စက်ပစ္စည်းနံပါတ်တွေ၊ ကိုယ်က ဘယ်နေရာကနေ သုံးနေသလဲဆိုတဲ့ Location တွေ အဲဒါတွေပေါ့” ဟု မရတနာက ဆိုသည်။ နေ့စဉ်အင်တာနက် အသုံးပြုနေသော်လည်း မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများကို သတိမထားမိကြောင်း၊ မိမိအချက်အလက် ကာကွယ်ရေး အတွက် ဆောင်ရွက်ခြင်း နည်းပါးကြောင်း နေ့စဉ်အင်တာနက် အသုံးပြုနေသူတစ်ဦး ဖြစ်သည့် ကိုမင်းဇေယျာကပြောသည်။

ထွန်းထွန်း၊ မိုးသူ
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်