Monday, June 30, 2014

နိုင်ငံခြားဘဏ်များကို ခွင့်ပြုပေးမည် ဆိုသော်လည်း အကန့်အသတ်ဖြင့် ခွင့်ပြုပေးခြင်းဖြစ်ပြီး ယင်းဘဏ်များအား ပြည်ပနှင့်ချိတ်ဆက်သည့် ဘဏ်လုပ်ငန်း၌သာ လုပ်ကိုင်ခွင့်ပြုမည်

Posted by drmyochit Monday, June 30, 2014, under | No comments


အငယ်ထွေး

ပြည်ပဘဏ်များအား ခွင့်ပြုပေးသည် ဆိုသော်လည်း ယင်းဘဏ်များအား အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးခြင်းဖြစ်ပြီး ပြည်ပနှင့်ချိတ်ဆက်သည့် ဝန်ဆောင်မှုလုပ်ငန်းများသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိမ်းက ပြောကြားသည်။

မြန်မာနိုင်ငံမှာ အနည်းဆုံး နိုင်ငံခြားဘဏ် ငါးခုကနေ အများဆုံး ၁ဝ ခုလောက်အထိကို စက်တင်ဘာလမှာ ရွေးချယ်လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဇွန် ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ နိုင်ငံခြားဘဏ်များ ဖွင့်ခွင့်ပြုရာတွင် ယခုမြန်မာနိုင်ငံမှာ ခွင့်ပြုပေးမယ့် စနစ်သည် နိုင်ငံခြားဘဏ်ခွဲ လာရောက်ဖွင့်လှစ်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံခြားဘဏ်တစ်ခုက မြန်မာနိုင်ငံတွင် ကုမ္ပဏီအသစ်တစ်ခု ထူထောင်ပြီး ဘဏ်လုပ်ငန်းများကို လုပ်ကိုင်ခြင်းမျိုးဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

ဦးဖြိုးမင်းသိမ်းက “ဗဟိုဘဏ်နဲ့ ကြားနာတဲ့ အနေအထားအရ ဆိုရင်တော့ ဘဏ်များနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကိုလည်း နိုင်ငံခြားဘဏ်တွေဝင်တဲ့ ကာလမှာပဲ အဆင်ပြေအောင်၊ ထုတ်ပြန်နိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။ နောက်တစ်ချက်က နိုင်ငံခြားဘဏ်တွေကို မြန်မာပြည်မှာ လက်ခံတဲ့ ပုံသဏ္ဌာန်က Subsidiary ပုံစံမျိုးပေါ့။ ဥပဒေနဲ့ ထိန်းချုပ်နိုင်အောင် ကန့်သတ်ချက်တွေနဲ့ ခွင့်ပြုပေးမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ နောက်တစ်ချက်က ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေ ရပ်တည်လှုပ်ရှားနိုင်ဖို့ အတွက်ကို အမိန့်ညွန်ကြားချက် ၈၈ ခုပေါ့။ ဒါတွေကိုလည်း အမြန်ဆုံး ထွက်မယ်ပြောတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသားဘဏ်တွေအားလုံး ရပ်တည်ရတာ လွယ်ကူအောင်ပါ။ ကျွန်တော်တို့ကတော့ လတ်တလောမှာ ငါးဘဏ်လောက်ပဲ ခွင့်ပြုပေးဖို့နဲ့ နောက်ပိုင်းမှသာ တိုးချဲ့ပေးဖို့ အကြုံပြုထားပါတယ်” ဟု ဆိုသည်။ အကယ်၍ အမိန့်ညွန်ကြားချက်များ၊ နည်းဥပဒေများ မြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်မည်ဆိုပါက ပြည်တွင်း၌ရှိသော ဘဏ်များလည်း ပြင်ဆင်ရန် အချိန်ရရှိနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“အခုဝင်လာတဲ့ ဘဏ်တွေက ပြည်တွင်းမှာ retail လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီကိစ္စရပ်တွေကိုတော့ ပြည်တွင်းဘဏ်တွေနဲ့ပဲ လာလုပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီအပေါ်မှာလည်း တစ်ဖက်က သဘောတူထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းမှာ လုပ်ဆောင်နိုင်တဲ့ အနေအထားရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ကိုပဲ လုပ်မှာပေါ့။ ပြီးတော့ သူတို့က မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးမူဝါကို အထောက်အကူ ပြုနိုင်အောင်ပဲ ကြိုးစားမယ်။ ပြီးတော့ ဝန်ထမ်းခန့်ထားရေးမှာလည်း သူတို့ခန့်မယ့် ဝန်ထမ်းကို သူတို့ဘာသာသူတို့ စီစဉ်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကဝန်ထမ်းကို မထိခိုက်အောင် လုပ်ပါ့မယ်လို့ ကတိပြုထားပါတယ်” ဟု ဦးဖြိုးမင်းသိမ်းက ဆိုသည်။

“အခု ခွင့်ပြုပေးလိုက်ပေမယ့် လက်ကား (wholesale) ပဲ ရပါတယ်၊ လက်လီဘဏ်လုပ်ငန်း (retail) မရဘူးလေ။ ပေးရင် ပြည်တွင်းဘဏ်တွေ အခြေအနေ ဆိုးသွားမှာပါ။ လက်ကားဘဏ်လုပ်ငန်း ဆိုတာက သူ့တို့သက်ဆိုင်ရာ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေချေးပေးတာတို့ လုပ်လို့ရပါတယ်။ လက်လီဘဏ်လုပ်ငန်းကတော့ hire purchase လုပ်တာတို့၊ တစ်ဦးချင်းဆီက လက်ခံယူတာတို့ပေါ့။ အဲဒါတွေတော့ သူတို့လုပ်လို့ မရပါဘူး။ ပြည်တွင်းဘဏ်တွေပဲ ဆက်လုပ်သွားမှာပါ” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးစံသိန်းက ပြောကြားသည်။    

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်