Monday, June 30, 2014

အင်အားကြီး တရုတ်နိုင်ငံ၊ အမျိုးသားရေးပါတီ အာဏာရ အိန္ဒိယနိုင်ငံ၊ စစ်တပ်အာဏာသိမ်း ထိုင်းနိုင်ငံနှင့် ဘာသာရေးအစွန်းရောက် သီရိလင်္ကာနိုင်ငံတို့ ၀န်းရံနေသဖြင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရန် ခက်ခက်ခဲခဲ ကြိုးစားရမည်ဟု မြန်မာ့အရေး လေ့လာနေသည့် The Educational Initiatives မှ ကျောင်းအုပ်ကြီး Mr. Igor Blazevic ပြောကြား

Posted by drmyochit Monday, June 30, 2014, under | No comments

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများပြ မြေပုံ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်မှု မရရှိရန် အင်အားကြီး တရုတ်နိုင်ငံ၊ အမျိုးသားရေး ပါတီမှ လက်ရှိ အာဏာရရှိထားသည့် အိန္ဒိယနိုင်ငံနှင့် စစ်တပ်မှ မကြာခဏ အာဏာသိမ်းယူလေ့ရှိသည့် ထိုင်းနိုင်ငံနှင့် ဘာသာရေးအစွန်းရောက် သီရိလင်္ကာနိုင်ငံ စသည့်နိုင်ငံများ ဝန်းရံနေသဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက်၍ လေ့လာနေသည့် The Educational Initiatives မှ ကျောင်းအုပ်ကြီး Mr. Igor Blazevic က ပြောကြားသည်။

အာဏာရှင်နိုင်ငံများမှ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ ဒီမိုကရေစီရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများအား လေ့လာနေသည့် The Educational Initiatives အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား လေ့လာ၍ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရှိနေခြင်း ရှိမနေခြင်းများနှင့် စပ်လျဉ်း၍ ဇွန် ၂၆ ရက်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ The Educational Initiatives အဖွဲ့ရုံးခန်းတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများအနေနှင့် ဒီမိုကရေစီစနစ် မအောင်မြင်နိုင်သည့် အချက်အလက်များမှာ ပြည်သူလူထုအား ဖိနှိပ်ရန် အဆင်သင့်ဖြစ်နေသည့် နိုင်ငံ၊ တိုင်းရင်းသားလူမျိုးစုကြား ပြဿနာ များနှင့် ဘာသာရေး ပဋိပက္ခများ ကြီးမားသည့်နိုင်ငံ၊ ပြည်တွင်းစစ် ဖြစ်ပွားနေသည့် နိုင်ငံ၊ ရေနံသဘာဝဓာတ်ငွေ့ သယံဇာတများအား ပေါကြွယ်ဝ၍ အကျိုးအမြတ်များအား အာဏာလက်ဝယ်ရှိသူများ ရယူထားသည့် နိုင်ငံနှင့် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခြင်းအား မလိုလားသည့် နိုင်ငံများ ဝန်းရံနေခြင်း စသည့်အချက်များ ရှိနေပါက ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် နိုင်ငံများသည် အောင်မြင်မှုရရှိမှု မရှိကြောင်း Mr. Igor Blazevic က ပြောကြားခဲ့သည်။

“အိမ်နီးချင်းနိုင်ငံ မကောင်းလို့ ဒီမိုကရေစီစနစ် မအောင်မြင်တာတွေ ရှိတယ်။ ဥပမာ ရုရှားနိုင်ငံ ရှိနေလို့ ဂျော်ဂျီယာ၊ ယူကရိန်း၊ ဘီလာရုဇ် စတဲ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှု မအောင်မမြင် အခက်တွေ့နေသလို ဆော်ဒီအာရေးဗီးယားနိုင်ငံကြောင့် ဘာရိန်း၊ အီရန်၊ ဆီးရီးယား စတဲ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှု မအောင်မမြင် ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီစနစ် မအောင်မမြင်ဖြစ်ဖို့အတွက် တရုတ်နိုင်ငံတင် မကဘူး။ အမျိုးသားရေးကို ဦးစားပေးတဲ့ပါတီ အာဏာရသွားတဲ့ အိန္ဒိယနိုင်ငံနဲ့ ဒီမိုကရေစီနိုင်ငံ ဆိုပေမယ့် စစ်တပ်က မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံတို့၊ ဘာသာရေး အစွန်းရောက်မှုကြောင့် ဘာသာရေးပြဿနာတွေ ဖြစ်ပွားတတ်တဲ့ သီရိလင်္ကာနိုင်ငံတို့က ဝန်းရံထားတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒီမိုကရေစီလိုလားတဲ့နိုင်ငံ မရှိဖြစ်နေတယ်။ ဒီမိုကရေစီ ပြိုပျက်နိုင်တဲ့ အချက်အလက်တွေ မြန်မာနိုင်ငံမှာ အကုန်ရှိနေတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စိန်ခေါ်မှု အရမ်းကြီးနေတယ်။ ခက်ခက်ခဲခဲ ကြိုးစားရမယ်” ဟု Mr. Igor Blazevic က ပြောကြားသည်။

လက်ရှိ အာဏာရရှိထားသူများ အနေနှင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ အာဏာဆက်လက် ချုပ်ကိုင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း Mr. Igor Blazevic က သုံးသပ်သည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပဋိပက္ခများ ဖြစ်ပေါ်စေရန် လုပ်ဆောင်နိုင်သည့် အနေအထားများလည်း ရှိနေပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အနေအထားများလည်း ရှိနေကြောင်း Mr. Igor Blazevic က ဆက်လက်ပြောကြားသည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အကြမ်းဖက်မှုများ ပဋိပက္ခများ မဖြစ်ပွားစေရန် အတိုက်အခံများနှင့် အာဏာရပါတီ အစိုးရအကြား လုပ်ဆောင်သင့်သည့် အချက်များအဖြစ် တပ်မတော်သား ၂၅ ရာခိုင်နှုန်းအား လက်ရှိ ၂၅ ရာခိုင်နှုန်းအတိုင်း ၂ဝ၁၅ ခုနှစ်တွင် ပါဝင်ခွင့်ပြုခြင်း၊ ပုဒ်မ ၄၃၆ ပါ ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်း၊ ၅၉ (စ) အား ဖျက်သိမ်းပေးခြင်း၊ အချိုးကျ ကိုယ်စားပြုစနစ်အစား လက်ရှိကျင့်သုံးသည့် နိုင်သူအကုန်ယူ စနစ်ကိုသာ ကျင့်သုံးသင့်ခြင်း၊ အင်ဒိုနီးရှားနိုင်ငံအား ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်စေနိုင်ခဲ့သည့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် သက်ဆိုင်သည့် ဥပဒေပြဌာန်းခြင်း၊ နိုင်ငံရေး တင်းမာမှု လျော့ကျရန် တိုင်းရင်းသားဘာသာစကား ယဉ်ကျေးမှုများ လွတ်လပ်ခွင့်ပေးခြင်း၊ စစ်တပ်၏ ထိုးစစ်ဆင်မှုများ ရပ်တန့်၍ တိုင်းရင်းသားဒေသများတွင် တိုးချဲ့နေရာယူနေမှုအား ရပ်တန့်ပေးရန် လိုအပ်ခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးရန် လိုအပ်နေပြီး ထိုသို့ လုပ်ဆောင်နိုင်မှသာ ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတနိုင်ပြီး အကြမ်းဖက်မှုများအား တားဆီးနိုင်မည်ဖြစ်ကြောင်း Mr. Igor Blazevic က ထပ်ဆင့်သုံးသပ်သည်။

ဖြိုးဝေ
Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်