Friday, August 01, 2014

စောင့်ရှောက်သူမဲ့ အသက် ၈၀ ဝန်းကျင် မောင်နှမ အစ်ကို သေဆုံးသည့်ဘေး၌ ညီမ အာဟာရပြတ် လဲကျ

Posted by drmyochit Friday, August 01, 2014, under | No comments

တောင်ဥက္ကလာပမြို့နယ် ၁၄/၁ ရပ်ကွက်၊ မြင်သာ ၉ လမ်းတွင် ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက စောင့်ရှောက်သူမဲ့ သက်ကြီးရွယ်အို မောင်နှမနှစ်ဦး နေထိုင်သည့် အိမ်အတွင်း အသက် ၈၂ နှစ်အရွယ်ရှိ ဗိုလ်ကြီးဟောင်းမှာ ပုပ်ပွသေဆုံးနေပြီး အသက် ၇၈ နှစ်အရွယ်ရှိ ညီမဖြစ်သူမှာ အာဟာရပြတ်ကာ လဲကျနေသည်ကို ရပ်ကွက်နေသူများက တွေ့ရှိခဲ့ကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးခဲ့သူ ဗိုလ်ကြီးဟောင်း အလောင်းမှာ မှောက်လျက်ဖြင့် ပုပ်ပွကာ လောက်များ တွယ်ကပ်နေပြီး ဘေးပတ်ဝန်းကျင် နေအိမ်များမှ အပုပ်နံ့ရသောကြောင့် မသင်္ကာသဖြင့် လမ်းအတွင်းရှိ ရာအိမ်မှူး ဖြစ်သူထံ အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် တာဝန်ရှိသူများက နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုရာမှ သေဆုံးသူ အစ်ကိုဖြစ်သူ၏ အလောင်းအနီးတွင် အားပြတ်လဲကျနေသော အသက် ၇၈ နှစ်အရွယ် အငြိမ်းစားကျောင်း ဆရာမကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မောင်နှမ နှစ်ယောက်လုံးက အိမ်ထောင်မပြုခဲ့တော့ အသက်ကြီးလာချိန်မှာ စောင့်ရှောက်မယ့်သူ မရှိဘူး။ အိမ်တံခါး ပိတ်ထားတာ တစ်ပတ်လောက်တော့ ကြာပြီ။ အိမ်နီးချင်းတွေက သူတို့မောင်နှမ နှစ်ယောက် ခရီးသွားနေတယ် ထင်နေတာ။ အိမ်ထဲကနေ အပုပ်နံ့တွေ ထွက်နေလို့ ဝင်ကြည့်တော့မှ စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့ခဲ့ရတာ” ဟု တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

သေဆုံးခဲ့သော ဗိုလ်ကြီးဟောင်း ဖြစ်သူ၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့ ပီအာရ် ၄၅ ဖြင့် ပို့အပ်ထားပြီး တောင်ဥက္ကလာပ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၆/၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း၊ ၎င်း၏ ညီမဖြစ်သူ အငြိမ်းစား ကျောင်းဆရာမ ဒေါ်တင်တင်ရီကို ဇူလိုင်လ ၃၀ ရက် ညနေ ၆ နာရီခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာသို့ ပို့အပ်ခဲ့ကြောင်း နယ်ထိန်း ရဲအရာရှိတစ်ဦးထံမှ သိရှိရသည်။

သေဆုံးသူ၏ ညီမဖြစ်သူ အဘွားအိုမှာ လေဖြတ်ထားပြီး အမြင်အာရုံ ချို့ယွင်းနေသူ ဖြစ်ကြောင်း၊ ၎င်းမှာ အစ်ကိုဖြစ်သူ၏ ပုပ်ပွနေသော အလောင်းနှင့်အတူ ငါးရက်ခန့် အစာငတ် ရေငတ်ကာ မေ့မြောနေပြီး သေအံ့ဆဲဆဲ ဖြစ်နေကြောင်း၊ ယင်းအဘွားအိုကို ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာမှ ဆေးအဖွဲ့က ဆေးကုသကာ စောင့်ရှောက်လျက်ရှိပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိတော့ကြောင်း အဆိုပါ ဘိုးဘွားရိပ်သာထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်