Friday, August 01, 2014

ကြည့်မြင်တိုင်မြို့နယ်အတွင်း တိုက်ဟောင်းဝရန်တာ ပြိုကျမှုကြောင့် တစ်ဦး သေဆုံး၊ သုံးဦး အပြင်းအထန်ဒဏ်ရာရ

Posted by drmyochit Friday, August 01, 2014, under | No comments

ဇူလိုင် ၃၁ ရက် ညပိုင်းက ကြည့်မြင်တိုင်ညဈေးအနီးရှိ တိုက်ဟောင်းဝရန်တာပြိုကျပြီးနောက် ရှင်းလင်းမှုများပြုလုပ်နေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ကြည့်မြင်တိုင်မြို့နယ် မကျီးကန်းအနောက်ရပ်ကွက် ရွှေလှိုင်လမ်းရှိ အမှတ် ၄၃ နှစ်ထပ်တိုက်ဟောင်း ဝရန်တာပြိုကျမှု ဇူလိုင် ၃၁ ရက် ည ၇နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း ဝရန်တာပြိုကျမှုကြောင့် တိုက်အောက်တွင် ကုန်စိမ်းရောင်းနေသည့် အမျိုးသမီး သုံးဦး အပြင်းအထန်ဒဏ်ရာရပြီး အမျိုးသားတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“တိုက်က နှစ်ပေါင်း ၅ဝ ကျော်ရှိပြီ။တိုက်က လူမနေဘူး။ ပြီးတော့ အမှုဖြစ်နေတာ။ တိုက်အောက်ခန်းမှာတော့ ဈေးသည်တွေ ပစ္စည်းတွေသိမ်းတယ်။ အခုဖြစ်တာက မိုးသည်းထန်စွာရွာထားတော့ တိုက်အမိုးတွေကရေဝပြီး ဝရန်တာကို အရင်ကျတယ်။ ပြီးတော့ ဝရန်တာပြိုကျပြီး အောက်ကဈေးရောင်းနေတဲ့ အမျိုးသမီးသုံးဦးရယ် သူတို့ထဲက တစ်ဦးရဲ့ အမျိုးသား ဂါလီနင်းတဲ့ကောင်လေးရယ်ပါ”ဟု မကျီးတန်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်းက ပြောကြားခဲ့သည်။


သေဆုံးသူ အမျိုးသား ကိုတင်ကို (၃၁)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသမီးသုံးဦးဖြစ်သည့် မဝေဝေမြင့်၊ မစန်းစန်းနွယ်နှင့် မသန်းသန်းစိုးတို့အား ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကာ အခင်းဖြစ်ပွားပြီးနောက် အုတ်ကျိုးများအောက်တွင် ပိနေသည့် ၎င်းတို့အား မိနစ်နှစ်ဆယ်အကြာတွင် ခေါ်ထုတ်နိုင်ခဲ့ကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ ရဲတပ်ကြပ်ဝင်းထွန်း ၏ပြောပြချက်အရ သိရသည်။

တိုက်ဝရန်တာပြိုကျမှုကြောင့် လျှပ်စစ်မီးကြိုးများပြတ်ကျကာ မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးအခင်း ဖြစ်ပွားရာ အနီးတစ်ဝိုက်ကိုလည်း တားမြစ်နယ်မြေအဖြစ် ကန့်သတ်ထားခဲ့သည်။ အဆိုပါ တိုက်မှာယခင်ကတည်းကပင် အနည်းငယ်စီပြိုကျမှု ဖြစ်ပေါ်လျက်ရှိပြီး တိုက်မှာနှစ်ပေါင်းကြာမြင့်နေပြီဖြစ်သော်လည်း သက်ဆိုင်ရာမှအန္တရာယ်ရှိအဆောက်အအုံအဖြစ် သတိပေးဆိုင်းဘုတ် တပ်ဆင်ထားခြင်းမရှိကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက ပြောပြသည်။

ဝေလင်းအောင်
Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်