Friday, September 05, 2014

အယ်လ်ကေးဒါးခေါင်းဆောင်က အိန္ဒိယတိုက်ငယ်တွင် အဖွဲ့ခွဲသစ် ထူထောင်ပြီး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့၌ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာ

Posted by drmyochit Friday, September 05, 2014, under | No comments

၂၀၁၁ ခုနှစ် မေ ၃ ရက်က အမ်ရစ်ဆာမြို့တွင် အိန္ဒိယ ဆစ်ခ်အမျိုးသားတစ်ဦး မျက်နှာဖုံးတွင် ဘင်လာဒင်သတ်ဖြတ်ခံရသည့်အကြောင်း ဖော်ပြထားသော သတင်းစာကို ဖတ်နေစဉ်

အယ်လ်ကေးဒါးခေါင်းဆောင် အေမင်အယ်လ်ဇာဝါဟီရီက အိန္ဒိယတိုက်ငယ် (အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့) တွင် အားသစ်လောင်းလျက် လှုပ်ရှားမှုများ ချဲ့ထွင်သွားရန်အတွက် အယ်လ်ကေးဒါးအဖွဲ့ခွဲသစ်တစ်ခုကို စတင်ထူထောင်လိုက်ကြောင်း စက်တင်ဘာ ၃ ရက်က ကြေညာခဲ့သည်။

အယ်လ်ကေးဒါး ထိပ်တန်းခေါင်းဆောင်များ ပုန်းအောင်းနေသည်ဟု ယူဆရသော အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အယ်လ်ကေးဒါးအဖွဲ့ သက်ဝင်လှုပ်ရှားလျက်ရှိသော်လည်း အသစ်ဖွဲ့စည်းလိုက်သော အယ်လ်ကေးဒါးအဖွဲ့ခွဲဖြစ်သည့် Qaedat alJihad သည် အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ တွင် တိုက်ခိုက်မှုပြုလုပ်မည်ဟု ဇာဝါဟီရီက အယ်လ်ကေးဒါးမီဒီယာအဖွဲ့ AsSahab Media Foundation မှ ဖန်တီးသော ၅၅ မိနစ်ကြာမြင့်သည့် ဗီဒီယိုတစ်ခုတွင် ပြောကြားထားကြောင်း အကြမ်းဖက်မှုစောင့်ကြည့်ရေးအဖွဲ့ (SITE) က ထုတ်ပြန်ခဲ့သည်။

ကက်ရှ်မီးယားနှင့် မြန်မာတို့တွင် ဖြစ်ပွားနေသော မငြိမ်သက်မှုများကို အသုံးချပြီး ၎င်းတို့အဖွဲ့ ရေပန်းစား မှုပြန်လည်ရ ရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဇာဝါဟီရီက ပြောကြားခဲ့သည်။ ရန်သူများကို တိုက်ခိုက်ရန်၊ နယ်မြေများကို လွတ်မြောက်အောင်လုပ်ဆောင်ရန်၊ မွတ်စလင်ပိုင်နက်များ၏ အချုပ်အခြာ အာဏာ ပြန်လည်ဖော်ဆောင်ရန်အတွက် ဂျီဟတ်များ ညီညွတ်ကြရန် ဇာဝါဟီရီက မွတ်စလင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ထို့ပြင် အာဖဂန်တာလီဘန်ခေါင်းဆောင် မူလာမူဟာမက်အိုမာနှင့် ပါကစ္စတန်ထိပ်တန်း စစ်သွေးကြွခေါင်းဆောင်  အဆင်အူမာတို့၏ ခေါင်းဆောင်မှုများကိုလည်း ယင်းအဖွဲ့ခွဲသစ်က အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ဇာဝါဟီရီကပြောကြားခဲ့သည်။

ယင်းဒေသအတွင်း မွတ်စလင်လူထုကို တကွဲတပြားစီဖြစ်စေသည့် နယ်နိမိတ်သတ်မှတ်ချက်များကို အဆိုပါအဖွဲ့ခွဲက ဖြိုခွဲသွားမည်ဟု  ဇာဝါဟီရီကပြောကြားခဲ့သည်။  ယခုအဖွဲ့သစ်ကို ယနေ့တစ်နေ့တည်းဖြင့် ဖွဲ့စည်းလိုက်ခြင်းမဟုတ်ကြောင်း၊ အိန္ဒိယတိုက်ငယ်ဒေသရှိ မူဂျာဟစ်ဒင်များကို တစ်စုတစ်စည်းတည်း စုပေါင်းရန် အချိန် နှစ်နှစ်ကျော်ကြာ ကြိုးပမ်းမှု၏ရလဒ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အယ်လ်ကေးဒါးခေါင်းဆောင် အေမင်အယ်လ်ဇာဝါဟီရီ (Photo: AFP)

အိုစမာဘင်လာဒင် စတင်ထူထောင်ခဲ့သော အယ်လ်ကေးဒါးအဖွဲ့သည် မွတ်စလင်ဒေသများကို တစ်ခုတည်းသောနိုင်ငံအဖြစ် ထူထောင်နိုင်ရေးအတွက် တိုက်ခိုက်နေကြသော ဂျီဟတ်များ၏ ခေါင်းဆောင်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားခဲ့သည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။ ဘင်လာဒင်သည် ၂ဝ၁၁ ခုနှစ် မေတွင် ပါကစ္စတန်၌ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး နောက်ပိုင်း အယ်လ်ကေးဒါးအဖွဲ့ အနည်းငယ်မှေးမှိန်သွားခဲ့သော်လည်း အာဖရိကနှင့် အာရေဗျကျွန်းဆွယ် အဖွဲ့ခွဲသည် ယခုအခါ အီရတ်နှင့် ဆီးရီးယားတွင်တိုက်ခိုက်နေသော အစ္စလာမ္မစ်နိုင်ငံတော် (IS) ဟု မိမိဘာသာသာ ကြေညာထားသောအဖွဲ့အဖြစ် သီးခြားရပ်တည်နေသည်။

အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြရာတွင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များကို မေးမြန်းခဲ့ရာ၌ ဇာဝါဟီရီ၏ တိုက်ခိုက်ရန် လှုံဆော်မှုများကို သူတို့သတိမပြုမိကြောင်းနှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုသည် အစွန်းရောက်အစ္စလာမ်ဟူသော အကြောင်းအရာနှင့် ဆက်နွှယ်ပုံမရကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။မြန်မာလုံခြုံရေးတပ်များက သူတို့သည် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး၌ ပြန်လည်အသက်သွင်းခဲ့ကြောင်း အထောက်အထားများ ရရှိထားသည် ဟုဆိုသည်။ သို့သော် ယင်းသည် ဘာသာရေးဆိုင်ရာ အစွန်းရောက်ဝါဒနှင့် စဉ်ဆက်မပြတ်ဆက်နွှယ်နေမှုမရှိကြောင်းနှင့် ကျွမ်းကျင်သူအများအပြားက RSO သည် အသက်ကင်းမဲ့နေသည်မှာ ကာလကြာခဲ့ပြီဖြစ်သည့်အဖွဲ့ဖြစ်သည်ဟု ယုံကြည်ကြကြောင်း အေအက်ဖ်ပီသတင်းဌာန၌ ဖော်ပြထားသည်။

ယခုထွက်ပေါ်လာသော သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက “အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားလုံခြုံရေးကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း သီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အစည်းတွေ ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့ မျှဝေနိုင်ဖို့အတွက် Early Warning System တစ်ခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်လျက်ရှိပါတယ်”ဟု The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်