Friday, September 05, 2014

ရွှံ့မီးတောင်မှချော်ရည်များဆက်လက်ထွက်နေပြီး ပျက်စီးသောလယ်ဧကမြင့်တက်

Posted by drmyochit Friday, September 05, 2014, under | No comments

ရွှံ့မီးတောင်မှ ချော်ရည်များ စီးဆင်းလာစဉ် (ဓာတ်ပုံ - ကိုထွန်းလွင် (ကျောက်ဖြူ))

ကျောက်ဖြူမြို့နယ် ရှောက်ချောင်း ကျေးရွာတွင် ပေါက်ကွဲခဲ့သည့် ရွှံ့မီးတောင်မှာ ငါးရက်မြောက်နေ့အထိ ချော်ရည်များထွက်နေဆဲဖြစ်ပြီး ပျက်စီးသည့် လယ်ဧကစာရင်းမြင့် တက်နေကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးအသင်းမှသတင်း ရရှိသည်။

ရှောက်ချောင်း ကျေးရွာရှိ နဂါးရွှံ့မီးတောင်မှာ သြဂုတ် ၃၁ ရက်ကပေါက်ကွဲခဲ့ပြီး စက်တင် ဘာ ၄ ရက်ညနေအထိ ချော်ရည် များထွက်နေဆဲဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာရှိစပါး စိုက်လယ်ဧက သုံးရာကျော်ကို ချော်ရည်များဖုံးလွှမ်းနေကြောင်း ကျောက်ဖြူမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးရေးအသင်းပြန်ကြား ရေးတာဝန်ခံ ဦးကျော်ဝင်းကပြော သည်။

‘‘ထွေ/အုပ်နဲ့မြေစာရင်းက တော့ ပျက်စီးလယ်ဧကစာရင်း တွေ လာကောက်တယ်။ ပထမ တော့ ဧကသုံးဆယ်လောက်ပဲ ပျက်မယ်ထင်တာ။ အခုကတော့ ချော်ရည်တွေက တဖြည်းဖြည်း ချင်းထွက်နေသေးပြီး ဘေးပတ် ချာလည်မှာရှိတဲ့ လယ်တွေရော၊ စားကျက်မြေတွေပေါ်ကိုရော စီး နေတုန်းပဲ’’ဟု ၎င်းကပြောသည်။

နဂါးရွှံ့မီးတောင်ပတ်ဝန်း ကျင်တွင် ရှောက်ချောင်း၊ စည် မော်နှင့် ကြတ္တိန်ကျေးရွာများရှိနေ ပြီး ရှောက်ချောင်းကျေးရွာတွင် အဆိုးရွားဆုံးရင်ဆိုင်နေရ၍ပျက်စီး လယ်ဧကစာရင်းကို ကောက်ယူနေဆဲဖြစ်ကြောင်း မြို့နယ်ထွေ/အုပ်ရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။ ကျောက်ဖြူ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ကောက်ယူထားသော စာရင်းအရ ရှောက်ချောင်းကျေးရွာရှိ တောင်သူ ၄၀ ဦး၏ လယ်ဧက ၉၀ ကျော် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဒီရက်ပိုင်း မိုးကရွာနေ တော့ပိုဆိုးတယ်။ ချော်ရည်တွေက မိုးရေနဲ့အတူမျောပါလာပြီး လယ်ကွင်းတွေထဲဝင်နေတုန်းပဲ။ ရေနံစိမ်းနံ့တွေလည်းရတယ်။ ဒီနှစ်လယ်ကတော့ ပြန်စိုက်ဖို့ မလွယ်ဘူး’’ဟု ရှောက်ချောင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

နဂါးရွှံ့မီးတောင်မပေါက်ကွဲ မီနှစ်ရက်ခန့်အလိုက မီးတောင် အတွင်းမှ ဆူညံသံများကြားခဲ့ရ ပြီး ဒေသခံများက ပေါက်ကွဲတော့ မည်ကိုသိနေသော်လည်း အစိုးရ ပိုင်းက ကြိုတင်သတိပေးမှုမလုပ်ခဲ့ ကြောင်း ဒေသခံများကပြောသည်။ နဂါးရွှံ့မီးတောင်အနီးတွင် ဆိုင် ကဒိန်ရွှံ့မီးတောင်နှင့် ကြတ္တိန်ရွှံ့မီးတောင်များလည်းရှိနေပြီး ကျောက်ဖြူမြို့အနီးပတ်ဝန်းကျင်တွင် ရွှံ့မီးတောင်သုံးလုံးရှိနေသည်။


7Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်