Thursday, October 31, 2013

တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ

Posted by drmyochit Thursday, October 31, 2013, under | No comments


ကျိုင်းတုံ၊ အောက်တိုဘာ ၃၀

ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်လာသည့် ၈ဇ/၃၃၁၉ Nissan အစိမ်းရောင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်နှင့် တမလန်း အမျိုးအစား သစ်လုံးနှင့် သစ်ခွဲသား စုစုပေါင်းတန်ချိန် ၁၂ ဒသမ ၆၈၇ တန်နှင့် ယာဉ်မောင်းကိုတူး (ခ) ဦးတင့်လွင် မောင်းနှင်လာသည့် ၃ခ/၇၈၈၃ Nissan အပြာ/ခဲရောင် ၁၀ ဘီးယာဉ်ပေါ်မှ ကျွန်းသစ်နှင့် ပိတောက် အမျိုးအစား သစ်လုံးနှင့် ခွဲသား စုစုပေါင်းတန်ချိန် ၆ ဒသမ ၁၇၄၆ တန်ကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိ စာရင်းများအရ သိရသည်။
“ဒီသစ်ခွဲခြမ်းတစ်ခုကို တရုတ်ပြည်ရောက်ရင် အနည်းဆုံးကျပ် ၁၀ သိန်းကျော် ရတယ်။ တရုတ်တွေက အဲဒီသစ်ခွဲခြမ်းတွေကို အချောကိုင် ဆေးသုတ်ပြီးတော့ စားပွဲနဲ့ ထိုင်ခုံတွေလုပ်တာ။ အခုသစ်တော ပြည်နယ်မှူး အသစ်ရောက်လာ ကတည်းက မိုင်းတုံ၊ မိုင်းဆတ်ဘက်လည်း သွားဖမ်းတယ်။ လုပ်ငန်းရှင်ကြီးတွေနားက အလုံးအရင်းနဲ့ ဖမ်းမိတာ ဒါပထမဆုံးပဲ” ဟု ယင်းသစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းနှင့် သစ်မျိုးစုံကို ၂၀၁၂ ခုနှစ်တွင် ၂၃ ကြိမ် ဖမ်းဆီး ရမိ ခဲ့ပြီး သစ်တန်ချိန် ၄၆ ဒသမ ၁၇၃၇ တန်သာမက တောရိုင်းတိရစ္ဆာန် သင်းခွေချပ်အရှင် ၁၁ ကောင်နှင့် အသေသုံးကောင်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ၃ ဒသမ ၅၂ တန်၊ မေလ တွင် ၅ ဒသမ ၀၀၂ တန်၊ ဇွန်လတွင် ၁ ဒသမ ၆၄ တန်၊ ဇူလိုင်လတွင် ၁ ဒသမ ၆၆၂၆ တန်နှင့် စက်တင် ဘာလ တွင် ၁ ဒသမ ၅၁ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးအောင်မင်း (၂၉) နှစ်နှင့် ကိုတူး (ခ) ဦးတင့်လွင် (၄၇) နှစ်တို့ကို ကျိုင်းတုံ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးလွင်သူ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင် (သီလဝ)
The Voice Weekly

မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ၉၅ ဦး ဆေးကုသမှုခံယူခဲ့ရ

Posted by drmyochit Thursday, October 31, 2013, under | No comments


 အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း သိရသည်။

"အခုလာရောက်ကုသတဲ့ စာရင်းအရ ပြောရရင်တော့ ရွှေပေါ်ကျွန်းကျေးရွာက ၃၃ ဦး၊ ငွေပေါ်ကျွန်းကျေးရွာက ၃၇ ဦး၊ ဆုံရွာ ကျေးရွာက ၅ ဦး၊ လေးရာကျော် ကျေးရွာက ၇ ဦး၊ သက္ကယ်ကျင်း ကျေးရွာက ၁၃ ဦး စုစုပေါင်း ၉၅ ဦး စတင် ကုသပေးနေပါပြီ။ အစာအဆိပ် သင့်တယ်လို့ပဲ ပြောပါရစေ။ အော့အန်တယ်။ ၀မ်းလျောတယ် စတဲ့လဏ္ခာတွေ အားလုံးမှာ တွေ့ရပါတယ်။ သတင်းရပြီးတဲ့ နောက်ပိုင်း သူနာပြု ဆရာမအင်အား ၂၀ ကျော်နဲ့ လာရောက်ခဲ့ပါတယ်"ဟု မြင်းခြံခရိုင် ကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ရွှေပေါ်ကျွန်း ကျေးရွာ၌ အရေးပေါ် ဆေးကုသမှုပေးရာတွင် လာရောက် ကုသမှုခံယူသူ ဦးငွေက "ကျွန်တော် အလှူမှာ ကူညီဖို့လာခဲ့ပါတယ်။ မနက် ၈ နာရီလောက်က ဒံပေါက်နဲ့ ကြက်သားစားပြီး အိမ်ပြန်ခဲ့ပါတယ်။ ည ၁၂ နာရီလောက်မှာ ၀မ်းပျက်ပြီး စအန်ပါတယ်။ မနက်ကျတော့ ခေါင်းမူးလာလို့ နဘူးအိုင် ကျန်းမာရေး ဆေးခန်းကိုလာပြတော့ တခြားရွာသားတွေလည်း ကျွန်တော့်လို ဖြစ်နေတာ တွေ့ရပါတယ်။ အခုတော့ ဆေးသွင်းထားလို့ သက်သာနေပါပြီ"ဟု ပြောကြားခဲ့သည်။

"ကျွန်မတို့ မနက်ပိုင်းကစပြီး ကုသနေတာ။ လူနာများလာတော့ မြင်းခြံခရိုင် ကျန်းမာရေးက လာရောက် ကူညီပါတယ်။ ဒန်ပေါက်စားတဲ့ လူတွေမှာ အဖြစ်များပါတယ်။ လောလောဆယ်တော့ ဘာကြောင့်လဲ ပြောမရသေးပါဘူး။ ဓာတ်ခွဲခန်းကို ပို့ပြီး အဖြေရလာမှပဲ သိရမှာပါ။ နဘူးအိုင် ကျေးရွာအနီးက ရွာငါးရွာက လူနာတွေပါ"ဟု နဘူးအိုင် ကျေးလက် ကျန်းမာရေး ဆေးခန်းမှ ဆရာမ ဒေါ်ဝင်းထက်က ဆိုသည်။

မြင်းခြံမြို့နယ် သူနာပြု ဆရာမကြီးဖြစ်သူ ဒေါ်ခင်သူဇာမိုးမှ အစာအဆိပ်သင့်မှု ဖြစ်ပွားရာဒေသရှိ ကျေးရွာမှ ရွာသူရွာသားများအား ထိုနေ့က ကျေးရွာအတွင်းရှိ ရေတွင်းရေကန်များအတွင်းသို့ ပိုးသတ်ဆေးများ ဖြန်းကာ ရွာသူ ရွာသားများကိုလည်း ကျန်းမာရေးဆိုင် ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

Eleven Media

မော်လမြိုင်ရဲ့ ဆေးရုံ စီးပွားရေး

Posted by drmyochit Thursday, October 31, 2013, under | No comments

မော်လမြိုင်မှာ ဖြစ်ထွန်းနေတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေထဲမှာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ရတဲ့ မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံတခုအတွင်း CT Scan ဓာတ်မှန်ဌာနရဲ့ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)


မွန်ပြည်နယ် မြို့တော် မော်လမြိုင်မှာ ရတနာမွန်၊ အေဝမ်း၊ ဇာနည်ဘွား၊ ငွေမိုး စသဖြင့် ပုဂ္ဂလိက ဆေးရုံ ၇ ခု လောက် ရှိပါတယ်။ အားလုံးက မြို့လယ်ပိုင်းက ပန်းဘဲတန်းရပ်နဲ့ ၀န်းကျင်မှာပါပဲ။

ဆရာဝန်နဲ့ ဆေးဝန်ထမ်းများ 
အများပြည်သူ အခမဲ့ နဲ့ စရိတ်မျှပေး ကုနိုင်တဲ့ ပြည်သူ့ဆေးရုံကြီးလည်းရှိ၊ ပုဂ္ဂလိက ဆေးရုံကြီးတွေလည်း ရှိတယ်ဆိုတော့ မော်လမြိုင်မှာ ဆရာဝန်တွေ အများကြီး လို့ ယူဆချင်စရာပါ။

အင်း... များတော့ များပါတယ်၊ သို့သော်လည်း ထင်သလောက်တော့ မများပါဘူး တဲ့။ ဝါရင့်ဆရာဝန်ကြီး တွေ ဆိုရင် ဆေးရုံ ဆေးခန်း သုံးလေးခုထက်မနည်း တာဝန်ယူထားတယ်လို့ ဆိုတယ်။

ဆရာဝန်ကြီးတွေမှာ အချိန် အခက်အခဲ ရှိလို့ ထင်ပါရဲ့ လူနာတွေဆီ ရောက်တဲ့အခါ စကား လေးငါးဆယ် ခွန်းလောက်ပဲ မေးမြန်းပြောဆိုနိုင်တာမျိုး ရှိနေတာ တွေ့ခဲ့ရပါတယ်။

အင်း... လိုအပ်ရင်တော့ သင့်တော် လုံလောက်တဲ့အချိန် ပေးမယ်လို့ ယူဆရပါတယ်၊ ဆရာဝန်ကြီး ရောက်မလာခင် ဆရာဝန်လေး နဲ့ သူနာပြုတွေက ကြိုတင်ပြင်ဆင်ရတာတွေတော့ ရှိတာပေါ့၊ ဆရာဝန်ကြီး ရောက်လာတော့လည်း လိုအပ်သည်များကို ဆရာဝန်ငယ်နဲ့သူနာပြုတို့ကို ညွှန်ကြားသွားမှာပါ၊ စမ်းသပ်စစ်ဆေးပြီးနောက် ဘာဆေးကို ဘယ်လို ဘယ်လောက် ပေးလိုက်၊ ထိုးလိုက် စသဖြင့် …။ ကုသမှု ဘယ်လိုပေးမယ်၊ အိမ်ပြန်ခွင့်ပြုတယ် မပြုဘူး အစရှိသော အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကတော့ ဆရာ ဝန်ကြီးနဲ့မှ ပြီးပါတယ်။

လူနာများ
မော်လမြိုင်မှာ ဆေးရုံတွေ ဒီလောက်များများ လိုအပ်သလားလို့ မေးလာရင် … လိုအပ်လို့ ဒီလို ဆေးရုံကြီး တွေ ဖွင့်လာကြတာပါလို့ ဖြေရပါမယ်။ မြို့က ကြီးတော့ လူများတယ်၊ ဒါ့အပြင် အနီးဝန်းကျင်မြို့ရွာ များကလည်း ဒီဆေးရုံကြီးတွေကို အားကိုးတကြီး လာတက်ကြပါတယ်။

ပုဂ္ဂလိက ဆေးရုံကြီးတွေဟာ သမားရိုးကျ ပြည်သူ့ဆေးရုံကြီးတွေထက် ပစ္စည်းပိုစုံတယ်၊ ၀န်ဆောင်မှု ပိုကောင်းတယ် လို့ အများက နားလည်ထားကြတာပါ။

မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံကြီးတချို့မှာဆိုရင် အနီးအနားမြို့တွေက သူနာပြုတချို့ကို ရည်ရွယ်ချက် ရှိရှိ ခန့်ထားသလိုပဲလို့ တချို့က ဆိုကြပါတယ်။ အဲဒီ သူနာပြုတွေ ၀န်ထမ်းတွေရဲ့ အဆက်အသွယ်နဲ့ ဖောက်သည်တွေ (လူနာတွေ) ရောက်လာတတ်လို့ပါပဲ တဲ့။

ဆေးဖိုး နဲ့ ဝါးခ
ဆေးဖိုးဝါးခ ပေးစရာ မလိုတာကတော့ ကျော်သူတို့ရဲ့ ဆေးခန်း၊ ဒေါက်တာစင်သီယာရဲ့ ဆေးခန်းတွေပဲ ရှိပါလိမ့်မယ်။

မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံကြီးများမှာတော့ ဆေးဖိုးဝါးခ သေချာပေါက် ပေးရပါတယ်။ ပရဟိတလုပ် နေတာ မဟုတ်၊ စီးပွားဖြစ်လုပ်နေတာ မဟုတ်လား။

ပြီးခဲ့တဲ့ရက်ပိုင်း မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံကြီးတခုမှာ တနေ့တာအတွက် နှုန်းထားများက ဒီလိုပါ...

ဆရာဝန်ကြီး လာတွေ့တာ ၁,ဝဝဝ
ဆရာဝန်လေး လာတွေ့တာ ၁,ဝဝဝ
သူနာပြု ဆေးတိုက် ဆေးထိုး သွေးတိုင်း အဖျားတိုင်း ၂,၀၀၀
အခန်းခ ၅,ဝဝဝ
ဝန်ဆောင်မှု ၁,၅ဝဝဆရာဝန်ကြီးတွေကတော့ တရက်တကြိမ်လောက်ပဲ လူနာဆီကို လာပါတယ်။
ဆရာဝန်ပေါက်စတွေကတော့ တရက် တကြိမ်ထက် ပိုနိုင်ပါတယ်။ လူနာရဲ့ ဝေဒနာခံစားရပုံပေါ် မူတည်ပြီး တကြိမ်မက သွားကြည့်နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တာ အထွေထွေ ကုန်ကျစရိတ်ပါ။
သောက်ဆေး ထိုးဆေး လိမ်းဆေး ပစ္စည်းပစ္စယ ကုန်ကျစရိတ်ကတော့ လူနာ တယောက်နဲ့တယောက် မတူပါ။
ဆေးတွေက ဆေးဆိုင်မှာထက်တော့ နည်းနည်း ပိုဈေးများဖွယ် ရှိပါတယ်။

ဆေးဖိုးဝါးခ အများကြီးပေးနေရသလား
ဆေးရုံက ယူလွန်းတယ်၊ ရိတ်လွန်းတယ်၊ ပါးပါးလှီးလွန်းတယ်၊ ပေးရတာ မတန်ဘူးလို့ ညည်းသူလည်း မနည်းပါ။ ဝန်ဆောင်မှုညံ့လို့ မတန်ဘူးပြောတာလည်း ဖြစ်နိုင်တာပဲ လို့ မော်လမြိုင်သား စာနယ်ဇင်းသမား တဦးက ထောက်ပြပါတယ်။

ဒေသခံတယောက်ကတော့ ဒီဆေးရုံကြီးတွေဟာ စီးပွားရေးဆန်လွန်းတယ်လို့ ဧရာဝတီ သတင်းဌာနကို ပြောပါတယ်။ ဒီဆေးရုံကြီးတွေ လုပ်နေတာကလည်း စီးပွားရေးမဟုတ်ဘူးလားလို့ မေးကြည့်တော့...

အင်း... လူနာတွေ လူနာရှင်တွေ စိတ်ညစ်နေချိန်မှာ ကျသင့်ငွေ ရှင်းခိုင်းတာမျိုးကို ဆိုလိုတာပါလို့ ဥပမာပေး ရှင်းပြပါတယ်။
ဆေးရုံတွေဘက်ကလည်း ဆေးဖိုးဝါးခ များများ ယူမှ ဖြစ်မယ် ထင်ပါတယ်၊ ဒါမှလည်း ငှားထားတဲ့ ဝန်ထမ်း များ ပညာရှင်များကို လစာ/နေ့တွက် ပေးနိုင်မယ်၊ ပြီးတော့ … ရင်းနှီးမြှုပ်နှံထားတာတွေလည်း မနည်းဘူး မဟုတ်လား။

ဒေသတွင်း လူဦးရေလည်း များလာ၊ ကျန်းမာရေးယိုယွင်းသူ မတော်တဆဖြစ်သူလည်း များလာတဲ့အတွက် ဆေးရုံဆေးခန်း များများ လိုအပ်နေပါပြီ။

မော်လမြိုင်က ဆေးရုံကြီးတခု ဆိုရင် အဆောက်အအုံတွေ တိုးချဲ့၊ အသစ် ငှား၊ အသစ်ဆောက်နေတာကို တွေ့ခဲ့ရပါတယ်။

ဆေးရုံကြီးတွေကို လူနာတွေက ၀င်လာမစဲ တသဲသဲပါပဲ။

ဆိုခဲ့သလိုပဲ … ဓာတုဗေဒ အားပြုတဲ့ခေတ်၊ မတော်တဆမှု နဲ့ ကူးစက်မှု များပြားတဲ့ခေတ်မှာ လူနာအရေ အတွက် များလာတဲ့အတွက် ဆေးရုံအရေအတွက်လည်း များလာရပါပြီ။

ဒီတော့ (သင်၏ ကျန်းမာရေး၊ ကျွန်ုပ်တို့၏ စီးပွားရေးအတွက်) ဆေးရုံကြီးတွေက ၂၄ နာရီ ဝန်ဆောင်မှု အပြိုင်အဆိုင် ပေးနေကြတာဟာ ဒီကနေ့ခေတ်ရဲ့ ကျန်းမာရေးဆိုင်ရာ ဖြစ်ထွန်း ပြောင်းလဲမှုလို့ ဆိုရပါ မယ်။

ဧရာဝတီ

အနုပညာရှင်များ ပရိသတ်ကို အကြွေးမဆပ် ရသေးပါ

Posted by drmyochit Thursday, October 31, 2013, under | No comments


ဘယ်နိုင်ငံတွင်မှမရှိသေးသည့် ကမ္ဘာကိုပင် တင်ပို့နိုင်သည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းပေါင်းများစွာက မြန်မာအနုပညာဖန်တီးသူတို့၏ လက်တစ်ကမ်းတွင် ရှိနေပါသည်။ လွန်ခဲ့သည့်တစ်နှစ်ခွဲက ဆင်ဆာ ကန့်သတ်ချက် ဖြေလျှော့ပေးပြီးသည့်နောက် သမိုင်းနှင့်ချီသော မြန်မာပြည်တွင်း ဖြစ်ရပ်မှန်ဇာတ်လမ်း များစွာက သူတို့ကို ကိုင်တွယ်ဖန်တီးမည့်သူများအား အသင့်စောင့်ကြိုနေသော်လည်း မြန်မာ့ရုပ်ရှင်ကမူ အများကြိုက်ဖန်တီးမှုဝင်္ကပါထဲမှ ရုန်းမထွက်နိုင်သေးပါ။

ဆင်ဆာတားဆီးပိတ်ဆို့ ခံထားရခြင်းကြောင့် အနုပညာထုတ်ကုန်များ မတောက်ပြောင်နိုင်ကြောင်း ထပ်တလဲလဲ ပြောကြားမှုများ ၂၀၁၁ နှစ် ကုန်တွင် ရပ်တန့်သွားခဲ့ပါသည်။ ဖန်တီးမှုအသစ်များ မျှော်မှန်း သလောက်မရရှိသော စောင့်ကြည့်သူတို့၏ ဝေဖန်သံများ ညံလာပြန်သော အခါ မြန်မာ့ရုပ်ရှင်အဆင့် အတန်း တိုးတက်မလာခြင်းအတွက် ခေတ်မီ စက်ပစ္စည်းကိရိယာ မပြည့်စုံမှုနှင့် ငွေကြေးရင်းနှီးမြှုပ်နှံသူ ရှားပါးခြင်း ဆိုသည့် စကားလုံးများက ရှေ့တန်းရောက်လာပြန်သည်။

သို့သော် ယင်းအချက်များက မြန်မာ့ရုပ်ရှင် တိုးတက် မလာခြင်းအတွက် အတားအဆီး အစစ်အမှန် မဟုတ်ကြောင်း ယနေ့သက်ရှိထင်ရှား စိတ်ဝင်စားဖွယ်ဇာတ်လမ်းများက ငြင်းဆန်နေပါသည်။

KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင် ကိုကိုးကျွန်းက ထွက်ပြေး လွတ်မြောက်သွားသည့် အကြောင်း ရိုက်ချင်ပါသလား။ သက်ရှိထင်ရှား ဖဒိုမန်းငြိမ်းမောင်ထံတွင် အနီးကပ်လေ့လာ ရိုက်ကူးနိုင် ပါသည်။ ကမ္ဘာကျော်ပါပီလွန်နှင့် Cast Away လောက်တော့ ဖဒိုမန်းငြိမ်းမောင်ဖြစ်ရပ်က ကျော်ဖြတ်သွား နိုင်သည့် ကမ္ဘာကျော်နိုင်ဖွယ် ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ဇာဂနာက မချင့်မရဲဖြစ်စွာ ပြောကြားသည်။

၈၈ အရေးတော်ပုံက မွေးထုတ်လိုက်သည့် ဘ၀ပေါင်းများစွာ ယခုပြင်ပကမ္ဘာတွင် သက်ရှိထင်ရှားရှိနေပါ သေးသည်။ မြောက်ပိုင်းကျောင်းသားများအကြောင်း ရိုက်လိုပါက ဖြေဆိုလိုသည့် အရေးတော်ပုံကျောင်း သားဟောင်းကြီးများ ပြည်တွင်းတွင် ထင်ထင်ပေါ်ပေါ် ရပ်တည်လှုပ်ရှားနေပါသည်။

လက်ရှိ နိုင်ငံတစ်ဝန်း ခြိမ်းခြောက်ခံနေရသည့် လယ်ယာမြေဆုံးရှုံးမှု ပြဿနာအကြောင်း ရိုက်ပြလိုပါ သလား။ ဆက်တင်အကြီးကြီးနှင့် စတူဒီယိုအကြီးကြီးများဆောက်၍ ရိုက်ရန်မလိုပါ။ လယ်သမားကြီးများနှင့်
ဒွေးရောယှက်တင် ဆွေးနွေးမေးမြန်းလိုက်ရုံနှင့်ပင် အစိုးရပုဂ္ဂိုလ်မင်းတို့ထံ ထိရောက်သော သတင်း စကားပါးလိုက်နိုင်ပါသည်။

အချက်အလက်များ စုဆောင်း၍ အသေအချာစနစ်တကျ ရိုက်ကူးပါက ကမ္ဘာသို့တင်ပို့နိုင်သော ဇာတ်လမ်း ပေါင်းများစွာမှာ ရိုက်ကူးမကုန်နိုင်အောင် များပြားလွန်းလှသည်။

ခက်သည်က ယနေ့မြန်မာ့ရုပ်ရှင်သည် လူသားများအပေါ် အနုပညာလွှမ်းမိုးမှု အားကြီးလွန်းသည့်အချက်ကို အသုံးမချနိုင်ဘဲ မြန်မာ့လူမှုအသိုင်းအ၀ိုင်း၏ အတွေးအခေါ်ပိုင်းကို ပြုပြင်ပြောင်းလဲပစ်နိုင်သည့် ထိရောက်အားကောင်းသော သတင်းစကားပါးနိုင်သည့် ဇာတ်ကားမျိုး မထွက်ပေါ်နိုင်သေးခြင်း ပင်ဖြစ်သည်။

ရုပ်ရှင်ကားတိုင်းက သတင်းစကား ပေးနိုင်မည်မဟုတ်သော်လည်း သမိုင်းတွင်သည့် ဇာတ်ကားတိုင်း ကတော့ ပရိသတ်ကို အနုပညာပြောင်မြောက်မှု တစ်ခုတည်း မဟုတ်ဘဲ တွေးတောစရာ၊ သင်ခန်းစာယူ စရာတစ်ခုခု ကြီးကြီးမားမားရှိကြောင်း ဇာတ်ညွှန်းဆရာဦးရဲနိုင်မိုးကပြောသည်။

ရုပ်ရှင်ကားတိုင်းတွင် ကောင်းမွန်သည့်မက်ဆေ့ခ်ျ ပေးကိုပေးရမည်ဆိုသည့် ပုံသေနည်းမှာ မဖြစ် သင့်သော်လည်း ရုပ်ရှင်ထဲက မြင်ရ၊ ကြားရသည့် အတွေးအခေါ်တစ်ခုသည်လည်း မက်ဆေ့ခ်ျဖြစ်နိုင် ကြောင်း၊ အချို့မက်ဆေ့ခ်ျများမှာ ဖန်တီးသူကပေးသော်လည်း ခံစားသူက မရိပ်မိ၊ မရရှိခြင်းများလည်း ရှိကြောင်း ဒါရိုက်တာရီဇော်ကပြောကြားသည်။

“ဒီတိုင်းပြည်မှာ ရုပ်ရှင်ဗီဒီယိုဖန်တီးသူနဲ့ ခံစားသူပြည်သူတွေက အပြန်အလှန် ဖျက်ဆီးနေကြတာ။ ဖန်တီး သူက အပေါစားဖန်တီးတယ်။ အဲဒီအတွက် အပေါစားကို စွဲလမ်းလာတဲ့ ပြည်သူဟာ အပေါစားပဲ ကြည့်ချင် တော့တယ်။ ကြည့်တဲ့သူအကြိုက်လိုက်ပြီး ဖန်တီးသူကလည်း အပေါစားပဲဖန်တီးတော့ အပြန်အလှန် ဖျက်ဆီးသလို ဖြစ်နေတယ်”ဟု ဦးရဲနိုင်မိုးကပြောသည်။

7Day News Journal

မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာ နေရာတွင် ဗုံးလန့်မှုဖြစ်ပွား

Posted by drmyochit Thursday, October 31, 2013, under | No comments

ဗုံးလန့်မှု ဖြစ်ပွားသည့် နေရာအား တာဝန်ရှိသူများ ရှင်းလင်းနေစဉ် 

အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီ ခွဲခန့်က မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာ လမ်းမ ဘေးရှိ ၀ါယာကြိုးစများ ထွက်ရှိနေသော ကြွပ်ကြွပ်အိတ် အနက်ရောင်အိတ်ကို ထရန်စဖာမာအား ကာရံ ထားသော သံဇကာအတွင်းပိုင်း အမြင့်လေးပေခန့်တွင် ချိတ်လျက် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ဗုံးဟု ယူဆကာ ပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာမှ လာရောက်ရှင်းလင်းပေး ခဲ့ရာ ကြွပ်ကြွပ် အိတ်အတွင်းတွင် ထမင်းဘူး စားကြွင်းစားကျန်များနှင့် ၀ါယာကြိုးစများ တွေ့ရှိ ခဲ့ရကြောင်း သိရသည်။
''ဒီနားမှာ ကျွန်တော်ရောက်လာတော့ ကြွပ်ကြွပ်အိတ်ကို တိုင်မှာချိတ်လျက် တွေ့ရတယ်၊ ခဏနေတော့ ရဲရောက်လာပြီး ကားတာယာကွင်းတွေ ချပြီး လူရှင်းလိုက်တယ်။မနက် ၈ နာရီခွဲက စတွေ့တယ်။ ၉ နာရီ ၁၅ မိနစ်မှာ မိုင်းရှင်းလင်းရေးက စစ်ဗိုလ်တွေ ရောက်လာတယ်'' ဟု မြို့ခံတစ်ဦးက ရှင်းပြသည်။
၎င်းမြို့ခံကပင် ''နောက်ပြီးတော့မှ မိုင်းရှင်းလင်းရေးတပ်က စစ်ဗိုလ်နဲ့ တပ် ကြပ်ကြီးတစ်ယောက် ထရန် စဖော်မာထဲဝင်ပြီး အထုပ်ဖွင့်ကြည့်တော့ စားကြွင်းစားကျန် အမှိုက်တွေ ဖော့ဗူးခွံတွေ ၀ါယာကြိုး အဟောင်းတွေ ထည့်ထားတာတွေ့တယ်။ ဗုံးလို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတယ်လို့ ယူဆတယ်။ ပြီးတော့ ဒီနားမှာ အမှိုက်ပုံလည်း မရှိဘူး။ ပြည်သူလူထုလန့်အောင် မြို့ရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဗုံးလန့်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လာချိတ်ထားတယ်လို့ ထင်ပါတယ်'' ဟု လာရောက် ကြည့်ရှုသူ မြို့ခံတစ်ဦးက ပြော ကြားသည်။

''ကျွန်တော့် အမြင်ပြောရရင်တော့ ရည်ရွယ်ချက်တော့ ရှိပုံမပေါ်ပါဘူးဗျာ။ ဒီအတိုင်းပဲ အမှိုက်စွန့်ပစ် လိုက်လို့ ချိတ်သွားတယ်လို့ ယူဆပါတယ်။ စနစ်တကျ ချည်ထားရင်လည်း ပလတ်စတစ်စရဲ့ နှစ်ဖက် စလုံး ကို ချည်ရမှာ ဖြစ်ပါတယ်။ အခုတော့ တိုင်မှာ ကြွပ်ကြွပ်အိတ်ကြိုးကို တစ်ဖက်တည်း ချည်ထားတာပါ။ ကြွပ်ကြွပ်အိတ်ထဲမှာပါတဲ့ ၀ါယာစကလည်း အမှိုက်ပဲ ဖြစ်နိုင်ပါတယ်၊ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့တော့ ကျွန်တော်မယူဆပါဘူး။ အမှိုက်ပစ်လိုက်လို့ ဖြစ်တယ်လို့ ထင်ပါတယ်၊ဘာမှ စိုးရိမ်ထိတ်လန့်စရာ မရှိပါဘူး၊ ပြည်သူလူထုကြီးလည်း ထိတ်လန့်မှု မဖြစ်ပါနဲ့လို့ ပြောချင် ပါတယ်'' ဟု အမှတ် (၁၁) ရဲတပ်ရင်းမှ တပ်ရင်းမှုး ဒုရဲမှုးကြီး နန္ဒ္ဒ၀င်းက ပြောကြား သည်။

Eleven

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

Posted by drmyochit Thursday, October 31, 2013, under | No comments


ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှု မရှိတော့ ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရင်နှင်း ပြောပြမယ်နော်။

Good Hygiene
ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ဂျိုင်းလဲ အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

Exfoliation
ဂျိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့
တစ်ပတ်ကို ၂ ကြိမ်လောက် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဂျိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့ သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့ ဆဲလ်အသစ်လေးတွေကြောင့် ဂျိုင်းသားမည်းတာတွေ တဖြည်းဖြည်းသက်သာသွားမှာပါ။

Removing Hair
ဂျိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက ချွေးပေါက်တွေကို
ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်းသုံးပါ။ အကောင်းဆုံးနည်းကတော့ နူတ်ပစ်တာပါပဲ။

Chossing a Deodorant
ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။
တချို့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ ချိုင်းမည်းတာမျိုးလည်းဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on ကိုဆက်မသုံးပါနဲ့တော့။ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ ကျောက်ချဉ်ရေလိမ်းပေးနိုင်ပါတယ်။ ချွေးနံ့ခံတွင်းနံဆိုးတွေအတွက်ဖြေဆေးဆိုတဲ့ ပို့စ်မှာ ချွေးနံနံရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြ ထားတယ်နော်။

Lossen up
အရမ်းကျပ်တဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့။ ဂျိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့ ပွတ်တိုက်မိပြီး
ဂျိုင်းသားတွေ မည်းသွားနိုင်လို့ပါ။

Reduce weight
အရမ်းဝလို့ လက်မောင်းသားတွေ ကြီးပြီး တွဲကျနေတဲ့ အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက် ရာ ကနေ ဂျိုင်းတွေမည်းလာနိုင်ပါတယ်။ ဒါကြောင့် မမ၀၀တွေ ကိုကို၀၀တွေ ၀ိတ်လျှော့သင့်တယ်နော်။

Natural Ways
- သံပရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ဂျိုင်းသားတွေကို ပွတ်ပေးပါ။ မိနစ် ၂၀ လောက်နေရင် ရေနွေး မှာစိမ်ထားတဲ့ အ၀တ်လေးနဲ့ ပွတ်ပေးပါ။
- Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ဂျိုင်းတွေ ဖြူဖွေးလာနိုင်တယ်နော်။
- သံပရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို သမအောင်ရောမွှေပြီး ဂျိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။

ရင်နှင်းပြောပြတဲ့ နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ဂျိုင်းသားဖြူဖြူလေးတွေနဲ့ ကိုယ့်
ကိုယ်ကို ယုံကြည်မှုပိုရှိနိုင်ပြီပေါ့။

(ရင်နှင်းငယ်)

ဂျပန်ကားနှင့် အနောက်တိုင်းကားများ၏ အားစမ်းပွဲ

Posted by drmyochit Thursday, October 31, 2013, under | No comments


ဆူးလေဆိပ်ကမ်းသို့ နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးတစ်စီး တရွေ့ရွေ့ဆိုက်ကပ်လာသည်။ လှိုင်းလုံးကြီးများကြား သင်္ဘောပေါ်တွင် မော်ဒယ်မြင့် ကားအစီးပေါင်းများစွာကို အစီအရီတွေ့ရသည်။

ဆိပ်ကမ်းနှင့် သင်္ဘောကို ဆက်သွယ်လိုက်သည့် သံမဏိတံတားပေါ်မှ နောက်ဆုံးပေါ် မော်ဒယ်မြင့် အရောင် အသွေးစုံ ကားတစ်စီးပြီးတစ်စီး သင်္ဘောပေါ်မှတစ်ဆင့် ဆိပ်ကမ်းကုန်လှောင်ရုံ အတွင်းသို့ မောင်းဝင် လာကြသည်။

စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ထားသည့် အနောက်နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှ တိုက်ရိုက် တင်သွင်းလာသော အသစ်စက်စက်ကားများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်ပြီး တစ်နှစ်ကျော်အကြာ ကားတင်သွင်းမှုမူဝါဒများကို ဖြေလျှော့ပေးပြီး နောက် ပြည်ပမှ နာမည်ကြီးကား အရောင်းပြခန်းအများစု ရန်ကုန်တွင် လာရောက်ဖွင့်လှစ်ပြီး ဈေးကွက် နေရာရယူရန် ပြင်ဆင်
လာနေကြပြီဖြစ်သည်။

အိုင်ဗီအို၊ ဖို့ဒ်၊ မာစီးဒီးဘင့်ဇ်၊ ကေအိုင်အေ၊ ချက်ဗလက်၊ မာဇဒါ၊ မစ်ဆူဘီရှီ၊ ဘီအမ်ဒဗလျူ၊ ဟွန်ဒိုင်း စသောကုမ္ပဏီများက ရန်ကုန်တွင် အရောင်းပြခန်းဖွင့်လှစ်ရန် အစိုးရထံမှ ခွင့်ပြုချက်ရရှိထားသည်။ အချို့မှာ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်သည်။

ကမ္ဘာကျော်ကားကုမ္ပဏီအများစုမှာ အမေရိကန်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား စသော နိုင်ငံအများ စုမှဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမြောက်မြားစွာဖြင့် စတင်လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။ ကုမ္ပဏီ များမှာ မြေဈေးကြီးသော ရန်ကုန်မြို့မှ အချက်အချာကျသည့်နေရာများတွင် လက်ဦးမှုရယူပြီး အရောင်း ပြခန်းများပင် စတင်ဖွင့်လှစ်နေပြီဖြစ်သည်။

အချို့ကုမ္ပဏီများက မော်တော်ယာဉ်ဆိုင်ရာ ၀န်ဆောင်မှုဈေးကွက်ဖြင့် ချဉ်းကပ်လာကြပြီး ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်သော နစ်ဆန်းကားကုမ္ပဏီကမူ ပဲခူးတွင် စက်ရုံထောင်ပြီး ကားထုတ်လုပ်ရန် အစိုးရထံမှ ခွင့်ပြုချက်ပင် ရရှိနေပြီဖြစ်သည်။

“ကျွန်တော်တို့ကားတွေက ဂျပန်ကားတွေကို ကောင်းကောင်းယှဉ်နိုင်မှာပါ။ ဈေးကိုလည်း လက်လှမ်းမီတဲ့ အထိ ရောင်းချပေးမှာပါ”ဟု ဖို့ဒ်ကားကုမ္ပဏီ၏ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ရရှိထားသည့် Diamond Star ကုမ္ပဏီမှ ဦးကိုကိုကြီးကပြောသည်။

ကမ္ဘာကျော်ကားကုမ္ပဏီအများစု မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်တွင်းမှ ထိပ်သီး အင်အားကြီးကုမ္ပဏီအချို့က ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ကြသည်ကို တွေ့ရသည်။

ဖို့ဒ်ကားကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် ပြည်တွင်းမှ ဒိုင်းမွန်းစတားကုမ္ပဏီကရရှိပြီး၊ မာစီးဒီးဘင့်ဇ်၏ ကိုယ်စားလှယ်အဖြစ် ဂရန်းရွိုင်ရယ်ဝီစကီ ထုတ်လုပ်သော IBTC ကုမ္ပဏီ၊ ကိုရီးယားနိုင်ငံမှ နာမည်ကြီး ကေအိုင်အေကားကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် SSS ကားကုမ္ပဏီ၊ အမေရိကန် ချက်ဗလက်ကား ကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် AA Pacific Group ၊ ဂျပန်မစ်ဆူဘီရှီကားအရောင်းပြခန်းနှင့် ဂျာမနီ ဘောက်စ်ဂွန်ကားဆားဗစ်စင်တာ၏ ကိုယ်စားလှယ်အဖြစ် ရိုးမကုမ္ပဏီနှင့် အီတလီနိုင်ငံမှ SCANIA ကားကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်အသီးသီးက ကိုယ်စားလှယ်ဖြင့် စတင်လုပ်ကိုင်ခွင့်များ ရရှိထားပြီဖြစ်သည်။

သို့ရာတွင် ပြည်တွင်းမှ အင်အားကြီးကုမ္ပဏီများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်၊ ထူးထရေးဒင်း၊ မက်စ်မြန် မာ စသောကုမ္ပဏီများမှာ အမေရိကန် အစိုးရ၏ အရေးယူ ပိတ်ဆို့ခံထား ရသောကြောင့် ကိုယ်စားလှယ် အဖြစ် လက်ဦးမှုမရယူနိုင်ခဲ့ပေ။

အဆိုပါ ကားအရောင်းပြခန်းများ ပြည်တွင်း၌ ဖွင့်လှစ်နိုင်ရေး အတွက်မြန်မာနိုင်ငံမှ ကိုယ်စားလှယ် အများစုက အမည်ပြောင်း လျှောက်ထားပြီး မူလကုမ္ပဏီနာမည်ကို အသုံးပြုမှုနည်းပါးကြောင်း ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်သန်းသန်းဆင့်က ပြောကြားသည်။

“တချို့ကုမ္ပဏီတွေက တိုက်ရိုက်ကိုယ်စားလှယ်ရတာမဟုတ်ဘူး။ ကြားမှာ နိုင်ငံတစ်နိုင်ငံရှိတယ်။ အဲဒီနိုင်ငံ က တစ်ဆင့် ကိုယ်စားလှယ်ပြန် ရတာ”ဟု ၎င်းကပြောသည်။

ထို့ကြောင့် ကမ္ဘာကျော်ကားကုမ္ပဏီများမှာ ခြေလှမ်းကျဲကျဲဖြင့် ၀င်ရောက်လာပြီး ကားဈေးကွက်တွင် နေရာအရင် ဦးထားခြင်းသာဖြစ်နိုင်ကာဈေးကွက်ဝေစုရရန်မှာ ဆက်လက်ယှဉ်ပြိုင်ရဦးမည်ဖြစ်ကြောင်း ကားအရောင်းပြခန်းပိုင်ရှင်အချို့ကဆိုသည်။

7Day News Journal

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းများအား အမှုကျေအေးခွင့် မပြုတော့

Posted by drmyochit Thursday, October 31, 2013, under | No comments

ရန်ကုန်မြို့တွင်း ယာဉ်တိုက်မှုတစ်ခုမှ ပျက်စီးခဲ့သော ယာဉ်တစ်စီးကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ယာဉ်မောင်းများအနေဖြင့် အမှုကျေအေးခွင့် တင်ရာ တွင် လက်ခံတော့မည်မဟုတ်ဘဲ ကျေအေးခွင့် ရရှိမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၃၀ ရက် ပြောကြားသည်။

ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်၌ ဒဏ်ရာရရှိသူကို တာဝန်သိစွာ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးသည့် ယာဉ်မောင်းများအနေဖြင့် တရားရုံးတွင် ကျေအေးခွင့်ရရှိနိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

အလားတူ တိုက်ပြီးထွက်ပြေးခဲ့သည့် ယာဉ်မောင်းများအနေဖြင့် ကျူးလွန်ခဲ့သည့် ဥပဒေအတိုင်း ပြစ်ဒဏ်ခံရမည့်အပြင် လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

''ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးခဲ့တဲ့ ယာဉ်မောင်းတွေ အများစုကလည်း ခရီးသည်တင်ယာဉ်တွေမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေ ဖြစ်ပါတယ်။ ဒီယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေကလည်း ကိုယ်ရေးအချက်အလက်တွေ၊ မှတ်တမ်းတွေကို တိတိကျကျ မယူထားတဲ့အတွက် ကျူးလွန်တဲ့သူကို ဖမ်းဆီးတဲ့အခါမှာလည်း နှောင့်နှေးမှုတွေ ရှိပါတယ်။

တချို့ယာဉ်မောင်းတွေဆိုရင် လိုင်စင်မရှိဘဲ မောင်းနှင်တာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီကို ယာဉ်တိုက်မှုတွေနဲ့ ပတ်သက်ပြီး ကျေအေးခွင့်တင်တဲ့အခါမှာ သေချာ စစ်ဆေးနေတယ်။ တိုက်ပြေးယာဉ်မောင်းတွေက ကျေးအေးခွင့် တင်လာရင်တော့ ထိရောက်စွာ အရေးယူဖို့ တရားရုံးက တာဝန်ရှိသူတွေကို မှတ်ချက်ပေးသွားမယ့်အပြင် ကျေအေးခွင့် လုံးဝပေးမှာလည်း မဟုတ်တော့ပါဘူး''ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၉၇၆၂ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ရှိခဲ့ကာ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၁၁၆၄၉ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၆ ရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ရှိခဲ့ကာ သေဆုံးသူ ၂၄၃၇ ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven

အမေရိကန်ရဲ့ ထောက်လှမ်း ခံရ မှုမှာ မြန်မာ ပါဝင်

Posted by drmyochit Thursday, October 31, 2013, under | No comments

အမေရိကန် ထောက်လှမ်းရေးရဲ့ လှိျု့ဝှက် ထောက်
လှမ်းမှု တွေကို ကန့်ကွက် ဆန္ဒပြသူ တစ်ယောက်
အမေရိကန် ပြည်ထောင်စုက တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။

သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ကတော့ အမေရိကန်က သူ့ ပြည်သူတွေ အပါအဝင် မဟာမိတ် နိုင်ငံတွေနဲ့ တခြား နိုင်ငံ အတော် များများရဲ့ စာတွေ၊ အီးမေးတွေနဲ့ တယ်လီဖုန်း အဆက် အသွယ် တွေကို ကြားဖြတ် နားထောင်တယ် ဆိုတာ သိရပေမဲ့ မြန်မာ နိုင်ငံ ပါမပါ မသိ ပါဘူးလို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒါပေမဲ့ မဟာမိတ် နိုင်ငံတွေကိုတောင် ဆက်သွယ်မှုတွေနဲ့ ပတ်သက်လို့ ကြားဖြတ်နားထောင်တဲ့ အမေရိကန်က မြန်မာ နိုင်ငံကို အလားတူ လုပ်ဆောင်မယ် ဆိုရင်လည်း အံ့သြစရာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

နိုင်ငံ တစ်နိုင်ငံဟာ သူ့လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ထင်တဲ့ ကိစ္စ အတွက် စုံစမ်း ထောက်လှမ်းတာက လွဲရင် လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိတဲ့ မဟာမိတ် နိုင်ငံတွေ လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေ၊ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး ဝါဒ ကျင့်သုံး နေတဲ့ နိုင်ငံတွေ ရဲ့ ခေါင်းဆောင် တွေနဲ့ သူတို့ ပြည်သူတွေ ကိုတော့ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲ လုပ်ဆောင်တာ မသင့်တော်ဘူးလို့ ယူဆကြောင်း ဦးရဲထွဋ်က ပြော ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မွတ်ဆလင်ညီနောင် အထင်ကရ ခေါင်းဆောင် ဖမ်းမိ

Posted by drmyochit Thursday, October 31, 2013, under | No comments

ဖမ်းဆီးမိလိုက်တဲ့ မွတ်ဆလင်
ညီနောင်အဖွဲ့ရဲ့ အထင်ကရ
 ခေါင်းဆောင် Essam al-Erian
မွတ်ဆလင် ညီနောင်များအဖွဲ့နဲ့ ပတ်သက်ပြီး ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နေတဲ့ အီဂျစ် အာဏာ ပိုင်တွေဟာ ဒီအဖွဲ့ရဲ့ နိုင်ငံရေးပိုင်း ဆိုင်ရာ ခေါင်းဆောင်ဖြစ် သူ ဝရမ်းပြေး အက်ဆန် အဲလ် အေရီယန် ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

သူဟာ အစ္စလာမစ် လှုပ်ရှားမှုတွေအတွက် လူသိများ တဲ့ အထင်ကရ ခေါင်းဆောင် တစ်ဦး ဖြစ်ပါ တယ်။

လာမယ့် တနင်္လာနေ့မှာတော့ သူနဲ့အတူ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ မိုဟာမက် မော်စီ အပါအဝင် တခြားသော မွတ်ဆလင် ညီနောင်များအဖွဲ့က အရာရှိတွေကို ရုံးထုတ်မယ်လို့ မျှော်လင့်ရပါတယ်။

သူတို့တတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ အတွင်း ဆန္ဒပြသူ ၁၀ ဦး သေဆုံးအောင် သွေးထိုး လှုံ့ဆော်ခဲ့မှုနဲ့ စွဲချက်တင်ထားပါတယ်။

အခု အီဂျစ်အစိုးရဟာ မွတ်ဆလင် ညီနောင်များအဖွဲ့ကို တရားမဝင်ကြောင်း ကြေညာလိုက်ပြီး ဇူလိုင်လက မစ္စတာ မော်ဆီကို ဖြုတ်ချပြီးကတည်းက ဒီ ညီနောင်အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ အပါအဝင် အဖွဲ့ဝင် ၂၀၀၀ လောက်ကို ထောင်ချထားပြီးလည်း ဖြစ်ပါတယ်။

From: BBC

အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ

Posted by drmyochit Thursday, October 31, 2013, under | No comments



ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။

NSA အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း Edward Snowden ဖောက်ထုတ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ နားကြီး မျက်စိကြီး အာဏာပိုင်တွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး NSA အမေရိကန် အမျိုးသားလုံခြုံရေး လျှို့ဝှက် အစီအစဉ်အချို့ကို သိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Washington Post သတင်းစာကြီးမှာ ရေးသားဖော်ပြပါတယ်။

NSA နဲ့ ဗြိတိန်က GTCHQ ဗြိတိန်အစိုးရ ထောက်လှမ်းရေးအေဂျင်စီတို့ တွဲပြီး MUSCULAR ဆိုတဲ့ စီမံချက်တခု ဆောင်ရွက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီစီမံချက်ဟာ Google နဲ့ Yahoo ရဲ့ နိုင်ငံတကာကွန်ယက်တွေအကြား သတင်းအချက်အလက်တွေ သယ်ပို့တဲ့ ဖန်ကြိုးမျှင် Cable ကို လျှို့ဝှက် ကြားဖြတ် သတင်းရယူတာမျိုးတွေ လုပ်တာလို့ ဆိုပါတယ်။

Google နဲ့  Yahoo ကတော့ သူတို့အနေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို အခုလို ကြားဖြတ်ပြီး လျှို့ဝှက် အချက်အလက်ယူတာမျိုး သူတို့ ခွင့်ပြုပေးခြင်း မရှိဘူးလို့ ကြေညာချက်ထုတ် တုံ့ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အမျိုးသမီးငယ်တစ်ဦးအား ဓားပြ၍ခြိမ်းခြောက်ပြီး ပါးစပ်ကို ပလာစတာနှင့်ပိတ်၊ လက်ကိုကြိုးတုတ်ပြီး အဓမ္မပြုကျင့်

Posted by drmyochit Thursday, October 31, 2013, under | No comments



အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေးတစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။

ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုနေ့က မန္တလေး ရထားဆိုက်ရောက်ချိန်တွင် အဓမ္မပြုကျင့်ခြင်းခံရသည့် ရထားဈေးသည်မလေးသည် ထမင်းများလိုက်လံ ရောင်းချပြီးနောက် ဘူတာအနီး စိန်ပန်းပင်အောက်ရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် သူမနှင့် တစ်ရပ်ကွက်တည်းနေ အသက် (၂၁)အရွယ် အမျိုးသားတစ်ဦးက သူမအနီးသို့ ရောက်ရှိလာပြီး ထိုသူမှ စောင်ယူပေးရန် သူမအား ခိုင်းစေခဲ့သည် ဟု သူမမှဆိုသည်။

ထို့နောက် ထိုသူသည် သူမအား အိပ်ရအောင်ဟု ပြောဆိုခဲ့သဖြင့် သူမက ငြင်းဆန်းခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ထိုသူမှ ဓားဖြင့်ခြိမ်းခြောက်ပြီး၊ သူမ၏ ပါးစပ်ကို ပလာစတာဖြင့်ကပ်၍ ပိတ်ခဲ့သည်။ ထိုမျှမက သူမ၏ လက်ကိုလည်း ထိုသူမှ ကြိုးဖြင့် ချည်နှောင်တုတ်၍ သူမ၏ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သူမက ကျေနပ်မှုမရှိသည့်အတွက် ယခုလ ၂၉ ရက်နေ့ည ၉ နာရီအချိန်တွင် အင်းတော်မြို့မ ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်အရေးယူပေးရန် ထိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်း တိုင်ကြားချက်အား ရဲစခန်းက (ပ) ၂၂၃/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုအမှုအား စစ်ဆေးဆောင်ရွက်နိုင်ရန် ရဲစခန်းမှူး ဒုရဲမှူး မျိုးညွှန့်သန်းမှ အမှုစစ်တာဝန်များ ရယူလက်ခံထားကြောင်း စုံစမ်းသိရှိရသည်။

မြန်မာအမျိုးသမီးငယ်များ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရခြင်း ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိပညာပေး ဆောင်ရွက်မှု လုပ်ငန်းများအား ထိုဒေသတွင် ပြုလုပ်သွားရန် သက်ဆိုင်ရာမှ အပူတပြင်း စီးစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)
From: ThitHtooLwin

စမတ်ဖုန်းတစ်လုံးကို PC ကွန်ပျူတာသဖွယ် စိတ်ကြိုက်ရွေးချယ် တပ်ဆင်နိုင်မည်

Posted by drmyochit Thursday, October 31, 2013, under | No comments

Project Araဟု အမည်ပေးထားသော ယင်းအစီအစဉ်တွင် Google၏ ဖောက်သည်များသည် ဖုန်းတစ်လုံး၏ တည်ဆောက်မှု အစိတ်အပိုင်းများကို လိုသလို ရွေးချယ်ခွင့် ရလာမည် ဖြစ်သည်။


စမတ်ဖုန်း တစ်လုံးကို PC ကွန်ပျူတာ တစ်လုံးသဖွယ် မိမိစိတ်တိုင်းကျ အစိတ် အပိုင်းများဖြင့် ရွေးချယ် တပ်ဆင်နိုင်မည့် အခွင့်အရေးကို Google က အကောင်အထည် ဖော်လိုက်ပြီ ဖြစ်သည်။ စမတ်ဖုန်း တစ်လုံး ချင်း စီကို သက်ဆိုင်ရာ ကုမ္ပဏီက ဖန်တီးသည့် စွမ်းဆောင် ရည် အတိုင်း ဝယ်ယူအသုံးပြုမှု ခေါက်ရိုးကျိုးလာချိန်တွင် Googleက ယခုကဲ့ သို့ လမ်းကြောင်းသစ်ကို စဖောက်လိုက်ခြင်း ဖြစ်သည်။ Googleသည် ၎င်းဝယ်ယူ ပိုင်ဆိုင်ထားသည့် Motorola မိုဘိုင်းလ်ဖုန်း ကုမ္ပဏီမှတစ်ဆင့် အဆိုပါ ဝန်ဆောင်မှုကို စတင်သွားမည်ဟု သိရှိရသည်။ Project Araဟု အမည်ပေးထားသော ယင်းအစီ အစဉ်တွင် Google၏ ဖောက်သည်များသည် ဖုန်းတစ်လုံး၏ တည်ဆောက်မှု အစိတ်အပိုင်းများကို လိုသလို ရွေးချယ်ခွင့် ရလာမည် ဖြစ်သည်။

ဖုန်းတစ်လုံး၏ အခြေခံ တည်ဆောက်မှုအပြင် အပိုဆောင်း ကီးဘုတ်ထည့်သွင်းခြင်း၊ ဘက်ထရီအပို တပ်ဆင်ခြင်းနှင့် အခြားသော အာရုံခံစနစ်များ ထည့်သွင်းခြင်းတို့ကိုပါ Project Araတွင် ခွင့်ပြုပေးသွားမည် ဖြစ်သည်။ Motoralaသည် နယ်သာလန် ဒီဇိုင်းပညာရှင် ဒေ့ဗ်ဟက်ကန်စ်နှင့် ပူးပေါင်းလိုက်ပြီးနောက် စိတ်ကြိုက် ပြောင်းလဲနိုင်မည့် အတွေးအမြင်သစ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ Google၏ ခြေလှမ်းသစ်သည် ပဟေဠိဆန်ဆန် ရှိခဲ့ပြီး မိုဘိုင်းဖုန်းဈေးကွက် သုတေသီများကိုယ်တိုင်က ဖောက်သည်များကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးလိုက်ခြင်းကြောင့် လက်ရှိ မိုဘိုင်းလ်ဖုန်း ဈေးကွက်အပေါ် မည်သို့မည်ပုံ သက်ရောက်သွားမည်ကို မခန့်မှန်းနိုင်ကြောင်း ဝန်ခံခဲ့ကြသည်။

Motorolaက "Android OS အသုံးပြုနိုင်မယ့် Hardware အခြေခံတွေကို ကုမ္ပဏီက ဖန်တီး သွားလို ပါတယ်။ ဒါဟာ Androidအတွက် Thrid Party Developerတွေ ပေါ်ထွန်းလာဖို့ အားမာန်အပြည့် စတင်မှု တစ်ခု ပါပဲ"ဟု Blogတစ်ခုတွင် ရေးသားထားခဲ့သည်။ "ဖောက်သည်တွေကို ကိုယ်ကိုင်ချင်တဲ့ ဖုန်းရဲ့ အခြေ အနေတိုင်း အတွက် ကိုယ်တိုင် ရွေးချယ်ခွင့် ပေးလိုက်ပါတယ်။ ဘယ်လိုစွမ်းဆောင်ရည်နဲ့ လိုချင်သလဲ၊ ဘယ်ဈေးလောက် ဖြစ်မလဲ၊ ဘယ်လောက်ကြာကြာ ကိုင်မှာလဲ ဆိုတာတွေကို ဆုံးဖြတ်လို့ ရသွားစေ ပါမယ်"ဟုလည်း ယင်းBlogတွင် ဆက်လက် ဖော်ပြထားသည်။ Phoneblokဟု ခေါ်ဆိုသည့် စိတ်ကြိုက် တပ်ဆင်နိုင်သော စမတ်ဖုန်း အစိတ်အပိုင်းများအကြောင်း ဝက်ဘ်ဆိုက်တစ်ခုကို ဟက်ကန်စ်က လွှင့်တင် ခဲ့ရာ ရက်ပိုင်းအတွင်း လူတစ်သန်းနီးပါး ထောက်ခံ ချိတ်ဆက်ခဲ့ကြသည်။ "ကျွန်တော်တို့က နည်းပညာ ပိုင်းကို တာဝန်ယူမယ်။ ဟက်ကန်စ်ကတော့ လူတွေမျှော်လင့်တဲ့ ဒီဇိုင်းပိုင်းကို ကိုင်တွယ်ပါလိမ့်မယ်"ဟု Motorolaမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားသည်။

From: Planet Myanmar Network

Browsers တွေမှာ Zawgyi , Unicode နှစ်မျိုးလုံး ဖတ်လို့ရအောင် ပြုလုပ်နည်း

Posted by drmyochit Thursday, October 31, 2013, under | No comments




အရင်ဆုံး ကွန်ပြူတာမှာ      Zawgyi ဖောင့် ၊ Myanamr 3 ဖောင့် နှစ်ခုကို အရင် အင်စတောလုပ် ထားရပါမယ်။ ဖောင့်ဖိုင်နှစ်ခုကို Double Click နှိပ်ပြီး အလွယ်တကူ အင်စတောလုပ်နိုင်ပါတယ်။ Search Box ကနေ Fonts လို့ရိုက်ပြီး ဖောင့်ဖိုဒါပေါ်လာရင် ဖွင့်ပြီး ဖောင့်ဖိုင်နှစ်ခုကို Drag and Drop လုပ်ပြီးလည်း အင်စတောလုပ်နိုင်ပါတယ်။  ပြီးရင်တော့ Zawgyi Force , Unicode Force ဆိုတဲ့ Bookmarklet နှစ်ခုကို ဒေါင်းလုပ်လုပ်ပါ။ ဒေါင်းလုပ်လုပ်ပြီးရင် Browsers တွေက Bookmark Bar ပေါ်ကို Drag and Drop လုပ်ပါ။ အောက်ကပုံကတော့ Firefox Bookmark Bar ပေါ်မှာ Bookmarklet နှစ်ခုကို Drag and Drop လုပ်ထားတာပါ။



နောက်ဆုံးအဆင့်အနေနဲ့ Browsers တွေက Font Settings မှာ Zawgyi Font ကိုသတ်မှတ်ပေးရပါမယ်။

Firefox

Firefox ရဲ့ Options ထဲကိုသွားပြီး Content tab ကို နှိပ်ပါ။ Default Font မှာ Zawgyi ကိုရွေးပါ။ Advanced ကိုနှိပ်ပါ။


အောက်ကပုံမှာပြထားတဲ့အတိုင်း Zawgyi ဖောင့်တွေပြောင်းပေးပါ။ “Allow pages to choose their own fonts……” မှာလည်း အမှန်ခြစ်ပေးပါ။ Fallback Character Encoding မှာ Unicode (UTF-8) ရွေးပေးပါ။ OK နှိပ်ပါ။


Unicode ၀က်ဆိုက်တွေကြည့်လို့အမှန်မမြင်ရရင် Bookmark Bar က Unicode Force ကို နှိပ်ပါ။ ဒါဆိုရင် မြန်မာစာတွေအမှန်မြင်ရပါပြီ။


Chrome

Chrome မှာ Settings>Show advanced settings ကိုဝင်ပါ။ Web Content အောက်က Customize Fonts ကိုနှိပ်ပါ။ ဖောင့်တွေအားလုံးကို Zawgyi ပြောင်းပေးပြီး Encoding မှာ Unicode (UTF -8) ပြောင်းပေးပါ။ Done ကိုနှိပ်ပါ။



Unicode ၀က်ဆိုက်တွေကြည့်ရင် Bookmark Bar က Unicode Force ကိုနှိပ်ရင် မြန်မာစာ အမှန်မြင် ရပါပြီ။

တစ်ခြား Browsers တွေမှာလည်း ဒီနည်းအတိုင်းပဲပြုလုပ်နိုင်ပါတယ်။ စာဖတ်သူမှာ ဒီထက်ကောင်း တဲ့ နည်းတွေ ရှိရင်လည်း မျှဝေခဲ့ပါအုံး။

From: Myanmar ICT

သုတ်နှင့် သုတ်ရည်

Posted by drmyochit Thursday, October 31, 2013, under | 2 comments


အမျိုးသားလိင်အင်္ဂါက ထွက်လာတဲ့ အကြည်ရောင် ချောကျိကျိ အရည်မှာ သုက်ပိုးပါပါသလား။ ပါမယ် ဆိုရင် ဘယ်လောက် ရာခိုင်နှုန်းအထိ ပါတတ်ပါသလဲ။ အဆိုပါ အကြည်ရောင် အရည်ကြောင့် ကိုယ်ဝန် ရသွားနိုင် တဲ့ ဖြစ်ရပ်ကော သုတေသန ရှိပါသလား။

ယောက်ျား တယောက်ဟာ Sexually stimulated လိင်စိတ်ကြွလာတာနဲ့ Seminal vesicles နဲ့ Prostate gland တွေ ကနေ Seminal fluid အရည်ထွက်လာ တယ်။ အရည်ဆိုတာထဲမှာ Sperm သုတ်ပိုး ရောနေနိုင်တယ်။ (ပညာပိုင်း အခေါ်ဝေါ်တွေကို နောက်မှာ ရေးထားပါတယ်။) Semen ကိုလဲ သုတ်ရည်လို့ ခြုံခေါ်နေကြတာ များတယ်။ ဆေးပညာ တတ်သိသူတွေကပါ သုံးနှုန်းကြတယ်။ Bulbourethral Glands တွေကနေ ထုတ်ပေးတဲ့ အချွဲရည်ဟာ Lubrication လိင်ဆက်ဆံတဲ့အခါ အသုံးဝင်တဲ့ ချောဆီ သဘော ဖြစ်တယ်။ တိတိကျကျ ပြောရရင် Semen ဆိုတာ Sperm မပါတဲ့ အရည်သာ ဖြစ်တယ်။ အဲဒီ အရည်ဟာ သုတ်မလွှတ်ခင် ထွက်တာမို့ Pre-ejaculate ကနဦး-အရည်လို့ ခေါ်မှ မှန်တယ်။

Spermatozoa သုတ်ပိုး ပါတာကိုသာ Sperm ခေါ်သင့်တယ်။ Semen အရည်ထဲမှာ Sperm cells က ထုထည် ၂-၅% သာပါတယ်။ သုတ်ပိုးရဲ့ Head ခေါင်းပိုင်းမှာ DNA ပါတယ်။ (ဒီအင်န်အေ) ဆိုတာ လူရဲ့ Blueprint ဗီဇ ဘဲ။ အရည် သန့်သန့်က ဗီဇမပါလို့ သန္ဓေ မရစေနိုင်ဘူး။ သူက သုတ်ပိုးတွေကို အကာကွယ်ပေးတယ်။ လှုတ်ရှားစေနိုင်တယ်။ တခြား နေရာဆီကို သွားနိုင်ဘို့ သယ်ပို့ ပေးတယ်။
Sperm cells သုတ် (ဆဲလ်) တွေဟာ Egg cell မ-မျိုးဥ (ဆဲလ်) နဲ့ အဆက်ရတာနဲ့ လျင်မြန် သွက်လက် လာကြတယ်။ ကိုယ်ခန္ဓာမှာ ရှိတဲ့ တခြား (ဆဲလ်) တွေနဲ့ မတူတာက Chromosome (ခရိုမိုဇုန်း) အရေအတွက်ဟာ တဝက်သာ ရှိတာမို့ Haploid လို့ ခေါ်တယ်။

သုတ်ပိုးမပါတဲ့ အရည်ကနေ (သီအိုရီ) အရ ကိုယ်ဝန် မရစေနိုင်ပါ။ ဒါ့ကြောင့် ပဋိသန္ဓေ တားနည်းတွေထဲမှာ Withdrawl method သုတ်ရည် အပြင်ထုတ်ပြစ်နည်း ဆိုတာပါတယ်။ ဒါပေမဲ့ ဒီနည်းကနေ ၁၅-၂၈% ကိုယ်ဝန် ရနိုင်တယ်။ ဘာလို့လဲ။ လိင်ဆက်ဆံနေတုံးမှာ အချိန်ကြာအောင် စိတ်ကို ထိန်းကြတယ်။ ကြိုးစားနိုင်သူ လူတော်ဘဲ။ ခက်တာက သုတ်ရည် အကုန် ပန်းမထွက်အောင် စွမ်းဆောင်နိုင်ပေမဲ့ တစက် (အမှန်က တစက်တောင်မှ မရှိပါ။) ဖြစ်ဖြစ် ထွက်လာနိုင်တယ်။ တကယ့် Orgasm (အော်ဂဇင်) ကို ထိန်းလို့တော့ ရပါရဲ့ သုတ်ပိုး အရေအတွက် သိန်းနဲ့၊ သန်းနဲ့ ပါနေမယ်။
Sympathetic nerves (ဆင်ပသက်တစ်) အာရုံကြောတွေကနေ လိင်ဆန္ဒ ပြည့်ဝချိန်မှာ Ejaculation သုတ်လွှတ်တာ လုပ်ပေးတယ်။ သုတ်လွှတ်လိုက်ရင် Prostate gland ဆီးကျိတ် နဲ့ Seminal vesicles အိတ်တွေကနေ အရည်တွေ ပိုထုတ်ပေးလာတယ်။ Orgasm လိင်ဆန္ဒ ပြည့်ဝချိန် ကြာလေလေ အရည်များ လေလေ။ အသက်ငယ်သူတွေမှာ ပိုများတယ်။ လူ ၃ဝ ကို စမ်းသပ်တာ ပျမ်းမျှ သုတ်ရည် ထုထည် 3.4 ml ရှိကြတာ တွေ့ရတယ်။ အများဆုံး 4.99 ml နဲ့ အနည်းဆုံး 2.3 ml ရှိတယ်။ သုတ်ပိုးပေါင်း 100 to 600 million ပါနေမယ်။

လူတယောက်မှာ Sperm ထုတ်နိုင်စွမ်းက သိပ်မပြောင်းလဲတတ်ပေမဲ့ Semen အရည်ကတော့ အစားအသောက်ကြောင့် ဖြစ်ဖြစ် နည်းနိုင်တယ်၊ များနိုင်တယ်။ ဆွီဒင် နဲ့ ဒိန်းမတ် လေ့လာမှုတခုကတော့ အချိန် ကြာကြာ လိင်ဆက်ဆံတာက Sperm count သုတ်ပိုး ပိုများတယ်။ Semen ထုထည်ကတော့ ပိုမများဘူးတဲ့။

Semen ဘယ်ကလာသလဲ၊ နေရာ ၄ ခုကနေလာတယ်။
1. Seminal vesicle = 65-75% (Seminal vesicles ဆိုတာ နာမယ်ကိုက Semen ထုတ်တဲ့ အဓိပ္ပါယ်ပါတယ်။ ဆီးအိမ် နောက်နား-အောက်နားမှာ အတက် ကလေးတွေလို ရှိတယ်။)
2. Prostate = 25-30% (ဆီးကျိတ်က ယောက်ျားမှာသာ ရှိတယ်။ ဆီးအိမ်အောက်မှာ ကပ်နေတယ်။ သူ့ထဲမှာ ကြည်တဲ့အရည်ကိုပါ လှောင်ထားတယ်။)
3. Testes = 2-5% (ကျား-အစိ ကနေ Sperm သုတ် နဲ့ ကျားဟော်မုန်း Testosterone ကိုလဲ ထုတ်ပေးတယ်။)
4. Bulbourethral glands = < 1% (ဆီးကျိတ်နောက်မှာ ပဲစေ့လောက်၊ Urethra ဆီးသွားပြွန် တဖက်တချက်မှာ ရှိကြတယ်။)

ကျား-အစိနောက်မှာ Epididymis ဆိုတာ ရှိတယ်။ ရှေးခေတ် ဂရိ-စစ်သား ဆောင်း (ဟဲလ်မက်) နဲ့ ဆင်တယ်။ ပေ ၂ဝ လောက် ရှည်ပေမဲ့ နေရာ ကျဉ်းကျဉ်း လေးမှာ ခွေနေလို့ သုတ်ပိုးတွေ များများ လှောင်ထားနိုင်တယ်၊ ကြီးရင့်လာဘို့ အချိန် ရစေတယ်။ ထိရင်-ကိုင်ရင် နာမယ်၊ ပိုးဝင်ရင်လဲ ရောင်တယ်။ အဲဒါ ရောင်တာကို Epididymitis ခေါ်တယ်။ အစိပါရောင်ရင် Epididymo-orchitis ခေါ်တယ်။ ကလေး၊ လူကြီး ဖြစ်တယ်။ Antibiotic ဆေးပေးရတယ်။ ဆေးမကုဘဲ ထားရင် Sterility ကလေးအဖေ မဖြစ်နိုင်ဘူး။

လိင်ဆက်ဆံလို့ ဖြစ်ဖြစ်၊ ဖါသာ-အာသာ ဖြေလို့ ဖြစ်ဖြစ် လိင်ဆန္ဒ ပြည့်ဝသွားချိန်မှာ ၃ဝ စင်တီမီတာလောက် ရှည်တဲ့ Vas deferens (Ductus deferens) ကိုဖြတ်ပြီး လိင်တံထိပ်ဖျားကနေ သုတ်ရည် ထွက်တာကို Ejaculation သုတ်လွှတ်တယ် လို့ ခေါ်တယ်။ ဒီအကြောနဲ့ ဘေးမှာကပ်နေတာလေးတွေကို Spermatic cord လို့ ခေါ်ပြီး၊ ယောက်ျားတွေ ကလေး မရစေအောင် ဖြစ်ပြစ်ရတာကို Vasectomy ခေါ်တယ်။

• သုတ်လွှတ်ပြီးတဲ့နောက် Semen ဟာ ခဲလာတယ်။ (ဂျယ်လီ) လို ဖြစ်လာတယ်။ ၃ဝ မိနစ်လောက် ကြာရင် အရေပျော်လာမယ်။ ဒီဖြစ်စဉ်ဟာ မျိုးပွါးဘို့မှာ အရေးပါတယ်။
• Semen သုတ်ရည်က (အယ်လ်ကာလိုင်း) ဖြစ်တယ်။ ထူးဆန်းတာက အမျိုးသမီး (ဗဂျိုင်းနား) ဟာ အက်စစ်ဓါတ် ရှိတယ်။ Spermicide သုတ်ပိုး သေဆေး တွေကလဲ အက်စစ်ဓါတ် ရှိတယ်။
• Sperm စစ်စစ်မှာ အရသာ မရှိဘူး။ Seminal fluid အရည်ကတော့ ချိုနိုင်တယ်၊ ခါးနိုင်တယ်။ တချို့မှာ ငန်တယ်။ အစားသောက်ပေါ် မူတည်တယ်။ အသား စားရင် ခါးပြီး၊ သက်သတ်လွတ်ဆိုရင် ချိုတယ်။ ချိုရတာက Fructose သကြားဓါတ်ကြောင့် ဖြစ်တယ်။
• Semen ဆိုတာ အများအားဖြင့် အဖြူရောင်၊ မီးခိုးရောင်၊ သွေးပါနေရင် ပန်းရောင် ဖြစ်တယ်။ ဝါတာ၊ စိမ်းတာ ဆိုရင် Infection ပိုးဝင်တာ ဖြစ်နိုင်တယ်။ များသောအားဖြင့် (ဂနိုးရီးယား) လို လိင်ကတဆင့်ကူးစက်ရောဂါ STD ကြောင့် ဖြစ်နိုင်တယ်။
• ပုံမှန်က Chlorine smell (ကလိုရင်း) အနံ့ ရှိတယ်။ Foul-Smelling အနံ့ဆိုးနေရင် ပိုးဝင်နေလို့ဘဲ။
• Dehydration ရေဓါတ် နည်းနေသူမှာ သုတ်က ပျစ်နေလိမ့်မယ်။ Testosterone နည်းလွန်းနေသူတွေမှာ အမြဲ အဲလိုပျစ်နေတယ်။

၁၉၉၂ World Health Organization (ရီပို့တ်) တခုအရ ပုံမှန် သုတ်ရည်ဆိုတာ -
1. တကြိမ် သုတ်လွှတ်ရင် 2 ml အနည်းဆုံး ရှိရမယ်။
2. pH က 7.2 ကနေ 8.0 ရှိရမယ်။
3. Sperm concentration သုတ်ပိုး အနည်းဆုံး 20x106 spermatozoa/ml နဲ့ တခါသုတ်လွှတ်ရင် အနည်းဆုံး 40x106 spermatozoa/ml ရှိရမယ်။
4. အနည်းဆုံး 50% ဟာ Forward progression ရှေ့ကို ဦးတည်သွားလာနိုင်စွမ်း ရှိရမယ်။
5. အနည်းဆုံး 25% ဟာ သုတ်လွှတ်ပြီးနောက် မိနစ် ၆ဝ အတွင်းမှာ Rapid progression သွက်သွက်လက်လက် ရှေ့ဘက်ဆီ လှုတ်ရှားနိုင်ရမယ်။
ယောက်ျား မျိုးပွါးစနစ်မှာ ဦးနှောက်၊ လိင်အင်္ဂါတွေနဲ့ ဟော်မုန်းတွေ ပေါင်းစုပြီး အလုပ်လုပ်ပေးကြတယ်။

• ဦးနှောက်ထဲက Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ကနေ Gonadotropin-Releasing Hormone (GnRH) ဟော်မုန်းတွေကို ဦးနှောက်ထဲမှာဘဲ ရှိတဲ့ Pituitary gland (ပစ်ကျူထရီ) အိတ်ထဲကို ထုတ်ပေးတယ်။ Luteinizing Hormone (LH) နဲ့ Follicle-Stimulating Hormone (FSH) ဟော်မုန်း ၂ မျိုး ဖြစ်တယ်။
• LH ကြောင့် ကျား-အစိကနေ Testosterone (တက်စ်တိုစတီရုံး) ထွက်စေတယ်။ FSH ကို အကူအညီ ပေးလို့ ကျား-အစိထဲက Seminiferous tubules ပြွန်သေးလေးတွေကနေ နုသေးတဲ့ Sperm တွေကို ရင့်ကျက်စေတယ်။ Testosterone ကို ကျား-ဟော်မုန်းလဲ ခေါ်တယ်၊ Androgen လဲ ခေါ်တယ်။ သုတ်ပိုး ထုတ်တာမှာ မရှိမဖြစ်ပါ။
• သုတ်ပိုးတွေဟာ ကျား-အစိထဲက Seminiferous tubules နံရံတွေမှာ ဖြစ်တယ်။ Epididymis ထဲမှာ နုသေးတဲ့ သုတ်ပိုးတွေ နေကြတယ်။ သုတ်ပိုးတွေဟာ နုရာကနေ ရင့်ကျက်လာဘို့ ၉-၁ဝ ပါတ် အချိန်ယူတယ်။

သုတ်လွှတ်ရင် Epididymis ရဲ့အမြီးပိုင်းကနေ တနာရီ မိုင် ၇ဝ နှုန်းလောက် အရှိန်နဲ့ Ductus deferens ပြွန်ထဲကို ထွက်လာကြတယ်။ ဆက်ပြီး Spermatic cord အကြောထဲ ရောက်မယ်။ Vas deferens ဟာ Seminal vesicle နဲ့ ပေါင်းပြီး Ejaculatory duct ထုတ်ပြွန် ဖြစ်စေတယ်။ သူက Prostate ဆီးကျိတ်နဲ့ Urethra ဆီးပြွန်ထဲကို ပွင့်နေတယ်။ ကျား-အစိကနေ သုတ်ထွက်တာနဲ့ ကြွက်သား အလုပ်လာတယ်။ အချက်ကျကျ ကြွက်သားတွေ ညှစ်လို့မို့ သုတ်ရည်ကို ရှေ့ဆက် တိုးထွက်လာစေတော့တယ်။

သုတ်ရည်ကနေ သယ်ဆောင်ပေးနိုင်တဲ့ ရောဂါတွေထဲမှာ AIDS လဲပါတယ်။ Semen allergy သုတ်ရည်နဲ့ မတဲ့သူတွေလဲ အနည်းအပါး ရှိတယ်။ သုတ်ရည် ထိတာနဲ့ ဗဂျိုင်းနား ယားမယ်၊ ရောင်မယ်၊ နီရဲလာမယ်။ ပိုဆိုးသူတွေက တကိုယ်လုံးမှာ အဲလို ဖြစ်တတ်တယ်။ (ကွန်ဒွမ်) သုံးရင် ရပါတယ်။ ယောက်ျားတွေမှာလဲ သုတ်လွှတ်ပြီး၊ တုပ်ကွေးလို ခံစားရသူတွေလဲ ရှားရှားပါးပါး ရှိတယ်။ Post orgasmic illness syndrome or POIS လို့ ခေါ်တယ်။

သုတ်ရည်ရဲ့ တခြားကောင်းကျိုးတွေလဲ ရှိပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူ အမျိုးသမီးတွေဟာ သုတ်ရည်ကြောင့် စိတ်သက်သာ ရစေလို့ Antidepressant သတ္တိရှိတယ်။ ကောလိပ်-ကျောင်းသူ ၂၉၃ ယောက်ကို သုတေသနတခု လုပ်တယ်။ ဆက်ဆံတဲ့အခါ (ကွန်ဒွမ်) မသုံးတဲ့ မိန်းကလေးတွေဟာ လက်ရှိ အဖေါ် ယောက်ျားနဲ့ ခွါပြဲသွားရင် နောက် အသစ်တယောက်ကို မကြာမတင် ရှာချင်တာ တွေ့ရတယ်။ သိပ္ပံသမားတွေက သုတ်ရည်ကို Chemical dependency ဆေးစွဲ သလို Rebound effect ဖြစ်တယ်လို့ ကောက်ချက် ချတယ်။ ဒီလို မိန်းကလေးတွေက ဒီအကျင့်မျိုး ရှိနေတာကိုးလို့ အရပ်စကား ပြောကြမှာဘဲ။

လိင်ဆက်ဆံရာမှာ ပါးစပ်ကို သုံးတာကို Fellatio ခေါ်တယ်။ လက်တင်လို Suck ကနေ လာတာပါ။ တချို့က Semen ingestion သုတ်ရည် မျိုချတဲ့ အကျင့်ရှိတယ်။ St. Priapus Church မှာ လူရှေ့သူ့ရှေ့ သုတ်ရည် သောက်သုံးတာကို ကိုးကွယ်မှု တခုလို့ ယူဆတယ်။ အာဟာရဓါတ်တော့ မရှိသလောက်ပါ။ ရေသာများတယ်၊ Potassium, Magnesium, Selenium, Copper and Zinc ဓါတ်ဆားတွေ ပါတယ်။ 150 mg (ပရိုတင်း)၊ 11 mg ကာဗွန်ဟိုန်ဒရိတ်၊ 6 mg အဆီ နဲ့ 3 mg (ကိုလက်စထော) တွေပါတယ်။

သုတ်ကို ပါးစပ်က မျိုချတာမှာ Health risks ကျန်းမာရေးအရ ဘာဖြစ်နိုင်သလဲ။ အန္တရာယ် မရှိလှပါ။ အမျိုးသမီး ပါးစပ်မှာ အနာအဆာ ရှိမှသာ HIV နဲ့ Herpes ရေယုံပိုးတွေ ဝင်နိုင်တယ်။ ယောက်ျားမှာ Human papillomavirus (HPV) ကြွက်နို့ ဗိုင်းရပ်စ် ရှိနေရင် Oral or Throat cancer ခံတွင်းနဲ့ လည်ချောင်း ကင်ဆာ တွေ ဖြစ်နိုင်ခြေ ပိုများနိုင်တယ်။

ခေတ်ဟောင်း ပညာရှင် Aristotle ကလဲ ဆိုခဲ့သေးတယ်။ “သုတ်ရည်ဆိုတာ အစာအဟာရထဲက ကောင်းပေ့ ဆိုတာကနေ ရတာ” တဲ့။ ခေတ်သစ် လှို့ဝှက်-ထောက်လှမ်းရေးမှာ သုတ်ရည်ဟာ Invisible ink မမြင်နိုင်တဲ့ မင်လို သုံးနိုင်တယ်။

ယဉ်ကျေးမှု မတူတာတွေမှာ မတူတဲ့အမြင်တွေ ရှိကြတယ်။ ဗမာတွေက “ချွေးထွက် များမှ သွေးထွက် နည်းမယ်” လို့ ပြောကြတယ်။ တရုတ်-စကားပုံတခုကတော့ “သုတ်တစက်ဟာ သွေးဆယ်စက်နဲ့ ညီတယ်” တဲ့။ “ကျောက်မျက်ရတနာ Gemstones တွေဟာ Drops of divine semen ဘုရားသခင်ကပေးတဲ့ သုတ်ရည် Celestial Dragon နဂါးမင်းက ဆင်းသက်တာလို့ ယုံကြည်ကြတယ်။

ယောက်ျားတွေဟာ ဒို့မှာသာ ဒါလုပ်နိုင်တယ်လို့ အတင်း ဂုဏ်ယူချင် မနေကြပါနဲ့။ ရိုးရာ ရုရှား-ဆေးပညာကဆိုတာ မှန်တယ်။ “သုတ်ရည်ဆိုတာ ယောက်ျား နဲ့ မိန်မ အကြား ဆန်းပြားလှတဲ့ ဇီဝကမ္မဖြစ်စဉ်ရဲ့ ရလဒ်တခု ဖြစ်တယ်” တဲ့။ အနည်းဆုံး စိတ်ကူးထဲ၊ အိပ်မက်ထဲမှာ မိန်းမ ပါမှသာ သုတ်ရည်ဆိုတာ ထွက်လာနိုင်ပါတယ်။
FROM-DR TINT SWE

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်