Thursday, October 31, 2013

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းများအား အမှုကျေအေးခွင့် မပြုတော့

Posted by drmyochit Thursday, October 31, 2013, under | No comments

ရန်ကုန်မြို့တွင်း ယာဉ်တိုက်မှုတစ်ခုမှ ပျက်စီးခဲ့သော ယာဉ်တစ်စီးကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ယာဉ်မောင်းများအနေဖြင့် အမှုကျေအေးခွင့် တင်ရာ တွင် လက်ခံတော့မည်မဟုတ်ဘဲ ကျေအေးခွင့် ရရှိမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၃၀ ရက် ပြောကြားသည်။

ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်၌ ဒဏ်ရာရရှိသူကို တာဝန်သိစွာ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးသည့် ယာဉ်မောင်းများအနေဖြင့် တရားရုံးတွင် ကျေအေးခွင့်ရရှိနိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

အလားတူ တိုက်ပြီးထွက်ပြေးခဲ့သည့် ယာဉ်မောင်းများအနေဖြင့် ကျူးလွန်ခဲ့သည့် ဥပဒေအတိုင်း ပြစ်ဒဏ်ခံရမည့်အပြင် လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

''ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးခဲ့တဲ့ ယာဉ်မောင်းတွေ အများစုကလည်း ခရီးသည်တင်ယာဉ်တွေမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေ ဖြစ်ပါတယ်။ ဒီယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေကလည်း ကိုယ်ရေးအချက်အလက်တွေ၊ မှတ်တမ်းတွေကို တိတိကျကျ မယူထားတဲ့အတွက် ကျူးလွန်တဲ့သူကို ဖမ်းဆီးတဲ့အခါမှာလည်း နှောင့်နှေးမှုတွေ ရှိပါတယ်။

တချို့ယာဉ်မောင်းတွေဆိုရင် လိုင်စင်မရှိဘဲ မောင်းနှင်တာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီကို ယာဉ်တိုက်မှုတွေနဲ့ ပတ်သက်ပြီး ကျေအေးခွင့်တင်တဲ့အခါမှာ သေချာ စစ်ဆေးနေတယ်။ တိုက်ပြေးယာဉ်မောင်းတွေက ကျေးအေးခွင့် တင်လာရင်တော့ ထိရောက်စွာ အရေးယူဖို့ တရားရုံးက တာဝန်ရှိသူတွေကို မှတ်ချက်ပေးသွားမယ့်အပြင် ကျေအေးခွင့် လုံးဝပေးမှာလည်း မဟုတ်တော့ပါဘူး''ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၉၇၆၂ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ရှိခဲ့ကာ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၁၁၆၄၉ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၆ ရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ရှိခဲ့ကာ သေဆုံးသူ ၂၄၃၇ ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်