Sunday, July 08, 2012

 ယူနီဆက်၏ အထူးသံတမန် ဂျက်ကီချန်း မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ပြီး လူကုန်ကူးခံရသည့် ကလေးများနှင့် တွေ့ဆုံ

Posted by Anonymous Sunday, July 08, 2012, under | No comments

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ အထူးသံတမန် ဂျက်ကီချန်းသည် ဇူလိုင်လ ၅ ရက်နေ့က ကိုယ်ပိုင်လေယာဉ်ဖြင့် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ဇူလိုင်လ ၇ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့တို့သို့ လာရောက်ခဲ့သည်။

၎င်း၏ခရီးစဉ်အတွင်း ဂျက်ကီချန်းသည် ကလေးသူငယ်များ လူကုန်ကူးခံရခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းများကို ကူညီအားပေးရန် လာရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ကလေးသူငယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
''မြန်မာနိုင်ငံက ကျွန်တော့်အတွက် အလွန်ကို အသစ်အဆန်း ဖြစ်နေပါတယ်။ မြန်မာလို့ဆိုလိုက်ရင် ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ကိုပဲ သိပါတယ်။ ဒါကြောင့် ဒီမှာဘယ်လိုရှိနေသလဲဆိုတာ ကျွန်တော် တကယ်ကို လာကြည့်ချင်ခဲ့တာပါ'' ဟု ဂျက်ကီချန်းက ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
၎င်းက မြန်မာနိုင်ငံ၏ စိမ်းလန်းမှုကို သဘောကျမိပါကြောင်း၊ သတင်းမီဒီယာများအနေနှင့် ကလေးသူငယ်များလူကုန်ကူးခံနေရခြင်းနှင့် သက်ဆိုင်သောသတင်းများကို တိုးမြှင့်ရေးသားစေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။

၎င်းက မြန်မာအမျိုးသမီးများကို အဓ္ဓမထိမ်းမြားလက်ထပ်ရန် တရုတ်နိုင်ငံသို့ ရောင်းချခြင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြီးဆုံး လူကုန်ကူးမှုဖြစ်နေခြင်းနှင့်ပတ်သက်၍ Eleven Media ၏ မေးမြန်းချက်ကို '' ဒီလို အဖြစ်အပျက်တွေက မြန်မာနိုင်ငံမှာတင် မဟုတ်ပဲ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတာဖြစ်ပါတယ်။ မက္ကဆီကိုမှာလည်း မိန်းကလေးတွေကို အမေရိကန်ကို ရောင်းစားတာပါပဲ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်။ နိုင်ငံတွေရဲ့နယ်စပ်ကို ပိုမိုကြိုးစားထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ကျွန်တော် အကြံပေးလိုပါတယ်။ အရေးအကြီးဆုံးကတော့ မီဒီယာတွေအနေနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့သတင်းတွေပိုပြီး တိုးမြှင့်ရေးသားကြဖို့ ဖြစ်ပါတယ်''ဟု ၄င်းက ဖြေကြားခဲ့သည်။

ထို့နောက် လူကုန်ကူးခံရခြင်းနှင့်ပတ်သက်၍ ''ကလေးသူငယ်တွေ လူငယ်တွေအနေနဲ့ မိမိကိုယ်ကို ဘယ်လိုကြိုတင်ကာကွယ်ရမယ်ဆိုတာ သိဖို့အရမ်း အရေးကြီးပါတယ်။ အခြားနိုင်ငံတွေမှာ အလုပ်အကိုင်ကောင်းကောင်း ရမယ်လို့ ကတိက၀တ်တွေပေးတဲ့ မည်သူ့ကိုမဆို မယုံကြည်ဖို့ ၊ မိမိမသိတဲ့နေရာဒေသတွေကို တစ်ဦးတည်း မသွားဖို့၊ ကိုယ့်မိသားစုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိရှိဖို့နဲ့ ကလေးသူငယ်တွေကို လူကုန်ကူးသူတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုကာကွယ်ကူညီပေးနေတယ်ဆိုတာတွေကို သိဖို့လိုပါတယ်'' ဟု ပြောကြားခဲ့သည်။

ဂျက်ကီးချန်းအား ၄င်း၏ မြန်မာခရီးစဉ်အတွင်း အဓိက လုပ်ဆောင်ပေးရမည့် အချက်သုံးချက်အား စာနယ်ဇင်းများမှ မေးမြန်းရာ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသည့် ကလေးသူငယ်များအား စောင့်ရှောက် ရန်နှင့် မိဘမဲ့ကလေးသူငယ်များအား စောင့်ရှောက်ရန် လိုအပ်ကြောင်း ဖြေကြားခဲ့သည်။

၎င်းသည် ရန်ကုန်မြို့သို့ ရောက်ရှိစဉ်တွင် ရွှေတိဂုံဘုရား တောင်ဘက်မုဒ်ရှိ ရွှေကျင်မြို့နယ်အသင်း ဓမ္မာရုံအတွင်း ရတနာ့မေတ္တာအဖွဲ့မှ ကလေးငယ်များနှင့် ဇူလိုင်လ ၇ ရက်မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး ကလေးများနှင့်အတူ ကစားနည်းများ ကစားခြင်း၊ သီချင်းဆိုခြင်းနှင့် ကလေးများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့သည်။

ပြီးနောက် နေ့လည်ပိုင်းတွင် စာနယ်ဇင်းမီဒီယာများနှင့် တွေ့ဆုံကာ ၄င်း၏ခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဂျက်ကီချန်းသည် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ယူနီ ဆက် အထူးသံတမန်အဖြစ် ဆက်လက်သွားရောက်မည်ဖြစ်သည်။ ယင်းနောက်တွင် ဟောင်ကောင်၊ အမေရိကန်များသို့ သွားရောက်ရန် စီစဉ်ထားပြီး ၄င်းခရီးစဉ်များအပြီးတွင် အာဖဂန်နစ္စတန်နိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဂျက်ကီချန်းသည် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ် ပြီး၎င်း၏ ''ဂျက်ကီချန်းကုသိုလ်ဖြစ် ဖောင်ဒေးရှင်း''ကို ဟောင်ကောင်တွင် ၁၉၈၈ ခုနှစ်က စတင်ဖွင့်လှစ်ထားကြောင်း၊ ၂၀၀၅ခုနှစ်တွင် တရုတ်နိုင်ငံအတွင်း ဝေးလံခေါင်း ပါးသည့် ဒေသများရှိ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို အကူအညီပေးရန် ''နဂါးနှလုံးသားဖောင်ဒေးရှင်း''ကိုလည်း ထူထောင်ထားကြောင်း သိရသည်။
ဂျက်ကီချန်းသည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) ၏ အထူးသံတမန်အဖြစ် ၂၀၀၄ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးအတွက် အစဉ်တစိုက် လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း  သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်