Sunday, July 08, 2012

KIO နှင့် အစိုးရ စစ်ဘက်ဆိုင်ရာများ ဆွေးနွေးမည့် နေရာပင် ညှိမရသေး

Posted by Anonymous Sunday, July 08, 2012, under | No comments


ချင်းမိုင်(မဇ္စျိမ) ။         ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့နှင့် အစိုးရ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ စစ်တပ်ရေးကိစ္စ တွေ့ဆုံဆွေးနွေးမည့် နေရာနှင့်ရက် ယနေန့ထိ သဘောတူညီမှု မရသေးသဖြင့် ညှိနှိုင်းနေရဆဲ
ဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန့်အောင်က ပြောသည်။

ဇူလိုင်လ ပထမအပတ်အတွင်း KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ နှစ်ဘက် တင်းမာနေဆဲ ဖြစ်သော စစ်ရေးကိစ္စများ တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားသော်လည်း သဘောတူညီမှု မရသေးဘဲ ဖြစ်နေခြင်းဖြစ်သည်။



“အစိုးရက ဒီလ ၈ ရက်နေ့ထိ မအားဘူးလို့ ပြောတယ်။ အဲဒါကြောင့် ၉ ရက်နေ့ နောက်ပိုင်း ဖြစ်မယ်။ နေရာလည်း မသတ်မှတ်ရသေးဘူး။ ကေအိုင်အိုဘက်က ဒုချုပ် ဖြစ်မယ်ဆိုတော့ မြို့ကိုမဖြစ်နိုင်ဘူးလို့ ပြောတယ်။ အစိုးရက ဗန်းမော်မှာလုပ်ချင်တယ်။ ကေအိုင်အိုဘက်က သဘောမတူသေးဘူး။ အစိုးရက ဗန်းမော်မှာဘဲ လုပ်ရအောင်လို့
ပြန်ပြောလာတာကို ကေအိုင်အိုက ပြန်ပြီး မတုံ့ပြန်သေးဘူး။”ဟု ဦးဆန့်အောင်က ပြောသည်။

အစိုးရဘက်မှ ကချင်ပြည်နယ် ဗန်မော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ရေးကိစ္စ နှစ်ဘက်
တွေ့ဆုံရန် အဆိုပြုချက်ကို KIO ဘက်မှ လက်မခံဘဲ တရုတ်နယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန်
အကြားရှိ ပရန်ငွန်ကျေးရွာတွင် တွေ့ဆုံလိုကြောင်း တင်ပြထားသဖြင့် ယခုထိ တွေ့ဆုံမည့် နေရာနှင့် ရက် သတ်မှတ်
နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

KIO က စစ်ရေးတင်းမာနေချိန်အတွင်း ဗန်းမော်မြို့တွင် တွေ့ဆုံဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း ပြန်လည် တုံ့ပြန်ထားသော်လည်း အစိုးရဘက်မှ ဗန်းမော်မြို့တွင်သာ တွေ့ဆုံရန် ထပ်မံ အဆိုပြုနေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် နှစ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

KIO က အစိုးရ၏ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် တင်ပြခဲ့ချက်ထဲမှ အချို့ကို ကာကွယ်ရေးဦးစီးချုပ်မှ သဘောတူသော်လည်း အချို့ကို မြေပုံနှင့်တကွ ထပ်မံ ညှိနှိုင်းရန် လိုအပ်သည်ဟု ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က
တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က တွေ့ဆုံစဉ် လက်ရှိ စစ်ရေးကိစ္စများ ဆွေးနွေးရန် စစ်ဘက်ဆိုင်ရာများနှင့် ညှိနှိုင်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

KIO က ၁၉၉၄ ခုနှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ နောက်တကြိမ် အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးမည် မဟုတ်ဘဲ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်သာ တောင်းဆိုနေသည်။

ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ထိုနှစ် နိုဝင်ဘာလမှစတင်ကာ ငြိမ်းချမ်းရေး
ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပေ။

တဆက်တည်းတွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်သော အဖွဲ့သည် KIO အဖွဲ့၏ ငြိမ်းချမ်းရေး
ဖြစ်စဉ်များနှင့် ပတ်သက်၍ လေ့လာရန်နှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်များ၏ အခြေအနေများ
လေ့လာရန် ကချင်ပြည်နယ်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

KIO က ၈၈ ကျောင်းသားများနှင့် တွေ့ဆုံရန် ရှိသော်လည်း မည်သည့်နေ့ ရောက်ရှိမည်ကို မသိရသေးကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်