Wednesday, September 12, 2012

တိုင်းရင်းသားရေးရာ ဝန်ကြီးများ တောင်းဆိုချက်ကို ဥပဒေပြင်ဆင်ပြီး လိုက်လျောမည်ဟု သမ္မတပြောကြား

Posted by drmyochit Wednesday, September 12, 2012, under | No comments



From:ခေတ်လူငယ်

တိုင်းရင်းသားရေးရာ ဝန်ကြီးများ တောင်းဆိုသည့် အချက်များကို ဥပဒေများပြင်ဆင်ပြီး လိုက်လျောသွားမည် ဟု နိုင်ငံ တော်သမ္မတကြီးက တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထိုသို့ သီးသန့် တွေ့ဆုံမှုကို နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် စက်တင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီကျော် တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ဆုံစဉ် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်တိုင်းရင်း သားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။ “သမ္မတကြီးက ကျွန်တော်တို့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ကိုယ်စား တောင်းဆိုတဲ့ အချက်ငါးချက်ကို သူ့အနေနဲ့ သက်ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပြီး လိုက်လျောပေးသွားမယ် လို့ ပြောပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးတွေနဲ့ အခွင့်အရေး နဲ့ လုပ်ပိုင်ခွင့်ကို တန်းတူပေးဖို့ ပြောခဲ့တယ်။ သူ့အနေနဲ့ လိုက်လျောပေးမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ သက်ဆိုင်ရာ ပြည်နယ်အလိုက် လုပ်ဆောင်တဲ့အခါ အဲ့ဒီပြည်နယ်က ရေးရာ ဝန်ကြီးတွေ ပါဝင်ခွင့်ရရေးကိုလဲ တောင်းဆိုခဲ့တယ်” ဟု စက်တင်ဘာ ၆ ရက်တွင် သမ္မတနှင့် တွေ့ဆုံခဲ့သည့် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက တိုင်းရင်းသားရေးရာ ဝန်ကြီး များနှင့် တစ်နှစ်နှစ်ကြိမ် တွေ့ဆုံသွားမည်ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ တိုင်းရင်းသားရေးရာ ဝန်ကြီးများတွင် အမျိုးသား ၂၈ ဦး ပါဝင်ပြီး အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း သိရသည်။ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအပြင် ပြည်ထောင်စုအစိုးရတို့နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်ရန်အတွက် သမ္မတရုံးတွင် ဝန်ကြီးဌာနတစ်ခု ဖွင့်လှစ်၍ ပြည်ထောင်စုဝန်ကြီး တစ်ဦးအား တာဝန်ပေးအပ်ထားကြောင်း သိရသည်။ တိုင်းရင်း သားရေးရာ ဝန်ကြီးများ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ဥပဒေရေးရာ ကိစ္စရပ်များ၊ လိုအပ်သည့် အုပ်ချုပ်မှုတို့ကို တန်းတူရည်တူ ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတကြီးမှ တွေ့ဆုံခြင်းဖြစ်ပြီး စက်တင်ဘာလ ၉ ရက်တွင် နိုင်ငံတော်သမ္မတကြီးမှ အဆိုပါ တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦးအား သမ္မတအိမ်တော်တွင် ညစာစားရန် ဖိတ်ကြားထားကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်