Tuesday, September 18, 2012

စားအုန်းဆီစားသုံးရန် သင့်မသင့် နယ်စပ်မှာ စစ်ဆေးပြီ

Posted by drmyochit Tuesday, September 18, 2012, under | No comments



ယနေ့နံနက်ပိုင်း ထိုင်းဘက်ခြမ်း အမှတ် (၁) လှေဆိပ်မှာ စားအုန်းဆီပုံးများကို ဒီလို တွေ့ရပါတယ် (ဓာတ်ပုံများ - ဧရာဝတီ)  မဲဆောက်မြ၀တီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် မြန်မာ ဘက်သို့ တရက်ခြား တင်ပို့နေသော စားအုန်းဆီတံဆိပ်မျိုးစုံကို စားသုံးရန် သင့်မသင့် စစ်ဆေးတော့မည်ဟု သိရသည်။

မြန်မာဘက်သို့ တရက်ခြား တင်ပို့သည့် ၁၈ လီတာဝင် စားအုန်းဆီပုံးရေ ၁၀,၀၀၀ ကျော်ကို မြန်မာဘက်က တင်သွင်းခွင့်ကို ယမန်နေ့က စတင်ကာ ပိတ်ပင်လိုက်သည်။

မြန်မာကုန်သည်ကြီးများအသင်းဝင် ကိုအောင်က “စီးပွားနဲ့ကူးသန်းဝန်ကြီးဌာနရဲ့ အမိန့်နဲ့ မနေ့ကစပြီး ပိတ်လိုက်တာဖြစ်တယ်။ ထိုင်းဘက်က အရည်အသွေးမမီတဲ့စားအုန်းဆီတွေ တင်ပို့တဲ့အတွက်လို့ ပြောတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“မြ၀တီ ကုန်သွယ်ရေးဇုန်မှာ ဒီနေ့ ထိုင်းဘက်က ၀င်တဲ့ အစားအစာနဲ့ ဆေးဝါးတွေကို ပုံမှန် စစ်ဆေးဘို့ အတွက် ကျန်းမာရေးဝန်ကြီးဌာနက FDA ရုံးခွဲ ဒီနေ့ ဖွင့်ပွဲလုပ်ဘို့ ရှိတယ်။ နောက်ကိုဆိုရင် အဲဒီအဖွဲ့က ထိုင်းကုန်တွေကို နေ့တိုင်း စစ်ဆေးသွားမယ်လို့ သိရတယ်။ သူတို့အဓိက စစ်ဆေးမှာက စားအုန်းဆီလို့ ပြောတယ်”

မြန်မာတွေ ခံနေရတယ်

စားအုန်းဆီ အရည်အသွေးစနစ်တကျ စစ်ဆေး နိုင်မည့် (FDA)ကဲ့သို့ အဖွဲ့များ မြ၀တီကုန်သွယ်ရေးဇုန်တွင် မရှိခဲ့သဖြင့် ထိုင်းဘက်မှဆီများ အတားအဆီးမရှိ အလုံးအရင်းဖြင့် မြန်မာဘက်သို့ ၀င်ရောက်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုကျော်ပြီဟု သိရသည်။

မြန်မာကုန်သည်တဦးက “ကိုယ့်ဘက်က နယ်စပ်ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ မူဝါဒတွေကို အတိအလင်း စနစ်တကျ ဘာမှ လုပ်ခဲ့တာမရှိလို့ ရေရှည်မှာ မြန်မာတွေ ခံနေရတာ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာဘက်က တင်သွင်းခွင့် ပိတ်ထားတဲ့ ဆီလေးမျိုးကို တဘက် ကုန်သည်တွေက အခြားတံဆိပ်တွေ ပြောင်းကပ်ပြီး မြန်မာဘက် ပို့နေတာကို သိရဲ့နဲ့ ခံနေကြရတယ်။ ဒါတောင် ဆီတမျိုးပဲရှိသေးတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွက်ကဲမှုဌာန(FDA) က စားသုံးရန် မသင့်ဟု သတ်မှတ်ထားသည့် အမှတ်တံဆိပ် ၄ မျိုးရှိသည်။
ပိတ်ပင်ထားသဖြင့် တခြားတံဆိပ် ပြောင်းကပ်နေသည်ဆိုသော ဆီ ၄ မျိုး

- ကျောက်ပုစွန်နှစ်ကောင် (မလေးရှား)

- ကျောက်ပုစွန်တကောင် (မလေးရှား)

- ရေနဂါး (မလေးရှား)

- ငါးကြော် (ထိုင်း)


လက်ရှိ ထိုင်းဘက်မှမြ၀တီဘက်သို့ တင်ပို့နေသည့်စားအုန်းဆီများ၏ ပမာဏအများစုမှာ မှောင်ခို လမ်းကြောင်း ဖြင့် တင်ပို့နေခြင်း ဖြစ်သည်။ ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် ထုတ်လုပ်သည့်ဆီများဖြစ်ပြီး အမျိုးအစားနှင့်တံဆိပ် ၁၀ မျိုးကျော် ရှိသည်ဟု ကုန်သည်များက ပြောသည်။

နယ်စပ် ကုန်သွယ်ရေးတွင် ထိုင်းကုန်စည်များ မြန်မာဘက် တရားဝင်တင်ပို့သည့် ပမာဏမှာ တလလျှင် ထိုင်းဘတ်ငွေ သန်း ၃,၀၀၀ ခန့် ရှိသည်ဟု တာ့ခ်ခရိုင် ထိုင်းကုန်သည်ကြီးများအသင်းက ပြောသည်။

ထိုင်းဘက်မှမြန်မာဘက်သို့ လူသုံးကုန် စားသုံးကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လယ်ယာသုံးစက်ပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ အဓိက တင်ပို့ပြီး၊ မြန်မာဘက်မှထိုင်း ဘက်သို့ လယ်ယာထွက်ကုန်များ၊ သစ်တောထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် ချည်ထည်မျိုးစုံ တင်ပို့လျက်ရှိသည်။

နောက်ဆက်တွဲ

မြ၀တီမှအစိုးရ၀န်ထမ်းတဦးထံမှ နောက်ဆုံးရရှိသည့်သတင်းအရ မြ၀တီကုန်သွယ်ရေးဇုန်တွင် ယနေ့ပြု လုပ်မည့်(FDA) ရုံးခွဲ ဖွင့်လှစ်မည့် အခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

၎င်းက “ဒီနေ့ မဖွင့်ဖြစ်ဘူး ၀န်ထမ်းတွေကတော့ ရောက်ပြီး လုပ်ငန်းအတွက် သုံးမယ့် ဓာတ်ခွဲခန်းဆိုင်ရာ ကရိယာတွေ အချိန်မီ မရောက်လာတာလည်း ပါတယ်။ ကုန်သွယ်ရေးဇုန်က ညွန်မှူးပြောတာကတော့ ဒီနေ့ မဖွင့်ဖြစ်ဘူး။ ဖွင့်မယ့်ရက်ကိုလည်း အတိအကျ မပြောနိုင်သေးဘူးလို့ ပြောတယ်” ဟု ဆိုသည်။


ဤအတောအတွင်း ထိုင်းဘက်တွင် စားအုန်းဆီများ သောင်တင်နေပြီး နှစ်ဘက်ကုန်သည်များ လုပ်ငန်းရပ်နားထားရသည်ဟု ကုန်သည်များက ပြောသည်။

မြန်မာအာဏာပိုင်တို့က ကျပ်ကျပ်မတ်မတ် မပြတ် စစ်ဆေးမှသာ မြန်မာပြည်မှ စားသုံးသူများ စိတ်အေးရမည်ဖြစ်သည်။

စားအုန်းဆီသည် ကျန်းမာရေးထိခိုက်နို်င်သဖြင့် ဆင်းရဲသည့်နိုင်ငံတို့တွင်သာ အသုံးပြုကြသည်။ ဤအခြေအနေ တွင် အရည်အသွေး လွန်စွာညံ့ဖျင်းပြီး သုံးစွဲရန် မသင့်လျော်သော ဆီများကို မှောင်ခိုလမ်းကြောင်း (တရားမ၀င် လမ်းကြောင်း) မှ ကုန်သွယ်နေကြခြင်းဖြစ်သည်။

From -ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်