Wednesday, September 05, 2012

အကြမ်းဖက်သမားတို့၏အနာဂတ်

Posted by drmyochit Wednesday, September 05, 2012, under | No comments

 
မျက်မှောက် ကာလတွင် အကြမ်းဖက်မှုသည် တစ်ကမ္ဘ္ဘာလုံးပျံ့နှံ့လာလျက်ရှိရာ အမေရိကန်နှင့် ရုရှားနိုင်ငံ များတွင်ပင် သြဂုတ်လအတွင်း အကြမ်းဖက်မှု များစွာနှင့် ရင်ဆိုင်ရ လျက်ရှိသည်။ အကြမ်းဖက်မှု များသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်တည်လာလျက်ရှိရာ အများ အားဖြင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် တို့၏အကြမ်းဖက် မှုများ၊ နိုင်ငံခွဲထွက်လို၍ အကြမ်းဖက်မှုများ စသည်ဖြင့်တွေ့လာရသည်။ အကြမ်းဖက်မှု နှိမ်နင်းရေး အတွက် နိုင်ငံတိုင်း တွင် ဥပဒေများ ပြဋ္ဌာန်း၍ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် လာကြသည်ကို တွေ့ရသည်။ အကြမ်းဖက် နှိမ်နင်းရေး ဆိုသည်မှာ ကြိုတင် လက်ဦးမှုရယူ၍ တားဆီးနှိမ်နင်းခြင်း၊ စစ်ဆင်ရေး များပြုလုပ်၍ တိုက်ခိုက် နှိမ်နင်းခြင်း ဟု အမေရိကန်တို့မှ အဓိပ္ပါယ်ဖွင့်ဆို ထားသည်။ အာဖဂန် နစ္စတန်တွင် တာလီဘန် တို့၏အကြမ်းဖက်မှု မြင့်မား လာသဖြင့် အမေရိကန် တို့မှ ကျူးကျော်စစ် ဆင်နွှဲခဲ့ကြသည်။ ချေချင်းညှာသို့ ရုရှားတို့ ကျူးကျော် စစ်ဆင်နွှဲခဲ့သည်။ အကြမ်းဖက်မှု အတွက် တရားသော စစ်ဆင်နွှဲခဲ့ခြင်းဟု မှတ်ယူ ခဲ့ကြသည်။ အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခများ၊ ကိုလံဘီယာ ပြည်တွင်းစစ်၊ ဗြိတိန်၏ အိုင်ယာလန် သူပုန်နှိမ်နင်း ခြင်းနှင့် သီရိလင်္ကာ ပြည်တွင်း စစ်တို့သည် အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ပွဲများပင် ဖြစ်သည်။
သီရိလင်္ကာ မြောက်ပိုင်းရှိ တမီးလ်ကျား သူပုန်တို့သည် လွတ်လပ်သော တမီးလ်နိုင်ငံ ခွဲထွက်ရန် အတွက် အစိုးရအား ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခဲ့ ကြသည်။ တမီးလ်သူပုန် တို့သည် အာရှ၏ အရှည်ကြာဆုံး သောင်းကျန်းသူ အဖွဲ့အစည်း တစ်ဖွဲ့ပင်ဖြစ်သည်။ မိမိတို့နိုင်ငံ မြောက်ပိုင်းရှိ ပြည်ထောင်စု ခွဲထွက်လိုသည့် ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အလားသဏ္ဍာန် ခပ်ဆင်ဆင် တူလေသည်။ တမီးလ်ကျား သူပုန်များသည် သီရိလင်္ကာ မြောက်ပိုင်းကို သိမ်းပိုက် ထားခဲ့သည်။ ၎င်းတို့ အင်အားမှာ ၇၀,၀၀၀ ခန့်ရှိပြီး အစိုးရတပ် အင်အားမှာ ၁၅၀,၀၀၀ ခန့်ရှိသည်။ ၎င်းတို့သည် ပြည်သူအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အစိုးရ အဆောက်အဦ များအား ဖောက်ခွဲ ဖျက်ဆီးခြင်း၊ စီးနင်း တိုက်ခိုက်ခြင်း၊ အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း စသည်ဖြင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အား အိန္ဒိယ နိုင်ငံရှိ တမီးလ်များနှင့် ဥရောပ၊ အာဖရိကရှိ တမီးလ်များက ထောက်ခံ အားပေးခဲ့ ကြသည်။ ၎င်းအပြင် အိန္ဒိယ နိုင်ငံကပါ အကူအညီများ ပေးခဲ့သည်ကို တွေ့ရသည်။ အစိုးရနှင့် (၆)ကြိမ် ဆွေးနွေးမှု ပြုလုပ်ပြီး ၂၀၀၃ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ကြ သည်။ သို့သော်လည်း ၂၀၀၅ခုနှစ် ဒီဇင်ဘာ လတွင် တမီးလ်ကျား တို့သည် သီရိ လင်္ကာ ရွေးကောက်ပွဲမှ နုတ်ထွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကတွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ သော်လည်း ၎င်းတို့က လက်မခံခဲ့ဘဲ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စွပ်စွဲမှုများ ပြုလုပ်ခဲ့ကာ ၂၀၀၈ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ ၎င်းနောက်ပိုင်း အစိုးရတပ်များနှင့် ပြင်းထန်စွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရအပေါ်တွင် နိုင်ငံတကာမှ ဖိအားပေးရန် တောင်းဆိုခဲ့သည်။ ၂၀၀၉ခုနှစ်တွင် တမီးလ်ကျား သူပုန်တို့မှ အထိအခိုက် များလာသဖြင့် အပစ်အခတ် ရပ်စဲရန် အစိုးရသို့ ကမ်းလှမ်းခဲ့ သော်လည်း အစိုးရမှ ပယ်ချခဲ့သည်။ ၎င်းနောက် တမီးလ်သူပုန်များကို လေကြောင်း အပါအ၀င် အစိုးရတပ်များက အပြီးသတ် တိုက်ခိုက် နှိမ်နင်းခဲ့သည်။ စစ်ဆင်ရေး အတွင်း နှစ်ဖက် အကျအဆုံး ၂၅၀၀၀ ကျော် ခန့်ရှိပြီး ၇၀၀၀ ခန့် ဒဏ်ရာရ ရှိခဲ့ကာ ပြည်သူ ၃၅၀၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း စေခဲ့ရသည်။
မိမိတို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် KIA ၏ လုပ်ဆောင်မှု များကိုလေ့လာ ကြည့်ပါက ရထားလမ်းနှင့် ကားလမ်း တံတားများ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ မြစ်ကြီးနားမြို့ပေါ်လူနေ ရပ်ကွက်များတွင် မိုင်းထောင် ဖောက်ခွဲခြင်း၊ တာပိန် ရေအား လျှပ်စစ်လမ်း ကြောင်းတွင် အပြစ်မဲ့ပြည်သူ ၇ ဦးအား သတ်ဖြတ်ခဲ့ခြင်း၊ ကျေးရွာလူကြီး အချို့နှင့် ပြည်သူ အချို့အား သတ်ဖြတ်ခဲ့ခြင်းများ၊ နေရာအနှံ့ မိုင်းထောင်ခြင်း များမှာ ကချင် ပြည်နယ် လွတ်မြောက်ရေးနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ အကြမ်းဖက် လုပ်ရပ်များသာ ဖြစ်ကြောင်း တွေ့ရသည်။ ကချင်အမျိုးသား၊ အမျိုးသမီးများနှင့် ရှမ်းလူငယ်/ မိန်းကလေး များအား အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများပင် ဖြစ်သည်။ ပြန်ကြားရေးဌာန၏ မှတ်တမ်းများ အရ ကချင်ပြည်နယ်တွင် ရထားလမ်း၊ ကားလမ်း များအား KIA မှမိုင်းခွဲဖျက်ဆီးမှု ၁၅၁ ကြိမ်၊ မော်တော်ယာဉ်များနှင့် အဆောက် အအုံများအား ဖောက်ခွဲဖျက်ဆီးမှု ၂၃ ကြိမ်၊ ကျေးရွာများအား မီးရှို့မှု ၁၃ ကြိမ်၊ အတင်းအဓမ္မ ဖမ်းဆီး၍ စစ်သားစုဆောင်းမှု အကြိမ် ၅၀၀ ကျော်နှင့် KIA မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူ ရာဂဏန်း ကျော်ရှိကြောင်း သိရသည်။ ကချင်ပြည်နယ် လူထုအနေဖြင့် ရထားလမ်း၊ ကားလမ်း၊ တံတား များဖျက်ဆီး ခံထားရ သဖြင့် လမ်းပန်း ဆက်သွယ်မှု ပြတ်တောက်ကာ စိတ်သွားတိုင်း ကိုယ်မပါ ဘဲ၊ နေ့စဉ်နှင့် အမျှမိသားစု ဘ၀လုံခြုံရေးအား ခြိမ်းခြောက် ခံနေရသည်။ နိုင်ငံတော် အစိုးရမှ တိုင်းရင်းသား ညီအစ်ကိုများ ရင်ကြားစေ့ရေးနှင့် ထာဝရ ငြိမ်းချမ်းစွာ တည်ဆောက်နိုင်ရေး အတွက် စိတ်ရှည် သည်းခံစွာဖြင့် အကြိမ်ကြိမ် ကမ်းလှမ်း၍ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်အတူ စေ့စပ် ဆွေးနွေးခဲ့မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ သို့သော်လည်း သဘောထား မမှန်သဖြင့် ငြိမ်းချမ်းရေး လမ်းစဉ်မှ သွေဖည်ပြီး အကြောင်း အမျိုးမျိုးပြကာ အချိန် ဆွဲ၍ သွေးသစ် လောင်းခြင်းနှင့် အင်အားဖြည့် တင်းခြင်းကိုသာ ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲမှ မည်သည့် အကျိုးရလဒ်မျှ ထွက်ပေါ်လာခြင်း မရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရမှ ပြုပြင် ပြောင်းလဲရေး အရှိန် အဟုန်မြှင့် တင် ဆောင်ရွက်နေစဉ် အလိုက်သင့် ပါမလာဘဲ နောက်ကျန် နေသူ၊ နောက်ပြန် သွားလိုသူများကို လက်တွဲ ဖြုတ်ခဲ့မည်ဟု နိုင်ငံတော် အစိုးရမှ ပြောကြား ခဲ့ပြီးဖြစ်သည်။
KIA ၏လုပ်ရပ်များသည် သီရိလင်္ကာ နိုင်ငံရှိ တမီးလ်ကျား သူပုန်တို့၏ အကြမ်းဖက် လုပ်ရပ်များနှင့် ထပ်တူနီးပါး တူညီနေသည်ကို တွေ့ရှိရသည်။ KIA  အနေဖြင့် ယခုကဲ့သို့သာ အကြမ်းဖက် လုပ်ရပ်များ အတိုင်း ဆက်လက် လျှောက်လှမ်းမည် ဆိုလျှင် ပြည်သူလူထု ၏အကျိုး စီးပွားကို ကာကွယ်ရန် အတွက် သီရိလင်္ကာနိုင်ငံမှ တမီးလ်ကျား သူပုန်များအား ပြတ်ပြတ် သားသား နှိမ်နင်းသကဲ့သို့ အစိုးရမှ ပြတ်သားစွာ ဆောင်ရွက်သင့် ပြီဖြစ်ကြောင်း မနောမြေမှ အတိဒုက္ခ ရောက်နေသည့် ပြည်သူများ ကိုယ်စားဆန္ဒပြုလိုက်သည်။
မနောမောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်