Sunday, September 23, 2012

မန္တလေးဈေးချိုတွင် ဓာတ်ဆီထုပ် မီးရှို့ချထားခဲ့သူအား ဖမ်းဆီးရမိ

Posted by drmyochit Sunday, September 23, 2012, under | No comments



စက်တင်ဘာလ ၁၉ရက်နေ့က နံနက် ၆ နာရီ အချိန်က မန္တလေး ဈေးချိုအမှတ်(၇)ရုံ မြောက်ဘက်၊ ဆင်နှစ်ကောင် အိမ်သာအနီးတွင် မီးလောင်မှုဖြစ်ပွားစေရန် တမင်ကြံစည်ထားသည့် ပုံစံအမျိုးမျိုးနှင့် ထည့်ထားသော ဓာတ်ဆီထုပ်များအား မီးရှို့ချထားခဲ့သူအား စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ် ၈၅-၈၆ 

လမ်းနှင့် ၂၇-၂၈လမ်းကြား၊ ဈေးချို ဧရိယာ၊ ဆင်နှစ်ကောင်အိမ်သာ၏ တောင်ဘက် ရုံအမှတ် ၇၊ တိုးချဲ့ဈေးဆိုင်အမှတ် (၁) ဆေးလိပ်ဆိုင် ခေါင်မိုးပေါ်တွင် နံနက် ၆နာရီ ၃၀မိနစ် အချိန်ခန့်က ဓာတ်ဆီတစ်လီတာခန့် ထည့်ထားသည့် ကြွပ်ကြွပ်အိတ် အနက်ရောင်တစ်ထုပ်၊ ဆိုင်အမှတ် (၄)၏ ခုံကြားတွင် ဓါတ်ဆီထုပ်တစ်ထုပ်တို့ကို ဈေးသူဈေးသားများက တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းဈေးအတွင်းရှိ ဆိုင်ရှင်ဒေါ်မီးမီး၏ ဆိုင်ဘေးတွင် ချထားသော ၃ပေပတ်လည် အရှည် ၆ပေ ရှိ သစ်သားတိုင်ဟောင်း တစ်လုံးကိုလည်း ဓာတ်ဆီလောင်းပြီး မီးရှို့ထားကြောင်းလည်း သိရသည်။ ထိုသို့ တွေ့ရှိပြီးနောက် ဈေးသူဈေးသားများက သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ရာ ဈေးသူဈေးသားများ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဈေးချိုတော်အတွင်း ရှာဖွေမှုများ ထပ်မံပြုလုပ်ခဲ့ရာ နေ့လည် ၁ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ခြင်းဖြင့်ထည့်ထားသည့် ဓာတ်ဆီထုပ်တစ်ထုပ်၊ Blue Mountain ဘူးဖြင့်ထည့်၍ ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထုပ်ထားသော ဓာတ်ဆီထုပ် တစ်ထုပ်၊ ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော ဓာတ်ဆီထုပ် ၂ထုပ် ထပ်မံတွေ့ရှိခဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မင်္သကာသူ ကိုရှည်(ခ)ယဉ်မင်းပိုက်အား စက်တင်ဘာလ ၂၀ ရက်နေ့က ခေါ်ယူစစ်ဆေးရာ ထမင်းနှင့် လက်ဘက်ရည်ဆိုင်အား မကျေနပ်၍ မီးလောင်စေရန် ရည်ရွယ်ပြီး ဓာတ်ဆီပါ ကြွပ်ကြွပ်အိတ်အထုပ်များ ချထားခြင်း၊ ဓာတ်ဆီထုပ် တစ်ထုပ်အား မီးရှို့ထွက်ပြေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ထို့ကြောင့် မီးလောင်ဆုံးရှုံးမှုတန်ဖိုး မရှိသော်လည်း ဓာတ်ဆီထုပ်အား မီးရှို့ခြင်း၊ ဓာတ်ဆီထုပ်များအား ဆိုင်ခန်းများအနီးတွင် ချထားခြင်းများ ပြုလုပ်ခဲ့သူ ကိုရှည်(ခ)ယဉ်မင်းပိုက်၊ အသက် (၃၅)နှစ်၊ အကွက် (၂၆၀) ပြည်ကြီးပျော်ဘွယ် အနောက်ရပ် နေသူအား အမှတ်(၆) ရဲစခန်းမှ (ပ)၄၇၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၄၃၆/၅၁၁ဖြင့် အရေးယူထားရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်