Sunday, September 23, 2012

ရခိုင်အရေး ဒုတိယသမ္မတ အပါအဝင် မျက်နှာစုံညီ အဖြေရှာမည်

Posted by drmyochit Sunday, September 23, 2012, under | No comments

Fromး ခေတ်လူငယ်


ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည့်တည်တံ့ ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးခေါင်းဆောင်များ နေပြည်တော် MCC ခန်းမတွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်တိုင်းရင်းသားများက ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲတွင် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဘေးဒုက္ခများ လျှော့ချရေးနှင့် လူသားချင်း စာနာထောက်ထားမှု ပေးရေး၊ ယာယီအခြေချ နေထိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ရင်ကြားစေ့ရေးနှင့် လူမှုရေး သဟဇာတ ဖြစ်ရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စသည့် ခေါင်းစဉ်များဖြင့် စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် ဆွေးနွေးမည်ဖြစ်သည်။ “ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ သေချာပြောလို့ မရသေးဘူး” ဟု အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ရှေ့နေ ဦးဗိုလ်မင်းဖြူကမူ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်ရေးကိစ္စကို အဓိက အသားပေး ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဆိုသည်။ ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံရေး ပါတီများ၊ NGO, INGO အဖွဲ့အစည်းများ၊ စစ်တွေမြို့မှ ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖများ၊ ဘင်္ဂါလီခေါင်းဆောင်များ၊ ရန်ကုန်မြို့တော်တွင် ရှိသော ရခိုင်တိုင်းရင်းသားများ တက်ရောက်မည်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၃၀၀ ခန့် တက်ရောက်ကြမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်မည့် သူများထံမှ သိရှိရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့်  လူဦးရေ ၈၀ ကျော် သေဆုံးကာ နေအိမ်ပေါင်း ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်အထိ ဒုက္ခသည် ခုနစ်သောင်းကျော် ကျန်ရှိနေသေးကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်