Saturday, September 29, 2012

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စိတ်ရှည်ဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

Posted by drmyochit Saturday, September 29, 2012, under | No comments



From : Myanmar Express

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အလွန်နက်နဲခက်ခဲပြီး စိတ်ရှည်ဖို့ လိုအပ်တယ် လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၆၇ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သည်ကနေ့ မိန့်ခွန်း ပြောကြားသွားပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ ကုလသမဂ္ဂ ညီလာခံကြီး မှာ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ရခိုင်အရေး ဖြေရှင်းမှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြော တာပါ။ “ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အစိုးရအနေနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံက ချဉ်းကပ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” လို့ သမ္မတက ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစိ ပြုပြင်ပြောင်းလဲရေးကို ဦးတည်သွားချိန်မှာ နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံးက မြန်မာနိုင်ငံကို ချဉ်းကပ်နည်းသစ်တွေနဲ့ ရှုမြင်ချဉ်းကပ်ဖို့လည်း လိုအပ်တဲအပြင် ပိုမို လုပ်သာ ကိုင်သာ ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဝိုင်းဝန်းဖန်တီးပေးဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့အတွက်က လက်နက်ကိုင်ပဋိပက္ခများ အားလုံးချုပ်ငြိမ်းသွားအောင် ဦးတည်ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ပြည်တွင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ရပ် ရရှိနိုင်ဖို့ အလေး ထား ဆောင်ရွက်နေတယ်လို့ ဦးသိန်းစိန်က ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံမှာ လက်ရှိလုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ချပြသွားတယ်။ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာတွေကို အဆုံးသတ်နိုင်ဖို့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ (from war to peace) ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင်ရွက်နေ တယ်လို့ ဆိုတယ်။ မြန်မာပြည် မြောက်ပိုင်းဒေသတွေမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ခေါင်းဆောင်များနှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်များအကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှုများ၊ တည်ဆောက်မှု များ ဆောင်ရွက်နေတယ်လို့ ဆိုတယ်။ သမ္မတဦးသိန်းစိန်က “လက်နက်ကိုင် ပဋိပက္ခကြောင့် မည်သည့်ဘက်ကဖြစ်စေ အသက်နဲ့ အိုးအိမ် ပစ္စည်း ဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်” လို့ ပြောတယ်။ အစိုးရအနေနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းသွားမှာပါ။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနယ်စပ်မျဉ်းတွေကို လုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံအချုပ်အခြာ အာဏာကို ကာကွယ်ပိုင်ခွင့်နဲ့ ကာကွယ်နိုင်ခွင့် ရှိတယ်လို့လည်း ကျွန်တော်တို့အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်။ သည်ကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင့်ထုံးများနဲ့ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်လို့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြား သွားတာပါ။ ဒါ့အပြင် နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင်ဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ရှိ နယူးယောက်မြို့ကို ရောက်ရှိနေချိန်မှာ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုတွေ အတွက် အမေရိကန် ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကို သမ္မတက မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားသွားခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်