Wednesday, September 26, 2012

KIA မြို့ပေါ်ရောက်လာပြီလား

Posted by drmyochit Wednesday, September 26, 2012, under | No comments


၁၉-၉-၂၀၁၂ ရက်နေ့ထုတ် Weekly Eleven Journal မှာ “ဖားကန့်မြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး မှားယွင်းပစ်ခတ်မှုကြောင့် ကျောင်းဆင်းပြန်လာသော န၀မတန်းကျောင်းသူတစ်ဦး သေဆုံး” ခေါင်းစဉ်နဲ့ ဖြစ်စဉ်အပေါ် ထင်ယောင်ထင်မှားဖြစ်အောင်(ဖြစ်စဉ်ကို တစ်ကယ်မသိလို့ ထင်ယောင်ထင်မှားရေးတာလား၊ တမင်ရေးတာလားတော့ မသိ)ရေးသားထားတာ ဖတ်လိုက်ရတယ်။ ဖြစ်စဉ်အမှန်က ဘယ်လိုဖြစ်တာလဲဆိုတာ ဖော်ပြမထားပါဘူး။ အမှန်ကကျောင်းဆင်းချိန်နဲ့ကိုက်ပြီး KIA ကအဝေးထိန်းစနစ်(Remote Control) နဲ့ စတင်ဗုံးခွဲပြီး ပစ်ခတ် တိုက်ခိုက် တာပါ။ KIA ကမြို့ပေါ် ထိအောင်လာပြီး အရပ်သားအသွင်နဲ့နေပြီး အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်တာတွေလုပ်လာတာကို ကိုယ်တွေ့ကြုံခဲ့သူတစ်ယောက်အနေနဲ့ အမှန်သိစေချင်လို့ အခုလိုရင်ဖွင့်ရတာပါ။
            ၁၂-၉-၂၀၁၂ ရက်နေ့ထုတ် Weekly Eleven Journal မှာလည်း မိုင်းဒဏ်ကြောင့် ပျက်စီး နေတဲ့ ရထားလမ်းပိုင်းတစ်နေရာရဲ့ပုံကို ဖော်ပြထားပြီး ပုံအောက်မှာတော့ “ စက်တင်ဘာလ ၆ ရက် နေ့က မန္တလေး-မြစ်ကြီးနားမီးရထားလမ်း မိုင်တိုင်အမှတ်၊ ၆၂၂/၈၉ အနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးသွားသော တံတားအမှတ်၊ ၅၅၅ အားတွေ့ရစဉ်” ဆိုပြီး အညွှန်းစာရေးသားထားပါတယ်။

 အဲ့ဒီသတင်းရေးသူနဲ့ အယ်ဒီတာချုပ်သိအောင်ပြောရရင် အဲ့ဒီပုံဟာ KIA ကရည်ရွယ်ချက်ရှိရှိနဲ့ မိုင်းခွဲခဲ့လို့ အဲ့ဒီရထားလမ်းပျက်တာဆိုတာပဲ။ စာတစ်လုံးချင်း၊ တစ်ကြောင်းစီမှာ ထိရောက်တဲ့ အဓိပ္ပါယ်ရှိတယ်ဆိုတာ ခင်ဗျားတို့မသိတာမဖြစ်နိုင်ပါဘူး။ ဒါဆို ဘာရည်ရွယ်ချက်နဲ့ အဲ့ဒီလိုရေးသလဲ မေးချင်တယ်။ ပြည်သူလူထုက တပ်မတော်အပေါ်မှာ အမျိုးမျိုးအထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာပဲလို့ ယူဆပါတယ်။ ဘာ့ကြောင့် တပ်မတော်အပေါ်ပြည်သူလူထု(တိုင်းရင်းသား လူမျိုးများအပါအ၀င်)က အထင်အမြင်လွဲအောင်လုပ်နေတာလဲ။ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ မေးလိုပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကိုအကြောင်းပြမှာလား။ သတင်းလက်ဦးမှုရလိုမှုနဲ့ ရေးသားသူရဲ့ အမှားကို အပြစ်ဖို့မှာလား။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အပေါ်မှာ မဟုတ်မမှန်ဘဲနဲ့ အထင်အမြင် လွဲမှားစေတဲ့ရေးသားချက်များ ဆက်လုပ်နေရင်တော့ နောက်ကွယ်မှာ ဘယ်သူတွေ၊ ဘယ်အဖွဲ့ အစည်းတွေကြိုးကိုင်ထားလဲလို့ မေးရမယ့်အခြေအနေဖြစ်လာပါလိမ့်မယ်။ အစိုးရသတင်းစာတွေနဲ့ မြ၀တီသတင်းစာတွေမှာ KIA ကလမ်းတံတားတွေ၊ မီးရထားလမ်းတွေကို အကြိမ်ကြိမ်မိုင်းထောင် ဖောက်ခွဲခဲ့တာတွေကို အထောက်အထားအတိအကျ၊ ဖြစ်စဉ်အတိအကျနဲ့ ဖော်ပြထားတာတွေကို ပြည်သူအားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် Eleven Media အဖွဲ့က အခုလိုထင်ယောင်ထင်မှားဖြစ် အောင်ရေးလာတော့ ကာယကံရှင်မီဒီယာက တာဝန်ရှိပုဂ္ဂိုလ်များကတော့ ဘယ်လိုတွေးမလဲ မသိပေ မယ့် လက်တွေ့မြေပြင်မှာတော့ အထက်မှာပြောခဲ့တဲ့အတိုင်း တွေးမိတယ်ဆိုတာ Eleven Media က တာဝန်ရှိသူတွေသိစေချင်ပါတယ်။
            တစ်ဆက်တည်း မီဒီယာလွတ်လပ်ခွင့်အကြောင်း ပြောရရင် လက်ရှိအစိုးရတက်လာပြီး နောက်ပိုင်း ဒီမိုကရေစီနဲ့ပတ်သက်လို့ရော၊ ပြည်သူလူထုလိုလားပါတယ်ဆိုတဲ့ ကဏ္ဍရပ်အတော် များများမှာ လွတ်လပ်ခွင့်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာကို နိုင်ငံတကာကရော၊ ပြည်တွင်း အင်အားစုများကရော အသိအမှတ်ပြုခဲ့ကြပါတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ မီဒီယာလောကသားများရဲ့အမြင်၊ သက်ဆိုင်ရာပြန်ကြားရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူတွေရဲ့အမြင်၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့အမြင်၊ ဥပဒေပြဋ္ဌာန်းရေးအမြင်တွေ အမျိုးမျိုးကွဲပြားမှုရှိခဲ့တာ သတိ ထားမိခဲ့တယ်ဗျ။ မီဒီယာလွတ်လပ်ခွင့်ဆိုပြီး ဟန်ချက်ညီစွာ အတိုင်အဖောက်ညီစွာနဲ့ ယခင်စစ်အစိုးရ အပေါ် ပုဂ္ဂိုလ်ရေးခံစားချက်တွေကို စားမြုံ့ပြန်ပြီးအပြစ်ဖို့နေတာတွေလည်း ကြားခဲ့ရပါတယ်။ သတင်း အခြေအမြစ်နဲ့ ယုတ္တိရှိမှုတွေကို တာဝန်ယူနိုင်ဖို့လိုပါတယ်။ ဖြစ်ရပ်တစ်ခုကိုလည်း ဘက်စုံ၊ ထောင့်စုံ ကနေ ဓမ္မဓိဋ္ဌာန်ကျကျ “ ငါ့စကားနွားရ ” ရေးကြပြောကြမယ်ဆိုရင်တော့ မီဒီယာတွေက ၀င်ငွေ ဖြောင့်မှာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးကို ပြည်သူအများက ခံစားကြရမှာပါ။ မီဒီယာဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်နားမလည်ပေမယ့် သတိထားမိတာကတော့ မကြာသေးမီ တစ်လနှစ်လလောက်ကစပြီး မီဒီယာတွေ(ဂျာနယ်တွေ)ဟာ သူတို့အခေါ် “ ထုတ်၊ တင်” ဖြစ်လာတယ်ဆိုတာ လောက်တော့ နားလည်မိပါတယ်။
            အဲ့ဒီလို “ထုတ်၊ တင်” ဆိုပြီးလုပ်လာတဲ့နောက်ပိုင်း ဂျာနယ်တွေမှာ သတင်းတွေအပြိုင်အဆိုင် နဲ့ မြိုင်နေအောင်ရေးလာကြရာမှာ မှန်တဲ့သတင်းရော၊ မမှန်တဲ့သတင်းတွေရော အကုန်လုံးရေး နေကြတာကို သတိထားမိပါတယ်။ ဘယ်လောက်ဆိုးနေလည်းဆိုရင် လုံးဝမဖြစ်ခဲ့တဲ့ ဖြစ်ရပ်သတင်း တွေ ဂျာနယ်တွေမှာပါလာတဲ့အတွက် သတင်းစာတွေ၊ ဂျာနယ်တွေမှာ ထပ်ပြီးရှင်းလင်းဖော်ပြတဲ့ အထိ ဖြစ်လာပါတယ်။ အဲ့ဒီတော့ ခင်ဗျားတို့ပြောနေတဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ တာဝန်ယူမှုအပိုင်းက ဘယ်ရောက်သွားပြီလဲလို့ ကျုပ်ကပြည်သူတစ်ယောက်အနေနဲ့ မေးချင်လာတယ်။ ဂျာနယ်ရောင်း ကောင်းရင်ပြီးရော သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သတင်းဦးရင် သတင်းထူးရင်ပြီးရော တာဝန်ယူမှုမရှိတဲ့ ဖော်ပြချက်တွေနဲ့ ကျုပ်တို့ပြည်သူတွေကို အထင်သေးစွာနဲ့ ရေးနေကြတာလားလို့ မေးချင်ပါတယ်။ အဲ့ဒါကြောင့် မှန်ကန်စွာနဲ့လွတ်လပ်ဖို့ မီဒီယာကို ပြောချင်ပါတယ်။ အမေရိကန်မှာ လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုပြီးလုပ်ကြတော့ " Innocence of Islams" ဆိုပြီး ရုပ်ရှင်ဇာတ်ကား ဖြစ်လာတယ်။ အဲ့ဒီဇာတ်ကားကိုအကြောင်းပြုပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန် ဆန့်ကျင်ရေးဆန္ဒပြမှု တွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေရတယ်ဆိုတာ ထောက်ပြလိုက်ပါတယ်။

အောင်သော်အောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်