Sunday, December 30, 2012

ရခိုင်စက်လှေ အလုပ်သမားရှစ်ဦး ပျောက်ဆုံးနေမှု စက်လှေပိုင်ရှင်က ဖုံးကွယ်ထား

Posted by drmyochit Sunday, December 30, 2012, under | No comments


စစ်တွေသား ခြောက်ဦး နှင့် ကျောက်ဖြူသားနှစ်ဦးတို့ သည် ပြီးခဲ့သည့် ဒီဇင်ဘာ(၂၁) ရက်နေ့တွင် စက်လှေ လုပ်သားများအဖြစ် ကုန်သွယ်ခရီးသွားကြစဉ် ပျောက်ဆုံးသွားကြပြီးနောက်၊ လူမပါသော စက်လှေ ပျက်ကိုတွေ့သော်လည်း စက်လှေပိုင်ရှင်က မည်သို့သော တာဝန်သိလုပ်ဆောင်မှုမျိုးကိုမှ လုပ်ဆောင်ခြင်း မပြုဘဲ တိမ်းရှောင်နေ သည်ဟု ပျောက်ဆုံး ပုဂ္ဂိုလ်များ၏ မိသားစုဝင်များက Coral Arakan အား ပြောကြားသည်။

ကျောက်ဖြူမှ ဦးခင်သန်း (ဖုန်း - ၀၉၄၂၁၇၂၉၀၀၇) ပိုင်သော စက်လှေဖြင့် နွားများကိုတင်ဆောင်ပြီး ရခိုင်ပြည် ကျောက်ဖြူမြို့မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ မနက်ပိုင်း တွင် စတင်ထွက် ခဲ့ရာ၊ ထိုစက်လှေတွင်ပါရှိသွားသော လက်ကိုင်ဖုန်း နံပါတ် (၀၉၄၉၃၀၈၁၄၇) အား ထိုနေ့ မွန်းလွဲ သုံးနာရီအချိန်မှ စ၍ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

စက်လှေတွင်လိုက်ပါသွားသော စက်ဆရာ ဦးထွန်းဝင်း(၄၀-နှစ်)၏ ဇနီး ဒေါ်ခင်ခင်အေး က “သူက အဲဒီ စက်လှေမှာ စက်ပြင်စရာရှိတယ် ဆိုပြီးတော့ ဒီလ ငါးရက်နေ့ကတည်းက ကျောက်ဖြူကို လိုက်သွားပြီး အဲဒီ စက်လှေကို ပြင်ဆင်နေတာ။ သူက ကျွန်မဆီကို အဲဒီဖုန်းနဲ့ ရောက်တဲ့နေရာကနေ တစ်နေ့ နှစ်ကြိမ် သုံးကြိမ် လောက် ဖုန်းခေါ်နေကျ။

ဒီဒုက္ခသည် စခန်းထဲမှာ တဆင့်ခေါ်ပေးမယ့် ဖုန်းရှိတယ်။ အဲဒီနေ့ သုံးနာရီက စပြီး ကျွန်မကို ဖုန်းမခေါ် တော့ ဘူး။ ကျွန်မလည်း အဲဒီဖုန်းကို ခေါ်ကြည့်တာ ခေါ်လို့မရတော့ဘူး” ဟု Coral Arakan အား မျက်ရည် စမ်းစမ်းဖြင့် ပြောကြားသည်။

သားသမီးငါးယောက် မွေးဖွားထားသော ဒေါ်ခင်ခင်အေး နှင့် ဦးထွန်းဝင်းတို့မိသားစုမှာ ဇွန်လဘင်္ဂါလီဆူပူမှု မတိုင်မီ စက်ရုံစုရပ်ကွက် တွင် နေထိုင်ခဲ့ပြီး ဆူပူမှုကာလအတွင်း မီးလောင်မှုများအတွင်း ၄င်းတို့၏အိမ် လောင်ကျွမ်းသွားသဖြင့် ယခုအခါ ရဲနွယ်စုရပ်ကွက် (မိုးလေ၀သကွင်း) ဒုက္ခသည်စခန်း၏ အခန်းကျဉ်း လေးတစ်ခန်းတွင် နေထိုင်ကြရသည်။

စက်လှေနှင့် အဆက်အသွယ်ပြတ်သွားသည့်အတွက် စက်လှေတွင်လိုက်ပါသွားသူများက စုပေါင်းကာ သူ့ကို တစ်ပတ်ရိုက်သွားသည် ဟူသော သံသယဖြင့်၊ စက်လှေပိုင်ရှင် ဦးခင်သန်းက စက်ဆရာ ဦးထွန်းဝင်း ၏ မိသားစုထံ လူလွှတ်စုံစမ်းခိုင်ခဲ့သေးသည်။ ၄င်း၏ မိသားစုကလည်း ဘာမှမသိပေ။

ပါက်တောမြို့နယ် စိုးမဲကျီကမ်းခြေ အနီးတစ်ဝိုက်တွင် စက်လှေတစ်စီး ကျောက်ဆောင်နှင့် ရိုက်မိ ကာမြုပ် သွား သည် ဟု သတင်းထွက်လာသဖြင့် စက်လှေပိုင်ရှင်က အခြားစက်လှေတစ်စီးလွှတ်ကာ စုံစမ်းခိုင်းရာ မိမိ စက်လှေဖြစ်ကြောင်းတွေ့ရသည်ဟု ဆိုသည်။

ထိုစက်လှေပေါ်တွင် ပစ္စည်းများ(နွားများ) အသေကောင်အချို့ ပုပ်ပွကျန်နေခဲ့သည်ကို တွေ့ရသော်လည်း၊ စက်လှေ အဖွဲ့သားများအား တစ်ယောက်မှ မတွေ့ရခဲ့ ဟု ဆိုသည်။ အလောင်းလည်းမရပေ။

“စိုးမဲကျီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စက်လှေပိုင်ရှင်ကို ပြောတယ်တဲ့။ စက်လှေကတော့ နစ်သွား တယ်၊ စက်လှေမမြုပ်ခင် စက်လှေပေါ် ပါလာတဲ့ လူတွေက အနားကဖြတ်သွားတဲ့ ငါးဖမ်းတန် ကဲ(စက်လှေကြီး) တစ်စီးပေါ်ကို တက်သွားတာတွေ့လိုက်တယ်လို့ ပြောတယ်တဲ့။

သူတို့ (ပိုင်ရှင် နှင့် သူ့လူများ)လည်း အနီးအနားကမ်းတွေပေါ်ကို တက်ပြီး တွေ့မလားလို့လိုက်ရှာခဲ့ သေးတယ် တဲ့။ မတွေ့ခဲ့ဘူးလို့ သူကပြောတယ်” ဟု မခင်ခင်အေးက Coral Arakan အား ဆက်လက် ရှင်းပြသည်။

စိုးမဲကျီအုပ်ချုပ်ရေးမှူးမှာ အနီးအနားရှိ တာဝန်ကျ ရေတပ်စစ်ရေယာဉ်မှူးများ၊ လုံခြုံရေးတာဝန်ကျ အရာရှိများ ကို အလွမ်းသင့်အောင် ပေါင်းသင်းတတ်သူ၊ တက်ကြွလှုပ်ရှားသူရခိုင်များ၏ သတင်း အတိုအစ များကို အရာရှိများထံ မျက်နှာလို မျက်နှာရသွားပေးတတ်သူ ဟု အမည်သတင်းထွက်သည်။ သူ၏စကားကို ချင့်တွက် သဘောထားသင့်သည်ဟု ဒေသခံတစ်ဦးက Coral Arakan အား ပြောကြားသည်။

ကနဦးကောလဟာလများမှာ စက်လှေ ကျောက်ဆောင်နှင့် ရိုက်မိနစ်မြုပ်သွားခြင်းဖြစ်သည် ဟု ဆိုသော်လည်း၊ နောက်ထက်ထွက်လာသော ကောလဟာလများအရ ထိုစက်လှေမှာ ဘင်္ဂါလီစက်လှေ များ၏ ၀ိုင်းဖွဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက်ကျမှ ဦးတည်ရာမဲ့မျောပါနေသော စက်လှေ မှာ ကျောက်ဆောင်နှင့် ရိုက်မိ နစ်မြုပ်သွားခြင်းဖြစ်သည် ဆိုသည့် သတင်းထွက်လာသည်။

စက်လှေတွေ့ သည့် နေရာ နှင့် မိုင်အနည်းငယ် ၀န်းကျင်တွင် အိမ်ခြေထောင်ကျော်စီရှိကြသည့် ဆင်တက်မော် အစရှိသည့် ဘင်္ဂါလီ ရွာကြီး သုံးရွာရှိနေသည်။ ယင်းရွာသား ဘင်္ဂါလီများမှာ ရေကြောင်းကျွမ်းကျင်သည့် တံငါများဖြစ်ကြသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် သတင်းထွက်လာသည့်အခါကျမှ စစ်တွေမှ အလုပ်သမားများ၏ မိသားစုဝင် အချို့က ကျောက်ဖြူကို လိုက်လာပြီး ဤကိစ္စကိုမေးမြန်းစုံစမ်းလိုသည် ဟု ဆိုကြသည့်အခါ၊ စက်လှေ ပိုင်ရှင် ဦးခင်သန်းက လိုက်မလာရန် နှင့် လိုက်လာလျှင်လည်း သူ့ကို တွေ့မည်မဟုတ်ကြောင်း ဖြေကြား သည် ဟု ပျောက်ဆုံး အလုပ်သမား နိုင်နိုင်၏ ညီဖြစ်သူက Coral Arakan အား ပြောပြသည်။

လူပါ အလောင်းပါ စုပ်စမြုပ်စပျောက်နေသည့်ကိစ္စ နှင့် ပတ်သက်၍ စစ်တွေမြို့နယ်အတွင်းရှိ လုံခြုံရေး တာဝန်ရှိသူ အချို့အား RNDP မြို့နယ်တာဝန်ခံအချို့က မေးမြန်းရာ၊ သူတို့လည်း ဘာမှ မသိကြောင်းဖြေကြား ခဲ့သည်ဟု RNDP တာဝန်ရှိပုဂ္ဂိုလ်က Coral Arakan အား ပြန်လည် ပြောပြသည်။

အလောင်းသော်လည်းကောင်း လူသော်လည်းကောင်း မတွေ့ပါဟု ပိုင်ရှင်က ဆိုသော စက်လှေမှာ ရေကျချိန်တွင် ပြန်ပေါ်ထွန်းလာသည့်အတွက် ပိုင်ရှင်က ပြန်လည်ဆယ်ယူပြီး အခြားစက်လှေတစ်စီးဖြင့် ဆွဲယူကာ ကျောက်ဖြူမြို့နယ် အတွင်းရှိ နောင်တော်ဘက်ကမ်းမှ ကျွန်းတစ်ကျွန်းသို့ (ဤသတင်းကို ရေးသားနေ သည့်အချိန်တွင်) ဦးတည်သွားလျက်ရှိသည်ဟု ဦးခင်သန်း၏ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက Coral Arakan အား သတင်းပေးပို့သည်။

ယင်းနစ်မြုပ်စက်လှေတွင် ကျောက်ဖြူမှ လိုက်ပါသွားသူ နှစ်ဦးမှာ ပိုင်ရှင်၏ ကိုယ်စားလှယ်တစ်ဦး နှင့် မာဇီ (မာလိန်မှူး) တစ်ဦး ဖြစ်ဖွယ်ရှိပြီး၊ စက်တွေမှလိုက်ပါသွားသူများအနက် ဦးထွန်းဝင်းမှာ စက်ဆရာအဖြစ် တတိယ ရာထူးအကြီးဆုံးဖြစ်ဖွယ်ရှိကာ ကျန်လိုက်ပါသွားသူများမှာ အလုပ်သမားများသာ ဖြစ်ကြသည် ဟု ဆိုသည်။

စစ်တွေမှ လိုက်ပါသွားသူ ခြောက်ဦးမှာ ဦးထွန်းဝင်း(၄၀-နှစ်) ၊ နိုင်နိုင်(၂၆-နှစ်) ၊ မောင်ဘုချေ ၊ မောင်လှ ထွန်း ၊ ဖားချေ ၊ ၀င်းဌေး တို့ဖြစ်ကြသည် ဟု သိရသည်။

ဖားကန့်သွား ပိုက်ဆံရှာလိုသည့် နိုင်နိုင် က ခရီးစရိတ် တစ်သိန်းကျော် ဖခင်ထံမှ ထုတ်ပေးရန် တောင်းရာ၊ ဖားကန့် တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မသွားသင့်ကြောင်း ဖခင် နားချပြီး တားထားဖြင်းဖြစ်သည် ဟု ဆိုသည်။ ယခုခရီးတွင်လည်း အခွန်ဆောင်သည့် တရားဝင် ကုန်သွယ်မှု လုပ်ခြင်းသာ ဖြစ်သည် ဟု စက်လှေပိုင်ရှင်က ပြောသည့်အတွက် နိုင်နိုင် လိုက်ပါသွားခြင်းဖြစ်သည်ဟု ၄င်း၏ ညီက Coral Arakan အားပြောပြသည်။

ဦးထွန်းဝင်း၏ ဇနီးမခင်ခင်အေးက မိမိခင်ပွန်းပျောက်ဆုံးနေသည့်အကြောင်းကို ရဲစခန်းတွင် တိုင်တန်း လိုသော်လည်း စက်လှေပိုင်ရှင် ဦးခင်သန်းက မတိုင်နဲ့ဟု တားထားသည့်အတွက် မတိုင်ခြင်း ဖြစ်ကြောင်း နောက်ထပ် ဘာမှလည်း မလုပ်တတ် မကိုင်တတ်ကြောင်း Coral Arakan အားပြောကြားသည်။

(သောင်းကြွယ် နှင့် မင်းခရီ

Coral Arakan News


ဓါတ်ပုံ - ပျောက်ဆုံးနေသူ စက်ဆရာဦးထွန်းဝင်း ၏ ဇနီး မခင်ခင်အေး နှင့် သားသမီး သုံးဦး။ ပုံတွင်မပါသူ ကလေး နှစ်ယောက်အနက် တစ်ဦးမှာ ကျောင်းသွားတက်နေပြီး၊ နောက်တစ်ဦး (၁၆-နှစ် အရွယ် သားကြီး) မြို့ထဲကို သွားပြီး အလုပ်ကြမ်း လုပ်နေသည် ဟု ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်