Friday, February 01, 2013

အဲပုဂံလေယာဉ်ပျက်ကျမှု Black Box စစ်ဆေးမှု ရလဒ်ထွက်ပေါ်လာ

 
လေယာဉ် ပျက်ကျ မှုဖြစ်နိုင်သည့် အကြောင်း ရင်းမှာ လေယာဉ်မှူးများ လုပ်သင့် သည်ကို မလုပ်နိုင် ခဲ့၍ဖြစ် ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁
Black Box စစ်ဆေးမှုအရ အဲပုဂံလေယာဉ် ပျက်ကျမှု တွင် ဖြစ်နိုင်သည့် အကြောင်း ရင်းမှာ လေယာဉ်မှူး များက လေယာဉ်အား ကွင်းသို့ ဆင်းသက်ရန် အတွက် မှန်ကန်သည့် လုပ်ဆောင်မှု မလုပ် ခဲ့ခြင်းကြောင့်  
ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားလိုက်သည်။

ယနေ့ပြုလုပ်သည့် လေယာဉ်မတော်တဆထိခိုက်ပျက်စီးခြင်းအား စုံစမ်းစစ်ဆေးမှု ရှင်းလင်းတင်ပြရာတွင် ဦးဝင်းဆွေ ထွန်းက အထက်ပါအတိုင်း ဖြစ်နိုင်သည့်အကြောင်းအရင်းကို သုံးသပ်ပြောကြား လိုက်ခြင်းဖြစ် သည်။

"သာမန်အနေနဲ့ ပြောရင်တော့ အဆုံးအဖြတ်ဆိုတဲ့ကိစ္စမှာ မိနစ်မရှိဘူး။ စက္ကန့်ပဲရှိတယ်။ လုပ်သင့်တာကို မလုပ်နိုင် ခဲ့ဘဲနဲ့ တကယ်လုပ် တဲ့အခါကျတော့ မမီတော့ဘူး" ဟု ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

မန္တလေးမှ ဟဲဟိုးသို့ ပျံသန်းမှုကို တွဲဖက်လေယာဉ်မှူးက တာဝန်ယူမောင်းနှင်ခဲ့ခြင်းဖြစ်ပြီး တွဲဖက်လေ ယာဉ်မှူးက လေယာဉ်မောင်းနှင်ရာတွင် ကပ္ပတိန်အနေဖြင့် တွဲဖက်၏ လုပ်ရည်ကိုင်ရည်၊ ပတ်ဝန်းကျင် အနေအထား၊ ကပ္ပတိန်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် အပိုင်းများတွင် သုံးသပ်ခြင်း အားနည်းခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ၎င်းကဆိုသည်။

"လူတွေက မေးကြတယ်။ လူကမှားတာလား၊ စက်ကပျက်တာလား၊ ဒီမှာတော့ ထပ်တ လဲလဲ ပြောချင်တဲ့ ကိစ္စက အားလုံးက လူနဲ့ဆိုင်တာချည်းပဲ။ ရာသီဥတုမကောင်းတဲ့အခါ တက်မယ်၊ မတက်ဘူးဆိုတာက လူရဲ့ဆုံးဖြတ် ချက်ပဲ။ ရာသီဥတုက ဆုံးဖြတ်တာမဟုတ်ဘူး" ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

လေယာဉ်ပျံသန်းမှုကို ပြန်လည်စစ်ဆေးရန်အတွက် Black Box စစ်ဆေးမှုရလဒ်များအရ စက်ချို့ယွင်း မှုကြောင့် လုံးဝမဟုတ်ကြောင်းနှင့် သတ်မှတ်ပျံသန်းမှု အမြင့်ပေ၊ လမ်းကြောင်း၊ မိုင်နှုန်း စသည်တို့ အားလုံးသည် လည်း သတ်မှတ်ချက်များအတိုင်းသာဖြစ်သည်ဟု သိရှိရသည်။

ယခု ရှင်းလင်းပွဲသည် Black Box စစ်ဆေးမှု ရလဒ်များကို ထုတ်ပြန်ခြင်း သာဖြစ်ပြီး နောက် ဆုံးစစ်ဆေးတွေ့ရှိချက် ရလဒ်ကို ထုတ်ပြန်ရန်အတွက် လိုအပ်သော စစ်ဆေးမှုများ ဆက်လက်ပြု လုပ်ရဦးမည်ဖြစ်သည်ဟု စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်းက ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်မောင်းနှင်ခဲ့သော လေယာဉ်မှူး၏ လေယာဉ်မောင်းနှင်မှုအတွေ့အကြုံမှာ ၅၉၃၇ ဒသမ ၁၂ နာရီ ရှိနေပြီး တွဲဖက်လေယာဉ်မှူး၏ မောင်းနှင်မှုအတွေ့အကြုံမှာ ၂၅၄၇ ဒသမ ၃၅ နာရီ အတွေ့အကြုံ ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်