Monday, May 20, 2013

ဖက်ဒရယ်ကို လိုချင်လျှင် အမျိုးသားရင်ကြားစေ့ရေးကို မေ့မထားသင့်

Posted by drmyochit Monday, May 20, 2013, under | No comments

ရန်ကုန်၊ မေ ၁၉။

ဖက်ဒရယ်ကို လိုချင်လျှင် အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မေ့မထားသင့်ဟု ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီတွင် ယနေ့ကျင်းပပြုလုပ်သော ဖက်ဒရယ်မူနှင့် တိုင်းရင်း သားတို့၏ အမြင် ဆွေးနွေး ပွဲတွင် ဦးဆောင်ဆွေးနွေးသူ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေး မှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အခုချိန်မှာ တိုင်းပြည်ဟာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ။ ဒီအချိန်မှာ အမျိုး သား ပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး ကို မေ့ထား လို့ မရဘူး”ဟု ယင်းက ပြောကြားသည်။
၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်း စုံညီလာခံကို အခြေခံပြီး ချမှတ်ခဲ့သည့် အချက် ၃ ချက်အရ ပင်လုံ စိတ်ဓါတ် ရှိရန်မှာ အရေးကြီးကြောင်း၊ ယင်း နောက် တိုင်းရင်းသားများအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့် ရှိရေး စသည်တို့ကို ဦးစိုင်းညွှန့်လွင်က ဦးဆောင်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် ပေးထားတယ်ဆိုပေမယ့် လက်တွေ့မှာ လုပ်ကိုင်ဖို့က တော်တော်ခက်တယ်။ ဒီနေရာမှာ ပင်လုံစိတ်ဓါတ်ဆိုတာလည်း လူမျိုးအပေါ်မှာ အခြေခံတာ မဟုတ်ဘူး။ သူက ဒေသကိုပဲ အခြေခံတာ ဖြစ်တယ်” ဟု ယင်းက ရှင်းလင်း ပြောကြားသည်။

၂၀၀၈ အခြေခံ ဥပဒေတွင် ပါသည့် ပြည်နယ်များအား ပေးထားသည့် အာဏာမှာ သတ်မှတ်ပြီး သားများ သာဖြစ်ပြီး ကျန်သည့်အချက် မှန်သမျှ ကို ပြည်ထောင်စုက ယူထားကြောင်း၊ ယင်းတွင် ကျန်းမာရေး၊ ပညာရေး မပါဘဲ ယင်းတို့နှင့် ပတ်သတ်သည့် ဝန်ထမ်းများကိုလည်း ဖြုတ်၍မရ၊ ရွှေ့၍မရ ဖြစ်နေသည်မှာ မဖြစ် သင့်ကြောင်း ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ပြောကြားသည်။

ဆွေးနွေးပွဲ ဖြစ်မြောက်ရန် စီစဉ်ပေးခဲ့သော နိုင်ငံရေး အကျဉ်သားဟောင်းများ အဖွဲ့မှ လုပ်ငန်းကော်မတီဝင် ဦးလှဌေး က “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူကို ကိုယ်စားမပြုတဲ့၊ ပြည်သူတွေ ပါဝင်ရေး ဆွဲ ထားခြင်း မရှိတဲ့ အခြေခံဥပဒေပဲ ဖြစ်ပါတယ်။ အခြေခံ ဥပဒေဆိုတာ အစိုးရနဲ့ ပြည်သူကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်တယ်” ဟု ပြောကြားသည်။

ယင်းဖွဲ့စည်းပုံတွင် အလုပ်သများများ၊ တောင်သူများနှင့် ပတ်သတ်သည့် လုပ်ပိုင်ခွင့်များကို ပြဌာန်းထားခြင်း မရှိသည့် အပြင် တိုင်းရင်းသား အခွင့်အရေးများနှင့် ပတ်သတ်၍လည်း တိတိကျကျ တစ်စုံ တစ်ရာ ပြဌာန်းထားခြင်း ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်သူလူ ထု တစ်ရပ်လုံးကို အကျိုးပြုသည့် ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရန် ဖြည့်စွက်ခြင်း၊ ပြင်ဆင်ရေးဆွဲခြင်းများ ပြုလုပ်ရန်အတွက် ယနေ့ဆွေးနွေး ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း လုပ်ငန်းကော်မတီဝင် ဦးလှဌေးက ပြောကြားသည်။

ယင်းပွဲသို့ စာရေးဆရာများ၊ ရှေ့နေများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ ဒီမိုကရေစီ အင်အား စုမှ ပါတီဝင်များ၊ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်စားသူများမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ရည်မွန်
@ မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်