Tuesday, June 11, 2013

မလေးရောက် မြန်မာနိုင်ငံသားတွေကို အစိုးရက လုံးဝမမေ့ထားဘူးဟု ဦးရဲထွဋ်မှ ပြောကြား

Posted by drmyochit Tuesday, June 11, 2013, under | No comments

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေ လုံခြုံရေးနဲ့ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက်ဖို့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မလေးရှားနိုင်ငံကို စေလွှတ်မှာဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ နှစ်နိုင်ငံညှိနှိုင်းနေတုန်းလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နှစ်နိုင်ငံညှိနှိုင်းနေတယ်ဆိုတော့ အမြန်ဆုံးက ၁-၂ ပတ်အတွင်း ဖြစ်နိုင်လား၊ ၁-၂ ရက်အတွင်းဖြစ်မလား။
“နှစ်ဖက်ညှိနှိုင်းမှုအပေါ် မူတည်တယ်။ သံတမန်ကိစ္စဆိုတော့ ဘယ်နှရက်၊ ဘယ်နှလ ပြောဖို့ ခက်တာပေါ့နော်။ ကျနော်တို့ဘက်ကတော့ အမြန်ဆုံးလုပ်နိုင်အောင် လုပ်နေတာပေါ့။”
ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေပါနိုင်လဲ။
“အတည်မဖြစ်သေးလို့ မတင်သေးတာပါ၊ သိတာနဲ့ တင်ပေးပါမယ်။ ဟိုဘက်ဒီဘက်ညှိနေရသေးတာကိုး။”
အခု မလေးမှာဖြစ်နေတာက သိသလောက် ၁၂ ရက်လောက်ရှိသွားပြီ။ မြန်မာအစိုးရ ကိုင်တွယ်ပုံက နောက်ကျမနေဘူးလား။
ဦးရဲထွဋ်
“နောက်မကျပါဘူး။ မလေးရှားနိုင်ငံကလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုတော့ သူ့နိုင်ငံထဲမှာ ကျနော်တို့လုပ်စေချင်တာကို လုပ်ရတဲ့ သံတမန်နည်းလမ်းအဆင့်ဆင့်ရှိပါတယ်။ အဲအတိုင်းပဲ စဖြစ်ခါစ ပထမဆုံးမှာ သံရုံးက မသိဘူး။ သံရုံးက သိတော့ ၀င်လုပ်တယ်။ မရတဲ့အခါမှာ သတိထောက်လွှာပေးတယ်။ သွားရောက်တွေ့ဆုံ ဆွေးနွေးပြောပြတာ ရှိတယ်။ အခုတခါ ကျန်ကိစ္စတွေဆွေးနွေးဖြေရှင်းနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်ဖို့ လုပ်တယ်။ သူ့စနစ်အတိုင်း သွားတာပါပဲ။”
ပြောစရာတခုဖြစ်တာက မြန်မာအစိုးရက သတိထောက်လွှာပေးပြီး နောက်တနေ့မှာပဲ မလေးရှားမှာ မဆိုင်တဲ့သူတွေရော မလေးရှားရဲက လျှောက်ဖမ်းတာ၊ မြန်မာတွေ ၁၀၀၀ လောက် အဖမ်းခံရတယ်။ ဒါနဲ့ပတ်သက်လို့ရော မြန်မာအစိုးရက ဘယ်လိုကိုင်တွယ်သွားဖို့ ရှိပါလဲ။
“အဓိကက အဲနေရာမှာရှိတဲ့ တရားမ၀င်နေထိုင်သူတွေ မှန်သမျှကို ဖမ်းတာပါ။ အဲလိုလူတွေကပဲ ပြဿနာအများဆုံးဖြစ်ကြတယ်။ အုပ်စုတွေမှာ ဖြစ်ကြတယ်လို့
သူတို့ထင်မြင်လို့ အဲနေရာမှာ သွားဖမ်းတယ်။ မြန်မာနိုင်ငံသားပါသလို ကျန်တဲ့နိုင်ငံသားတွေလည်း ပါတယ်။ ဟိုမှာရောက်နေတဲ့ ဘင်္ဂါလီကလည်း မြန်မာနိုင်ငံသားပါလို့ ပြောတယ်လေ။ ကျနော်သိသလောက် အထောက်အထား ခိုင်လုံသူအများစုကိုတော့ လွှတ်ပေးလိုက်ပြီ။ ၉၀-၁၀၀ လောက်ကျန်တယ်။ နောက် ယူအန်အိတ်ခ်ျစီအာရ်ကထုတ်ပေးတဲ့ လက်မှတ်အတုကိုင်ထားသူတွေကိုလည်း ဖမ်းတယ်ပြောတယ်။ အဲဒါတွေလည်း စိစစ်နေပါတယ်။”
မလေးရှားရောက် မြန်မာအလုပ်သမားတွေ၊ အထောက်အထားမဲ့တွေပေါ့၊ သူတို့ပတ်စပို့တွေလည်း သက်တမ်းကြာသွားတော့ အိုဗာစတေးဖြစ်ကုန်တာပေါ့။ သူတို့တွေကလည်း ပြန်ချင်ကြတယ်။ သူတို့အတွက်ရော မြန်မာအစိုးရက ဘယ်လိုစီစဉ်ထားလဲ။
“ဒါတွေအားလုံး သုံးသပ်စဉ်းစားနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့တခုလွှတ်တာ။ ကိုယ်စားလှယ်အဖွဲ့မသွားခင် ဒါတွေ မှတ်ချက်ပေးလို့မရပါဘူး။”
မလေးမှာရှိနေတဲ့ ခိုကိုးရာမဲ့မြန်မာတွေ၊ တချို့တွေလည်း စိုးရိမ်ထိတ်လန့်နေတဲ့ မြန်မာအလုပ်သမားကလေးတွေကို ဦးရဲထွဋ်တို့ သမ္မတပြောရေးဆိုခွင့်ရှိသူ၊ တာဝန်ရှိသူအနေနဲ့ တစုံတခု မီဒီယာကနေ ပြောပေးပါ။

“သမ္မတကြီးလည်း မကြာခဏပြောပါတယ်။ မိမိတို့နိုင်ငံသားတွေ အားလုံးကို အစိုးရအနေနဲ့ ဘယ်နေရာမှာပဲရောက်နေရောက်နေ ကာကွယ်စောင့်ရှောက်ပေးမယ်။ သို့သော် မြေပြင်မှာရှိနေတဲ့ မလေးရှားသံရုံးနဲ့ လူအင်အားအခက်အခဲကြောင့်သော်လည်းကောင်း၊ ဆက်သွယ်ဆက်ဆံမှု အခြေအနေကြောင့်သော်လည်းကောင်း သူတို့မှာ အခက်အခဲရှိကောင်းရှိနိုင်တယ်။ ဒါတွေကိုလည်း သေချာပြင်ဆင်ပြီး အကူအညီပေးဖို့ ရှိပါတယ်။ မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရအဖွဲ့က သူတို့ကို လုံးဝမမေ့ထားဘူး။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ၊ သံတမန်နည်းလမ်းတွေအရနဲ့ ကူညီပေးဖို့ ဆက်လက်ကြိုးစားနေတယ်။ အကူအညီလိုအပ်ရင် သံရုံးကို ဆက်သွယ်ကြိုးစား၊ အကူအညီတောင်းဖို့ တင်ပြချင်ပါတယ်။”

မလေးရှားမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ မြန်မာ ၆ ဦး ရှိသွားပြီဖြစ်ပြီး အခုထိ သဂြိုဟ်ခွင့်မရသေးဘူးလို့ ကပုန်းနာရေးကုညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။

From:DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်