Monday, July 22, 2013

အချုပ်သားနှစ်ဦးကို ရိုက်နှက်သည့် ထောင်ဝန်ထမ်းကို အင်းစိန်ထောင်ပိုင် အရေးယူသည်ဟုဆို

Posted by drmyochit Monday, July 22, 2013, under | No comments

အချုပ်ကျနေသူနှစ်ဦးကို ရိုက်နှက်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် ထောင်ဝန်ထမ်းတစ်ဦး၊ အင်းစိန်ထောင်ဦးစီးနှင့် အချုပ်ခန်း သူကြီးတို့ကို အချုပ်သားတို့၏ ရှေ့နေက ရဲစခန်းတွင် အမှုဖွင့်လိုက်သည့်နောက် အင်းစိန် ထောင် ပိုင် ချုပ်ကြီးက ထိုကိစ္စကို ထောင်ဥပဒေဖြင့် အရေးယူထားကြောင်း အဆိုပါအချုပ်သားတို့၏ ရှေ့နေက မဇ္ဈိမကို ပြောသည်။

အချုပ်သားတို့၏ရှေ့နေ ဦးအောင်သူရိန်ထွန်းက ဇူလိုင် ၁၈ ရက်က အင်းစိန်မြို့နယ် ရဲစခန်းတွင် သူ့အမှုသည်များထောင်တွင်း၌ ရိုက်နှက်ခံရသည်ဟု အမှုဖွင့်ခဲ့ပြီးနောက် အချုပ်သားကိုရိုက်နှက်သည်ဟု စွပ်စွဲခံရသူ တပ်သား ကိုအေးမင်းအောင်ကို အင်းစိန်ထောင်ပိုင်ချုပ်ကြီးက အရေးယူခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ထောင်ဒဏ်ဘယ်လောက်ချမှတ်တယ်။ ထုတ်ပယ်တာလား။ ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်တယ်ဆိုတာတော့
ထောင်ပိုင်ကြီးကို အင်တာဗျူးမှ သိလိမ့်မယ်ပေါ့။ ကျန်တဲ့ နှစ်ယောက်ကိုတော့ အရေးယူတယ်မယူတယ် မသိရသေးပါဘူး” ဟု သူကဆက်ပြောသည်။

ထောင်ပိုင်ချုပ်ကြီးက ထောင်ဝန်ထမ်းကို ထောင်ဥပဒေ ပုဒ်မ ၅၄(၁)အရ အရေးယူသည်ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသော်လည်း ထိုကိစ္စကို အတည်ပြုရန် ဇူလိုင် ၂၁ ရက်က မဇ္ဈိမက ထောင်ပိုင်ချုပ်ကြီးထံ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

အကျဉ်းထောင်ထဲတွင် ရိုက်နှက်ခံရသည့်သူများမှာ တော်ဝင်သစ်စက်ရုံမှ လုပ်သားများဖြစ်ပြီး ၎င်းတို့သည် စက်ရုံကိုပြန်လည် ဆန္ဒပြရာမှ စတင်တရားစွဲခံရသူများ ဖြစ်ကြပြီး လက်ရှိတွင် ပုဒ်မငါးမျိုးဖြင့် တရားစွဲခံထားရသည်။

သူတို့ကို ထောင်ဝန်ထမ်းနှင့် အချုပ်ခန်းသူကြီးတို့က ရိုက်နှက်ကြောင်း အင်းစိန်ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီးနောက် ဇူလိုင် ၁၉ ရက် တွင် ရှေ့နေ ကိုအောင်သူရိန်ထွန်း၊ တရားလိုပြသက်သေ ကိုသူဇော်ကြည်ဝင်းနှင့် အင်းစိန်ရဲစခန်းမှူးတို့ကို အင်းစိန်ထောင်ပိုင်ချုပ်ကြီးက ခေါ်ယူတွေ့ဆုံပြီး ယခုကိစ္စကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးထံ တင်ပြထားကြောင်း ပြောသည်ဟု ရှေ့နေက ပြန်လည် ပြောကြားသည်။

“ထောင်ပိုင်အနေနဲ့က သူ့အနေနဲ့ ဒီလိုကိစ္စမျိုးတွေကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး၊ နောက် သူ့ထောင်မှာ ဒီလိုဖြစ်ရတဲ့အတွက်လည်း ဝမ်းနည်းတယ်ပြောပါတယ်” ဟု ကိုအောင်သူရိန်ထွန်းက ဆက်ပြောသည်။

ယခုကိစ္စအပေါ် နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးသူ ၈၈ မျိုးဆက်ကျောင်း သား ကိုမြအေးက “ထောင်ကျလာတဲ့သူတွေက ယူနီဖောင်းမြင်တာနဲ့ ကြောက်နေတာ။ ဒီလိုကြောက်နေတဲ့ သူတွေပေါ် မှာ ဗိုလ်ကျစိုးမိုးတာ။ ရိုက်တာ နှက်တာ မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ အခုခေတ်မှာတော့ ထောင်ပိုင်ကြီးအနေနဲ့ အရေးယူမှု တစ်စုံတစ်ရာအရေးယူပေးတယ်ဆိုတာ ကောင်းတဲ့အလားအလာပဲလေ” ဟု မှတ်ချက်ပြုသည်။

ယခင်က ထိုကဲ့သို့ ထောင်ဝန်ထမ်းကို အရေးယူမှု မရှိသလောက်ရှားသည်ဟုလည်း ကိုမြအေးကဆိုသည်။

ထောင်ပိုင်ချုပ်ကြီးက ထောင်ဥပဒေအရအရေးယူသည်ဟုဆိုသော်လည်း ရှေ့နေ ကိုအောင်သူရိန်ထွန်းကမူ သူ့အမှုသည်များ ကိစ္စကို ရာဇသတ်ကြီးဥပဒေအရလည်း ဆက်လက်တရားစွဲဆိုမည်ဟုဆိုသည်။

ယခုအမှုကို အမှုဖွင့်ထားသည့် အင်းစိန်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ရုံးပိတ်ရက်ဖြစ်နေသောကြောင့် စုံစမ်းစစ်ဆေးခြင်းများ မပြုလုပ်ရသေးဘဲ ရုံးဖွင့်ရက်မှသာ ဆက်လက်ဆောင်ရွက်မည်ဟု စခန်းမှူးက မဇ္ဈိမကို ပြောသည်။

သိင်္ဂီထွန်း | မဇ္ဈိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်