Friday, July 26, 2013

မတရားသဖြင့်ခံနေရသောပြည်သူများ ပျော်ရွှင်စေရန် အဓိကလိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက အသစ်နှင့် ပြည်သူ များကို မှာကြားလို

Posted by drmyochit Friday, July 26, 2013, under | No comments



မြေပြင်မှာ ပြည်သူကို မိဘပါလို့ပြောတယ်။

ဒါပေမဲ့အနိုင်ကျင့်ခံနေရတာပဲ။

 ပြည်သူတွေအနေနဲ့ကလည်း မိမိဆန္ဒနဲ့မကိုက်ညီသမျှ

ဆန္ဒပြနေမယ် ဆိုရင်တော့ မဖြစ်ဘူး . . .

နေပြည်တော်၊ ဇူလိုင် ၂၅



 ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်သည် ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသို့ လွှဲပြောင်းရတော့မည် ဖြစ်ရာ ကျန်ရှိသောသက်တမ်း ၂ နှစ်ခွဲအတွင်း ပြည်ထောင်စု လွှတ်တော်နာယကအသစ်နှင့် ပြည်သူများ အတွက်မှာကြားလိုသောဆန္ဒမှာ “မတရားအနိုင်ကျင့်ခံနေရသော ပြည်သူများသည် ပျော်ရွှင်စေရန်အတွက် သာလိုလားကြောင်း” မြန်မာသံတော်ဆင့်၏ သဘောထားမေးမြန်းမှုကို ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးပြည်ထောင်စုလွှတ်တော်နာယကအဖြစ် သက်တမ်း ၂ နှစ်ခွဲထမ်းဆောင်ခဲ့ရ သည်မှာ ကျေနပ်ဖွယ်ရာဖြစ်ကြောင်း ဦးခင်အောင်မြင့်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဦးခင်အောင်မြင့်ကို မကြာမီတာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုလွှတ်တော်နာယက အသစ်ဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် ပြည်သူများအားလုံးအတွက် မှာကြားလိုသောစကားပြောကြားပေးပါရန် မြန်မာသံတော်ဆင့်က မေးမြန်းခဲ့ရာ ဦးခင်အောင်မြင့်က

““ဒီလွှတ်တော်အရတော့ အဲဒီဥပဒေရေးရာနဲ့ ဥပဒေပြုရေးနဲ့ပတ်သက်လို့ လုံးပန်းနေ ဘာညာဆိုပေမယ့် လက်တွေ့မြေပြင်မှာ ပြည်သူကို မိဘပါလို့ပြောတယ်။ ဒါပေမဲ့ အနိုင်ကျင့်ခံနေရတာပဲ။ မတရားသဖြင့် အနိုင်ကျင့်ခံရတယ်။ အုပ်ချုပ်ရေးအရသော်လည်းကောင်း၊ တရားစီရင်ရေးအရ သော်လည်းကောင်း မဖြစ်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒါမဖြစ်တော့ဘူးဆိုရင် ပြည်သူက ပျော်ရွှင်သွားမှာ။ ပြည်သူပျော်ရွှင်ခြင်းစံနှုန်းနဲ့ တိုင်းတယ်ဆိုရင် တချို့ကအခုမှမဟုတ်ဘူး။ ဗိုလ်ချုပ် အောင်ဆန်းရှိကတည်းက ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာရှိတယ်။ တိုင်းပြည်ပြု လွှတ်တော်မှာ Greatest happinest for the greatest number of people. ဒါက ၀ါဒတစ်ခုအနေနဲ့ရှိခဲ့ဖူးတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းက တော်တော်ကိုဗဟုသုတပြည့်တာ။ တော်တော်နှံ့နှံ့စပ်စပ်သိတာ။ ဆိုတော့ အဲဒီလိုဖြစ်အောင် ပြည်သူအားလုံးပျော်ရွှင်ချမ်းမြေ့အောင် ကြိုးစားရမယ်။ ပြည်သူတွေအနေနဲ့ကလည်း ဒီမိုကရေစီစနစ်နဲ့ မင်းမဲ့စရိုက်နဲ့ပေါ့ ဒါကို ခွဲခြားနားလည်ဖို့လိုပါတယ်။ ဒါကိုခွဲခြားနားမလည်လို့ရှိရင် မိမိဆန္ဒနဲ့မကိုက်ညီသမျှ ဆန္ဒပြနေမယ်ဆိုရင်တော့မဖြစ်ဘူး။ မိမိဆန္ဒနဲ့ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီ သည်ဖြစ်စေ ဥပဒေတစ်ရပ်ဖြစ်လာရင်တော့ လိုက်နာရမှာပဲ။ နောက်တစ်ခုကတော့ အထူးသဖြင့်ကတော့ ကောလာဟလကိုမယုံဖို့ပေါ့””ဟူ၍ ၄င်း၏သဘောထားကို ပြောကြားခဲ့သည်။

ဦးခင်အောင်မြင့်သည် ယခင်နယက အစိုးရ၏ တစ်ဦးတည်းသောအစိုးရအဖွဲ့ဝင် ၀န်ကြီးအဆင့်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး အမျိုးသားလွှတ်တော် စတင်ကျင်းပစဉ်တွင် ကန့်ကွက်သူမရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်တမ်း ၅ နှစ်၏ ပထမသက်တမ်း ၂ နှစ်ခွဲကို ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ထမ်းဆောင် ခဲ့ရခြင်းဖြစ်ရာ ယခုရက်ပိုင်းအတွင်း ပထမသက်တမ်း ၂ နှစ်ခွဲပြည့်မြောက်တော့မည်ဖြစ်သည်။

Myanmartandawsint Newspaper

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်