Friday, July 26, 2013

ရခိုင်ပြည်နယ်အတွင်း ဗုံးခွဲမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေ

Posted by drmyochit Friday, July 26, 2013, under | 1 comment


ကျောက်ဖြူမြို့အတွင်း စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအား ဗုံးခွဲမည်ဟု သတင်းတစ်ရပ် ထွက်ပေါ်ခဲ့သဖြင့်  ကျောက်ဖြူမြို့ရှိနေရာအနှံ့အပြား၌  လုံခြုံရေးများချထားကြောင်း ကျောက်ဖြူမြို့ခံများထံမှ သိရှိရသည်။

“လုံခြုံရေးတွေက ဇူလိုင်လ ၂၃ ရက်နေ့ကပင် ကင်းလှည့်တယ်၊ ကျွန်တော်တို့ သိတာက မနေ့ကဘဲ သိတယ်၊  အခုလက်ရှိ  အစ္စလာမ်ဘာသာဝင် တစ်ယောက်တော့ ဖမ်းတယ်လို့ သိရတယ် ၊ ဖမ်းတာက လဝက အမှူနဲ့လို့ သိရတယ်’’ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

 ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျောက်ဖြူမြို့ လူနေထူထပ်သည့်နေရာများတွင် ဗုံးခွဲမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည့်အတွက် စာသင်ကျောင်းအချို့ကို တစ်ရက်တာ ပိတ်ထားလိုက်ရခြင်းဖြစ်သော်လည်း အဆိုပါသတင်းထွက်ပေါ်ခဲ့သည့် သတင်းရင်းမြစ်ကိုမူ မသိရှိချေ။

 “ကျောက်ဖြုမြို့မှာ အထင်ကရနေရာတွေကို ဗုံးခွဲမယ်ဆိုပြီး သတင်းတစ်ခုထွက်ပေါ်လာတာကြောင့် မနေ့က စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရတယ်၊ စာသင်ကျောင်းတွေ လူစည်ကားတဲ့နေရာတွေမှာ ဗုံးခွဲမယ်ဆိုပြီး သတင်းတစ်ခု ထွက်လာတဲ့အတွက် လုံခြုံရေးအဖွဲ့တွေ့က စာသင်ကျောင်းများ ဈေးရောင်းနေတဲ့ သူတွေကို ဖယ်ခိုင်းတယ်၊ အန္တာရယ် တစုံတရာဖြစ်လာတယ်ဆိုလို့ရှိရင် သူတို့အတွက် တာဝန်မယူဆိုတဲ့ အကြောင်းတွေ ပေါ့’’ ဟုကျောက်ဖြူမြိုခံတစ်ဦးက ပြောသည်။

အဆိုပါ သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ ကျောက်ဖြူရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယခုကဲ့သို့ ဖြေကြားခဲ့သည်။

 “ကျောက်ဖြူမှာဗုံးခွဲမယ်ဆိုပြီး သတင်းထွက်ပေါ်တာ မဟုတ်ပါဘူးခင်ဗျား၊ သံသယရှိတဲ့သူကို ဖမ်းဆီးထား တာလည်း မရှိပါဘူး’’ ဟု ကျောက်ဖြူရဲစခန်းမှ တာဝန်ရှိသူက ဖြေကြားခဲ့သည်။

သို့သော် အဆိုပါသံသယရှိသူအား ကျောက်ဖြူ ငလပွေ့ဆိပ်ကမ်း၌ ဖမ်းဆီးရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဇူလိုင်လ(၂၅)ရက်နေ့ ကျောက်ဖြူမြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည်ဟု ကျောက်ဖြူဒေသခံများထံမှ သိရသည်။

အလားတူစစ်တွေမြို့၌လည်း ယင်းသို့ သတင်းထွက်ပေါ်မှုများရှိနေရာ စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ ရဲအရာရှိတစ်ဦးအား ဆက်သွယ်ရာ ယခုကဲ့သို့ဆိုသည်။

”သတင်းကတော့ မျိုးစုံထွက်နေတာဘဲလေ၊ ဟုတ်တာလည်း ပါမယ်၊မဟုတ်တာလည်း ပါမယ်၊ အခုကျွန်တော် တို့ရဲတပ်ဖွဲ့တွေ လုံခြုံရေးအဖွဲ့တွေ တိုးချထားပါတယ်၊  ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင် အတတ်နိုင် ဆုံး ကာကွယ်ထားပါတယ်’’ဟု စစ်တွေအမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

အိန္ဒိယနိုင်ငံ ဘီယာပြည်နယ် ဗုဒ္ဒဂယာတွင် ဗုံးခွဲမှုနောက် ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်သူအချို့က  ဗုံးခွဲမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပေါ်မှု တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဘင်္ဂလီဒုက္ခသည်စခန်းများတွင် ဝန်ထမ်းများအား တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ လက်ရှိတွင် ပဋိပက္ခထပ်မဖြစ်ရအောင် ရခိုင်ပြည်နယ်တွင် ရဲအင်အား ၆ထောင် ချထားသလို တစ်ချို့နေရာများတွင် လုံခြုံရေးကင်းများချထားရဆဲဖြစ်သည်။

ဇူလိုင်လ ၉ရက်နေ့တွင် ရန်ကုန်မြို့ နိုင်ငံခြားဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက ဘင်္ဂါလီများနေထိုင်သည့် နေရာများတွင် လုံခြုံရေးအပြည့်အဝချထားပြီး ရခိုင်နှင့်ဘင်္ဂါလီ တစ်ဖက်နှင့် တစ်ဖက်သွားလာခွင့် ခွင့်ပြုထားခြင်းမရှိဟု ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့်  ကောလဟာလ သတင်းမျိုးများ ထွက်ပေါ်လာမှုကို ထိန်းချုပ်ရန် ခက်ခဲ သော်လည်းဖြစ်စဉ်အချို့ကိုမူ  အမြဲတမ်းထုတ်ပြန်လေ့ရှိသည်။

From: မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

1 comments:

ဘာပဲဖြစ်ဖြစ် လျော့မတွက်ကျပါနဲ့ 

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်