သမ္မတဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် Burma Campaign UK အဖွဲ့က ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် မတွေ့ဆုံမီ ဇူလိုင် ၁၄ ရက်က ဗြိတိန်ဝန်ကြီး ချုပ် နေအိမ်အနီး၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်နှင့် Burma Campaign UK အဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦးခန့်က ထိုသို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့ ဆန္ဒပြမှုတွင် ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် သတ်မှတ်ရေးအား အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံတွင်းရှိ ဘင်္ဂါလီများ လူ့အခွင့်အရေး တန်းတူရရှိရေးတို့ကို တောင်းဆိုဆန္ဒ ပြခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်တွင်းစစ် ရပ်စဲရေးတို့ကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ကြသည်။
အလားတူ ဇူလိုင် ၁၅ ရက်က လန်ဒန်မြို့တွင် မြန်မာများနှင့် တွေ့ဆုံစဉ် ဟိုတယ်၏ အပြင်ဘက်တွင် မြန်မာလေးဦးနှင့် နိုင်ငံခြားသား သုံးဦးတို့က ကချင်ပြည်နယ် ပဋိပက္ခနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ ဆန္ဒပြခဲ့သည်။
ထို့ပြင် သမ္မတဦးသိန်းစိန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် အပြည်ပြည်ဆိုင်ရာ အဖွဲ့ဖြစ်သည့် Avaaz ကလည်း ဆန္ဒပြခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်က သမ္မတ ဖြစ်လာခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာနှင့် အထီးကျန် ဝေးကွာနေသော မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ ပြန်လည်ဝင်ဆံ့ရန် ဆက်လက်ကြိုးပမ်းနေချိန်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခြင်း ဖြစ်သည်။
From: Eleven
Time in Rangoon


0 comments:
Post a Comment