Saturday, August 03, 2013

မူးယစ်ဆေးဖမ်းရာက လက်နက်များပါ ဖမ်းမိ

Posted by drmyochit Saturday, August 03, 2013, under | No comments


ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ရဲများက မူးယစ်ဆေးဝါးများဖမ်းဆီးစဉ် လက်နက် ခဲယမ်းများ ပါဖမ်းမိ သည့် ဖြစ်ရပ် တစ်ခု ဇူလိုင် ၃၀ ရက်ကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၎င်းတို့၏ အင်တာနက် လူမှု ကွန်ယက်မှ တဆင့် သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲများက ဘားအံမြို့နယ် အိန္ဒုကျေးရွာအုပ်စုရှိ သရက်ကုန်းရွာမှ ဒေါ်စိန်လေး၏ အိမ်ကို ၀င်ရောက်ရှာဖွေရာမှ ထိုသို့ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါနေအိမ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၆ ပြားရှာဖွေတွေ့ ရှိခဲ့ပြီးထိုဆေးပြား များသည် တန်ဖိုးအားဖြင့် ငွေကျပ် နှစ်သိန်းသုံးသောင်းခန့်တန်ကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုဆေးပြားများသည် အိန္ဒု-ဇာသပြင် ကားလမ်းဘေးရှိ ဖဒိုအောင်ဆန်း ဘုရားကုန်းရွာမှ ကိုအ၀င်း(ခ) ကိုအောင်ပိုင်နှင့် သူ၏အကိုဝမ်းကွဲ စောပေါင်းနောင်း(ခ)ကိုဖိုးနောင်းထံမှ ၀ယ်ယူထားခြင်းဖြစ်ကြောင်း အိမ်ရှင်ကထွက်ဆိုခဲ့သည်ဟု လည်း ထုတ်ပြန်ထားပါသည်။

ထို့ကြောင့်ရဲများက ကိုအ၀င်း၏ အိမ်သို့သွားရောက်ရှာဖွေရာ ထိုသူကနေအိမ်မီးဖိုချောင်မှ ပစ္စတိုသေ နတ်ဖြင့်နှစ် ချက် ပစ်ခတ်ကာ ခုန်ချထွက်ပြေးသွားကြောင်း၊ ရဲများက ခြောက်လှန့် ပစ်ခတ် ဖမ်းဆီးသော် လည်း ထိုသူ လွတ်မြောက် သွားခဲ့ သည်ဟု ရဲဌာနကဆိုသည်။

သို့သော် ၎င်း၏နေအိမ်ကို ရဲများက၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများမတွေ့ရသော်လည်း ဒေသ လုပ်ယမ်းထောင့် တူမီး သေနတ်တစ်လက်၊ ကိုးမီလီမီတာ ပစ္စတိုကျည်နှစ်တောင့်တို့ကို ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်ဟုလည်း ဆိုသည်။

ထို့နောက် ရဲများကကိုအ၀င်း၏အကို ၀မ်းကွဲစောပေါင်းနောင်း၏ အိမ်သို့ ဆက်လက်ရှာဖွေရာ မူးယစ်ဆေးများကို မတွေ့ရသော်လည်း ကာဘိုင်သေနတ် လေးလက်၊ ဒသမ ၃၀ ကျည် ၂၄ တောင့်၊ ကျည်အိမ်နှစ်ခု၊ M-16 မောင်းပြန်သေနတ် တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၂၃၀ တောင့်၊ ကျည်အိမ် အရှည်ခုနစ်ခု၊ အတို ၁၀ ခု၊ ကိုးမီလီမီတာ ပစ္စတို တစ်လက်၊ ထိုသေနတ်ကျည် ၁၈ တောင့်၊ ကျည်အိမ် နှစ်ခုတွေ့ရှိခဲ့ သည်ဟု ရဲဌာနက အသေးစိတ်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ပွိုင့် ၂၂ သေနတ်နှစ်လက်၊ ယင်းသေနတ်တွင် သုံးသည့်ကျည် ၁၈၀ တောင့်၊ ကျည်အိမ်နှစ်ခု၊ လေ သေနတ် တစ်လက်၊ ၄၀ မီလီမီတာ ဗုံးသီး ၁၀ လုံးနှင့် M-16 မောင်း ပြန်ပြောင်းပို တစ်ခုတို့ကို ထပ်မံသိမ်း ဆည်းရမိသည်ဟုလည်း ရဲဌာနက ဆိုသည်။

ထိုသို့ ရှာဖွေတွေ့ရှိပြီးနောက် ရဲများက စုံစမ်းတွေ့ရှိချက်များအရ နောင်အီပုံရွာမှ ဒေါ်လှရင်အေး၏ အိမ်သို့
ဆက်လက်ဝင်ရောက် ရှာဖွေရာ တန်ဖိုးအားဖြင့်ကျပ်သုံးသိန်းနီးပါးတန်သည့် WY စာတန်းပါ စိတ်ကြွဆေးပြား ၉၈ပြားကို ဖမ်းမိခဲ့သည်ဟုလည်း ဆိုသည်။

ရဲများသည် အဆိုပါဆေးပြားများကို ထိုတစ်ရွာတည်းမှ ကိုသောင်းငြိမ်းထံမှ ၀ယ်ယူထားခြင်းဖြစ်သည်ဟု ထပ်မံသိရှိပြန်သဖြင့် ၎င်း၏ အိမ်ကိုသွားရှာရာ တူမီးသေနတ်တစ်လက်နှင့် ခဲသီးများယမ်းမှုန့်များတွေ့ရှိ သဖြင့် သိမ်းဆည်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရဲများက အဆိုပါဖမ်းဆီးရမိသည့်အမှုများနှင့်ပတ်သက်၍ ဒေါ်စိန်လေး၊ ကိုအ၀င်း နှင့်စောပေါင်းနောင်းတို့ သုံးဦးကို အိန္ဒုနယ်မြေရဲစခန်းတွင် အမှုအမှတ် မူးယစ်(ပ)၉/ ၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှုပုဒ်မ ၁၅/ ၁၆(ဂ)/၁၉(က)/၂၀(က)/၂၁ဖြင့် တရားစွဲမည်ဖြစ်ကြောင်း ရဲဌာနက ထုတ်ပြန်သည်။

ဒေါ်လှရင်အေးနှင့် ကိုသောင်းငြိမ်းတို့ကိုလည်း အမှုအမှတ် မူးယစ်(ပ)၁၀/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှုဆိုင်ရာ ဥပဒေ ၁၅/၁၆(ဂ)/၁၉(က)/၂၀(က)/၂၁ ဖြင့် လည်းကောင်း၊ လက်နက် ပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်းတရားစွဲမည်ဖြစ်သည်ဟု ရဲဌာနကဆိုသည်။

ကိုအ၀င်းကို အမှုအမှတ် (ပ) ၃၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး လက်နက်(ယာယီ) ပြင်ဆင်ချက် ဥပဒေပုဒ်မ ၁၉ (က)ဖြင့် တရားစွဲမည်ဟုလည်း ရဲဌာနက ထုတ်ပြန်ချက်အရ သိရှိရသည်။

From : ..mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်