Wednesday, August 21, 2013

နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ဝင် အင်အားကို အသင့်ပြင်ဆင်ထားပြီး လုံခြုံရေး သတိထား လုပ်ဆောင်ရန် ညွန်ကြား

Posted by drmyochit Wednesday, August 21, 2013, under | No comments



ယခုနှစ် ဇူလိုင်လအတွင်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

မြန်မာနိုင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များ အနေဖြင့် ယခင်ကထက် ပိုမိုသတိထား ဆောင်ရွက်ရန် ညွှန်ကြားထားပြီး နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ထားကြောင်း သြဂုတ် ၂၀ ရက် နံနက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနနှင့် နယ်စပ်ဒေသမှ လုံခြုံရေး တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ ဗုံးဖောက်ခွဲရန် ကြံစဉ်နေသည့် သတင်းများ၊ အကြမ်းဖက်သမားများ ပြည်တွင်းသို့ ရောက်ရှိနေသည့် သတင်းများနှင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာအချို့တွင် ပြည်တွင်း၌ တာလီဘန် အကြမ်းဖက်သမားများ စစ်သင်တန်းတစ်ခု ဖွင့်ထားသည်ဟု သတင်းများ ထွက်ပေါ်နေမှုများကြောင့် ပြည်တွင်းလုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း သိရသည်။

ချင်းပြည်နယ် မင်းတပ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး မျိုးအောင်က "အခုလတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်နေပါတယ်။ မင်းတပ်ခရိုင်ထဲမှာဆိုရင် ပလက်ဝမြို့နယ်က နယ်စပ်နဲ့ ထိစပ်နေတဲ့အတွက် သက်ဆိုင်ရာ နယ်မြေခံတပ်တွေ၊ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီးတော့ သတင်းဦးစွာ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေတယ်။ ရဲတပ်ဖွဲ့ဝင် အင်အားကို အသင့်ပြင်ထားတဲ့အပြင် လက်နက်ခဲယမ်း အပြည့်အစုံကိုလည်း အသင့်ပြင်ထားပါတယ်။ ဒါ့အပြင် ရဲစခန်းတွေမှာလည်း ကတုတ်ကျင်းတွေ လုပ်ထားပါတယ်။ လှည့်ကင်း၊ ၀ပ်ကင်း၊ ပတ်ကင်းတွေကိုလည်း ဆောင်ရွက်နေပါတယ်" ဟု သြဂုတ် ၂၀ ရက်က မင်းတပ်ခရိုင်အတွင်း လုံခြုံရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည့် ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ဗုံးဖောက်ကွဲမည်ဟု သတင်းများ ထွက်ပေါ်နေမှုများကြောင့် သြဂုတ် ၆ ရက်မှ စတင်၍ လုံခြုံရေး တိုးမြှင့်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့အပြင် ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးလှမိုးက "နယ်စပ်တစ်လျှောက် ပြေးဆွဲနေတဲ့ ခရီးစဉ်အချို့တွေထဲက လားရှိုး-မြစ်ကြီး နားခရီးစဉ်ကိုတော့ ပိုပြီးဂရုစိုက် ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်" ဟု သြဂုတ် ၂၀ ရက် နံနက်က ပြောကြားသည်။

ရှမ်းပြည်နယ်တွင်လည်း အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်နိုင်ရန် ဖြစ်နိုင်ဖွယ် ရှိနေသဖြင့် အရေးပေါ်ကာလအဖြစ် သတ်မှတ်ကာ ကာကွယ်တားဆီးနိုင်ရန်အတွက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားပြီး အချို့နေရာများ၌ စီစီတီဗီ ကင်မရာများ တပ်ဆင်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးဝင်းထွန်းက သြဂုတ် ၂၀ ရက် မွန်းလွဲက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က "တိုင်းနဲ့ပြည်နယ် အသီးသီးကိုတော့ လုံခြုံရေးအပိုင်းကို အရင်ကထက် ပိုမိုသတိထားပြီးတော့ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" ဟု ပြောကြားသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်