Wednesday, August 28, 2013

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် အုတ်ဂူအား မြေးများက ပြုပြင်ရန် တောင်ကြီးစည်ပင်သို့ ခွင့်ပြုချက်တောင်းခံ

Posted by drmyochit Wednesday, August 28, 2013, under | No comments



ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် အုတ်ဂူအား တွေ့ရစဉ်။ ဓာတ်ပုံ - မြဝန်းရံ

တောင်ကြီး ၊ သြဂုတ် ၂၇ ။         ။ ဦးကျော်သူ (နာရေး ကူညီမှု အသင်း၊ ရန်ကုန်)က စော်ဘွားကြီး အုတ်ဂူသို့ သွားရောက်ကာ မှတ်တမ်း တင်သည့် ဩဂုတ် ၂၄ ရက်ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ (စာ-၁၇) သတင်းကို ဖတ်ပြီးနောက် တောင်ကြီးမြို့ ချမ်းသာ ရပ်ကွက်အတွင်း တည်ရှိ နေသော ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် အုတ်ဂူအား မြေး တော်စပ်သူ များက ဝိုင်းဝန်း ပြုပြင် မွမ်းမံ လိုသဖြင့် မန္တလေးမြို့မှ ဩဂုတ်၂၅ ရက်က ရောက်ရှိ လာကြောင်း သိရသည်။

မန်တလေးမြို့တွင် နေထိုင် သောမြေးဖြစ်သူ ဒေါ်မြင့်မြင့် ၇၀ နှစ်နှင့် မြစ်ဖြစ်သူ ဒေါ်နန်းသူဇာ အောင်တို့က တောင်ကြီးမြို့သို့ စော်ဘွားကြီး အုတ်ဂူအား မွမ်းမံရန် ရောက်ရှိ လာခြင်း ဖြစ်ပြီး တောင်ကြီးမြို့ စည်ပင် ဌာနသို့ ခွင့်ပြုချက် တောင်းခံ ထားသည်ဟု ကာယကံရှင်များက ပြောကြားသည်။  စော်ဘွားကြီး၏မြေးများ ဖြစ်သော တောင်ကြီးမြို့နေ ဒေါ် သိန်းသိန်း(ခ) ဒေါ်စောကြည်သိန်း ၇၈နှစ်၊ ဒေါ်ခင်ဦး ၆၆ နှစ်တို့နှင့်လည်း တွေ့ဆုံကြပြီး ၎င်းတို့ အနေဖြင့် ယခု ကဲ့သို့ မထင်မရှား ဖြစ်နေသော ဂူအား အုတ်တံတိုင်း ကာရံ ထိန်းသိမ်း လိုကြောင်း သိရ သည်။

စော်ဘွားကြီး၏  မြစ်တစ်ဦး က ''နိုင်ငံတော်က သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ အသိအ မှတ်ပြုတဲ့ နေရာ တစ်ခု ရွှေ့ပြောင်း ပေးနိုင်ရင်လဲ ကောင်းမယ်။ အစက နေရာ အကျယ်ကြီး။ အခုတော့ အိမ်တွေကြားထဲ အိမ်သာတွေက အမြင့်က ဖြစ်နေပြီ။ နောင်ဆို လုံးဝပျောက် မသွားဘူး မပြော နိုင်ဘူး။ သပ်သပ် ရပ်ရပ် သီးသန့် နေရာလေး ပြောင်းရွှေ့ပေးရင်လဲ ကောင်းမယ်လို့ ထင်ပါတယ်''ဟု ၎င်း၏ ဆန္ဒကို ပြောကြားသည်။

စော်ဘွားကြီး မကွယ်လွန် မီအထိ နိုင်ငံတော် အစိုးရ(သမ္မတကြီး စဝ်ရွှေသိုက်)က ထောက်ပံ့ ငွေ လစဉ် ၅ဝဝ ကျပ် ပေးခဲ့ကြောင်း၊ ကွယ်လွန်သော အခါလည်း နိုင်ငံတော် ဈာပနအဖြစ် တာဝန် ပေးခဲ့ကြောင်း၊ နာရေးကူငွေ ၅၀၀၀ ကျပ် ပေးခဲ့ပြီး ခုနစ် ရက်လုံး ဧည့် ပရိသတ် များကို ဧည့်ခံသည် အထိ တာဝန်ယူ ပေးခဲ့ကြောင်း မြေးဖြစ်သူ ဒေါ်ခင်ဦးက ပြောပြသည်။ ထိုစဉ်က သူမမှာ စော်ဘွားကြီးနှင့် အတူ နေရပြီး အသက်၁၃ နှစ်သာ ရှိသေး သည်ဟု သိရသည်။
စည်ပင်က ခွင့်ပြုပါက ပြုပြင် ရန်မြေး သုံးဦးက ငွကျေပ် ၁၁ သိန်း မတည် ထားသည်ဟု သိရသည်။


မြဝန်းရံ
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်