Wednesday, August 28, 2013

ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူများမှ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် ဆန္ဒပြ

Posted by drmyochit Wednesday, August 28, 2013, under | No comments

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမြင့်အောင်)

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် စုဝေးခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို အမြန်ဆုံး ဖျက်သိမ်းပေးရန် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသော လူအများစု ပါဝင်သည့် လူ ၃၀ ခန့်သည် သြဂုတ် ၂၇ ရက်၊ မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

လယ်သမားအရေး လှုပ်ရှားမှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူများ၊ အလုပ်သမားအရေး လှုပ်ရှားမှုကြောင့် တရားစွဲဆို ခံထားရသူများ၊ လက်ပံတောင်းတောင်အရေး လှုပ်ရှားသူများ၊ ငြိမ်းချမ်းရေးအတွက် လိုင်ဇာသို့ ခရီးရှည် လမ်းလျှောက်သဖြင့် တရားစွဲဆို ခံထားရသူများနှင့် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူများမှ ဦးဆောင်ကာ လူဦးရေ ၃၀ ခန့်သည် မြေနီကုန်းရှိ လောကနတ် လက်ဖက်ရည်ဆိုင်မှ စတင်ကာ စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်တို့ကို ဖြတ်သန်းပြီး မဟာဗန္ဓုလ ပန်းခြံရှေ့ထိ ပုဒ်မ ၁၈ အား ဖျက်သိမ်းပေးရေး စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ပုဒ်မ ၁၈ အား ဖျက်သိမ်းပေးရန်၊ ပုဒ်မ ၁၈ ဖြင့် မတရားဖမ်းဆီး အကျဉ်းကျ ခံထားရသူများအားလည်း အမြန်ဆုံး လွှတ်ပေးရန်တို့ကိုလည်း ကြွေးကြော်တောင်းဆို ခဲ့ကြသည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉၇ မှာ နည်းဥပဒေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ခြင်း မရှိစေရဆိုတဲ့ အချက်ပါထားပေမယ့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို နည်းဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုနေတာက ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ကျွန်တော်တို့အတွက် သံသယ ဖြစ်စေပါတယ်။ အဲဒီအတွက်ကြောင့် ဆန္ဒထုတ်ဖော်တာပါ။ နောက်ပြီး ကျွန်တော်တို့ဟာ သမ္မတ၊ လွှတ်တော်နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတာ မဟုတ်တော့ ကျွန်တော်တို့ရဲ့ အသံတွေကို လမ်းပေါ်ကနေပဲ ပြောနိုင်ပါတယ်။ အဲဒီအပေါ်မှာ လိုက်လျောပေးခြင်း၊ မလိုက်လျောပေးခြင်းကတော့ လွှတ်တော်များနဲ့သာ သက်ဆိုင်ပါလိမ့်မယ်" ဟု ငြိမ်းချမ်းရေးအတွက် လိုင်ဇာသို့ လမ်းလျှောက်သောကြောင့် အလုံမြို့နယ်မှ တရားစွဲဆိုခြင်း ခံရသူ ကိုစည်သူက ပြောကြားသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်